မတင်​​ရွှေ ၁၂မှ၂၀ထိ

นาย มังกร ชัยชะนะวรรณ์ with ဒီ ဒီး and 49 others
5 mins ·
More options
("မတင်ရွှေသို့သတိရခြင်း ၁၂")

မတင်ရွှေရေ....
မကြာခင်မှာပဲ
မိုးအကုန်ဆောင်းအကူးအောက်တိုဘာဟာ
ရွေ့မျောသေဆုံးသွားတော့မယ် ။

နှင်းမှုန်တွေစိုလူးနေတဲ့မနက်ခင်းတွေ
နိုဝင်ဘာတိမ်တစ်အုပ်ကိုကိုက်ချီပျံသန်းရင်း
ဆောင်းပန်းပုကိုပီပီပြင်ပြင်ထုဆစ်တော့မယ် ။

ဘာအကြောင်းကစပြောရမလဲ
ဘာမှမပြောပဲနှုတ်ဆိတ်နေလည်း
မတင်ရွှေကိုလွမ်းတဲ့အကြောင်းပါပဲ ။
အချစ်ဆိုတာ
ကွမ်းယာဝါးရသလိုပါပဲ
အရေမရအဖတ်မရနဲ့
အာညောင်းတာပဲအဖတ်တင်တယ်
ဒါပေမယ့်လည်း
မူးသလိုလိုဝေသလိုလို
ရှတတအက်ကွဲကွဲရသကလေးကိုပဲ
လူတွေစွဲလန်းနှစ်ခြိုက်နေရတာပါ ။
အချစ်မှာလဲအဲဒီလိုပါပဲကွဲ့
လွမ်းသလိုလိုဆွေးသလိုလို
နွမ်းသိမ့်ဝေခံစားချက်ကလေးတွေ
ခံစားရတာပါပဲ ။
ကွမ်းယာစားပြီးရင်တော့
နှုတ်ခမ်းကလေးတွေရဲပြီးကျန်ခဲ့တယ်
အချစ်ကိုခံစားပြီးရင်တော့
နှလုံးသားတွေအလဲအကွဲနဲ့
ဘဝမှာ....
မင်နီတွေရဲခနဲဖြစ်ကျန်ခဲ့တယ် ။

ငါဟာကွမ်းမစားတတ်ပါဘူး
ဒါပေမယ့်....
မတင်ရွှေကိုချစ်ခဲ့တယ် ။
တကယ်တော့ကွမ်းစားရတာနဲ့
အချစ်ကိုခံစားရတာဟာ
အရမ်းကိုထပ်တူကျလွန်းတယ်မတင်ရွှေ ..
ကွမ်းတစ်ခါစားဖို့အရေး
ကွမ်းသီးရှာရ,ထုံးရှာရ
ကွမ်းရွက်ရှာရ,ဆေးရှာရနဲ့
သိပ်ကိုအလုပ်ရှုပ်တယ် ။
အချစ်တစ်ခုဖြစ်တည်ဖို့အရေးလည်း
ချစ်ရမယ့်သူကိုရှာရတယ်
အချစ်စစ်နဲ့ချစ်ကြည့်ရတယ်
သူ့ကိုကိုယ်ချစ်ကြောင်းသိအောင်လုပ်ရတယ်
ကိုယ့်ကိုပြန်ချစ်လာအောင်ကြိုးစားရတယ်
ချစ်သူတွေဖြစ်လာပြန်တော့လည်း
သဝန်တိုရ,စိတ်မချနိုင်ဖြစ်ရ
အချစ်နဲ့တူအောင်ချစ်ပြရပြန်တယ်
သဘောထားမတိုက်ဆိုင်လို့
လမ်းခွဲသွားကြရပြန်တော့လည်း
သံယောဇဉ်ဆိုတဲ့ကောင်က
ကွမ်းတံတွေးလို
ဘဝမှာအစွန်းစွန်းအပေပေနဲ့
နာကျင်ပေကျံနေရပြန်ရော ။

လောကနီတိဆရာကတော့
သေချာရေးထားတာပဲ
ဟုတ်မဟုတ်တော့မသိဘူး
"ကွမ်းရွက်လယ်ဗွေ ကုဝေရေ
မူလေဘီလူးအောင်း
အဖျားပိုင်းမှာနတ်မိစ္ဆာ
စောင့်ကာမြဲမစောင်း
ထို့ကြောင့်စားလျှင် ရင်းဖျားကျဉ်
ဘုန်းအင်တိုးတက်ကြောင်း"တဲ့
ကွမ်းရွက်ထိပ်ဖျားမှာနတ်မိစ္ဆာရှိတယ်
အလယ်မှာတော့ကုဝေရနတ်မင်းရှိတယ်
အရင်းမှာတော့ဘီလူးစောင့်သတဲ့
ကွမ်းစားတဲ့အခါအဖျားနဲ့အရင်းကို
စတိသဘောဖြတ်ပြီးစားတဲ့အခါ
ဘုန်းကျက်သရေတက်မယ်တဲ့
ငါကအဲဒါမသိချင်ပါဘူး
ငါသိချင်တာက
အချစ်မှာဘယ်အပိုင်းတွေကိုချစ်ရမလဲ
ဘယ်အပိုင်းတွေကိုဖြတ်ပစ်ရမလဲ
အဲဒါပဲငါကသိချင်တာပါ ။
တကယ်ဆိုရင်...
လောကနီတီကိုရေးတဲ့စတုရင်္ဂဗလအမတ်ကြီးလည်း
ကွမ်းပဲစားတတ်ပုံရပါတယ် ။
ငါ့လိုအချစ်ကြောင့်
အသဲကွဲဖူးမယ်မထင်ပါဘူး ။

အခုဆိုရင်....
မြောက်ပြန်လေတွေ
စူးစူးဝါးဝါးတိုက်ခတ်နေပြီ
တစ်ပွင့်စနှစ်ပွင့်စခွာညိုတွေ
ကိုယ်ထင်ပြကြပြီ ။
ငါလွမ်းလိုက်တာမတင်ရွှေရယ်
ကွမ်းစွဲနေတဲ့သူကွမ်းယာဆိုင်ကိုလွမ်းသလို
အချစ်စွဲနေတဲ့ငါကလည်း
မတင်ရွှေကိုလွမ်းပါတယ် ။

ကွမ်းစားတဲ့လူတွေမှာ
ခံတွင်းကင်ဆာဖြစ်တတ်တယ်လို့
ငါကြားဖူးပါတယ်
အချစ်ကိုချစ်မိတဲ့သူတွေကလည်း
စွဲလန်းခြင်းကင်ဆာရောဂါဖြစ်ပွားနေသူတွေပါ
အဲဒီလိုငါထင်ပါတယ် ။
ကင်ဆာဆိုတာ....
C.A.N.C.E.Rဆိုတဲ့စာလုံးပေါင်းပဲ
ကောင်းကင်နက္ခတ်တွေမှာတော့
ကရကဋရာသီခွင်ကိုကိုယ်စားပြုတဲ့
ကင်းပုဇွန်လုံးရုပ်ပါ ။
ငါဖတ်ဖူးတဲ့အဘိဓာန်တစ်အုပ်ထဲမှာတော့
အဲဒီစာလုံးပေါင်းဟာ
ဂဏန်း,ပုဇွန်လုံး,ကြကဋ်ရာသီ
အဖန်တလဲလဲပေါ်၍
အသားကိုစားတတ်တဲ့အနာပဆုပ်မျိုးတဲ့ကွယ်
အောက်စဖို့အဘိဓာန်မှာတော့
(Tumour named from swollen veins like crab's limbs:)
သွေးကြောတွေကိုဂဏန်းလက်မတွေနဲ့
ကုတ်ညှစ်ထားသလိုယောင်ကိုင်းနေတဲ့
အိုင်းအနာတစ်မျိုးတဲ့
ဘယ်လိုပဲဖြစ်ဖြစ်ပေါ့မတင်ရွှေရယ်
တစ်မြေ့မြေ့လှိုက်စားပြီး
သေဆုံးသွားရတဲ့သဘောပါပဲ ။

မတင်ရွှေရေ....
လမ်းမှာများကွမ်းစားတတ်တဲ့သူတွေတွေ့ရင်
မင်းကိုသိပ်ချစ်တတ်တဲ့
လူမိုက်ကလေးတစ်ယောက်ကိုသတိရပါ
သူကကွမ်းမစားတတ်ပေမယ့်
မတင်ရွှေကိုသေချာချစ်ခဲ့တယ်
ကင်ဆာရောဂါမဖြစ်ပေမယ့်
အချစ်နာရောဂါခံစားနေရတယ်
ကွမ်းတံတွေးတွေကေမနေပေမယ့်
သံယောဇဉ်အပိုင်းအစတွေပေကျံနေတယ် ။
သူ...
မတင်ရွှေကိုလွမ်းနေတယ် ။ ။

("မတင်ရွှေသို့သတိရခြင်း ၁၃")

ချစ်ရတဲ့မတင်ရွှေရေ....
ကံကြမ္မာကလည်းအလှည့်ပေး
မတင်ရွှေကလည်းခွင့်ပြုမယ်ဆိုရင်
မတင်ရွှေရဲ့အကြွေးစာရင်းစာအုပ်ထဲမှာ
ခွေးတံဆိပ်ခဲတံကလေးနဲ့
ခောတ်သစ်အချစ်ကဗျာတစ်ပုဒ်ရေးထည့်ပေးချင်တယ်
မတင်ရွှေဖတ်မယ်ဆိုရင်ပေါ့ ။

ပြောပြရဦးမယ်မတင်ရွှေ...
အချစ်ဆိုတာဈေးသည်တစ်ယောက်နဲ့တူတယ်
တစ်ခါတစ်ရံလိုတိုးပိုလျှော့တွေနဲ့
မယိုင်မလဲရပ်တည်နေနိုင်ဖို့လိုနေပြန်ရော ။
တစ်ဖက်သတ်အချစ်ဆိုတာကတော့
အကြွေးလာဝယ်တဲ့ဈေးဝယ်သူနဲ့တူတယ်
မာန်မာနတွေနှိမ်ချ
ဘဝမှာမျက်နှာငယ်လေးနဲ့ပေါ့ ။
အကြွေးယူလို့ရသွားရင်တော့
မျက်နှာကလေးတွေပြုံးလို့
ထပ်တူညီတဲ့မေတ္တာတရားကိုပြန်တောင်းတဲ့အခါ
မပေးနိုင်ခဲ့ရင်အငြိုးတကြီးမုန်းပြတတ်ကြတယ် ။
ဗမာစကားပုံမှာရှိပါတယ် ။
"ကြွေးယူပြုံးပြုံးတောင်းတော့မုန်း"တဲ့
ကိုယ်သေချာမသိပါဘူး ။

ကိုယ်ကမတင်ရွှေရဲ့ဆိုင်မှာ
အကြွေးဝယ်မဝယ်ချင်ပါဘူး
ထပ်တူကျတဲ့တန်ဖိုးတွေနဲ့
လက်ငင်းပဲမေတ္တာတရားတွေချေပြီးဝယ်ချင်တယ် ။
မတင်ရွှေဘက်က
"ယနေ့အကြွေးမရောင်းပါ"ဆိုတဲ့
ဆိုင်းဘုတ်မကပ်ထားဖို့ပဲလိုပါတယ် ။
ဒီနေ့အကြွေးမဝယ်ဘူး
မနက်ဖြန်ခါတွေကျရင်တော့ကိုယ့်ကို
လက်ငင်းရောင်းပါလားမတင်ရွှေရယ်
၁၅၀၀အချစ်ကို
ဈေးမဆစ်ပဲကိုယ်ဝယ်မှာ ယုံပါ ။
မတင်ရွှေဖက်ကအလေးမခိုးဖို့တော့လိုတယ် ။

ဘဝမှာ
ဖြစ်ချင်တာမဖြစ်ရ
ချစ်ချင်တာမချစ်ရဘူးဆိုရင်တော့
ကုန်စိမ်းတန်းက
ဗူးသီးခရမ်းသီးပိန်ရှုံ့ရှုံ့လေးတွေလို
သိပ်ကိုမျက်နာငယ်နာကျင်ရတယ်
ဘယ်ဈေးနဲ့ဘယ်လိုလျှော့ရောင်းရောင်း
ဘယ်သူမှမဝယ်ချင်ကြဘူးကွဲ့
မင်းသိရဲ့လားမတင်ရွှေ
အမြဲတမ်းလတ်ဆတ်နေတဲ့အချစ်ကိုရဖို့
မေတ္တာရေစက်ကလေးတွေ
မကြာခဏဖျန်းပေးရတယ် ။

တကယ်မချစ်ပဲနဲ့တော့
ငါ့ကိုချစ်တယ်လို့မပြောပါနဲ့မတင်ရွှေ
အဲဒါဟာအလေးခိုးတဲ့ဈေးသည်လိုပဲ
ရင်တဖိုဖိုအလိုလောဘတွေနဲ့
တစ်ခါစားဥာဏ်တွေဆိုတာက
နှလုံးသားတွေမဝဖြိုးပါဘူး
မတင်ရွှေသာအလိုရှိရင်
ကိုယ်ဆိုတဲ့ကောင်က
ချိန်ခွင်လျှာစောက်ထိုးနဲ့
မတင်ရွှေဖကိကိုခေါင်းငုံ့ပေးမယ့်သူပါ ။

မတင်ရွှေရေ...
ရောင်းသူနဲ့ဝယ်သူဆိုတာ
အပြုံးနဲ့နှုတ်ဆက်ကြတာပဲကောင်းပါတယ်
ဈေးလျှော့မပေးနိုင်ရင်နေပါ
ဈေးတွေအရမ်းတင်မထားပါနဲ့
မဝယ်နိုင်တဲ့နှလုံးသားတွေက
ရပ်ကြည့်ငေးငိုင်လှည့်ပြန်ရင်း
အချစ်ဈေးဆိုင်ကလေးကိုသတိရနေတတ်တယ် ။
ဖြစ်နိုင်ရင်တော့
ကိုယ်ပေးနိုင်တဲ့ထောင့်ငါးရာဈေးနှုန်းကို
နည်းတယ်လို့မထင်ပါနဲ့လားကွယ် ။ ။

("မတင်ရွှေသို့သတိရခြင်း ၁၄")

မင်္ဂလာပါမတင်ရွှေ...
ဒီနေ့တော့ကိုယ်တို့
ဘောဂဗေဒဇယားချပ်တွေအကြောင်းပဲ
စကားပြောကြရအောင်ပါ ။

တစ်နိုင်ငံနဲ့တစ်နိုင်ငံ
ကျွန်ပြုအုပ်စိုးကြတဲ့အခါ
၁။ missionaryဆိုတဲ့သာသနာပြုခြင်း
၂။ merchant ဆိုတဲ့ကုန်သည်ပွဲစား
၃။ military ဆိုတဲ့စစ်တပ်ဆိုပြီးတော့
mသုံးလုံးနဲ့အုပ်စိုးသိမ်းပိုက်ကြတယ် ။
ဟုတ်မဟုတ်တော့မသိဘူး
ကိုယ့်အချစ်တွေနဲ့ကိုယ့်ဘဝကို
မတင်ရွှေကသာသိမ်းပိုက်ချင်တယ်ဆိုရင်
အဲလောက်မလိုပါဘူး
၁။ Marry ကိုယ့်ကိုလက်ထပ်လိုက်ပါ
၂။ Momentous တစ်ယောက်ရဲ့ဘဝထဲမှာ
တစ်ယောက်ကအရေးပါနေရမယ်
၃။ Moralistအဖြစ်
နှစ်ယောက်လုံးရပ်တည်သွားကြမယ်
(အဲဒါကသစ္စာတရားတစ်မျိုးပါ)
အဲဒါဆိုရင်မတင်ရွှေက
ကိုယ့်ရဲ့Mistressသေချာပေါက်ဖြစ်မှာပါ ။

အဲဒါအခါဘဝရပ်တည်မှုအနေနဲ့
ကိုယ်တို့စားသောက်ဆိုင်တစ်ဆိုင်ဖွင့်ကြမယ်
ကိုယ်ကအတော်ဆုံးစားဖိုမှုးဖြစ်လာမယ်
မတင်ရွှေကငွေသိမ်းကောင်တာမှာ
ပါဝါမျက်မှန်ကြီးတပ်ပြီးစီမံအုပ်ချုပ်ပေါ့...
လက်ရာအကောင်းဆုံးခေါက်ဆွဲကြော်
မြေပဲနဲ့ပေါင်းထားတဲ့ဝက်သားပေါင်း
ဝက်နံရိုးကင်နဲ့ကြံမဆိုင်ဟင်းချို
အခေါက်ကင်,ဘဲကင်,စွန်တန်ဟင်းချိုနဲ့
တရုတ်,ယိုးဒယား,ဗမာအစားအစာတွေကို
ကိုယ်ကမငြီးမငြူချက်ပြုတ်မှာပါ
ပြီးတော့....
နာမည်ကျော်အဖျော်ယမကာမျိုးစုံနဲ့
ကျွမ်းကျင်တဲ့အရက်စပ်သမားကြီးအဖြစ်
ဘဝမှာကပြအသုံးတော်ခံပေးဦးမယ်
ကိုယ့်ရဲ့အကောင်းဆုံးလက်ရာတွေနဲ့
မတင်ရွှေရဲ့အပြုံးတွေရောယှက်ထားတဲ့
ဖော်ရွေတဲ့ဆက်ဆံရေးတွေက
နာမည်ကျော်စားသောက်ဆိုင်တစ်ဆိုင်ကို
သရုပ်ပေါ်ပီပြင်လာစေမှာပါ ။

ကိုယ်တို့မျှော်လင့်ချက်တွေရှင်သန်လာခဲ့ရင်
အရက်ခိုးသောက်တဲ့စားဖိုမှုးကိုရိုက်မှာလား
မတင်ရွှေခေါင်းပေါ်က
ဆံပြင်ဖြူကလေးတွေမှာတော့
ကိုယ့်မေတ္တာတရားတွေပါဝင်နေမြဲဖြစ်မှာပါ ။

မတင်ရွှေရေ....
စိတ်ကူးဟာစိတ်ကူးဆိုပေမယ့်
ဘဝကောင်းတစ်ခုတည်ဆောက်ဖို့
အခြေခိုင်တဲ့ငွေကြေးစီးဆင်းမှုတစ်ခုလိုတယ်
ဒုတိယဘုရားသခင်ကသာ
မေတ္တာတရားတွေအချစ်တွေကို
ပြည့်စုံအောင်ဘောင်ကွပ်ပေးနိုင်တာပါ
၁။Man =ပညာရှင်
၂။Money =ငွေ
၃။Material =ပစ္စည်း
အဲဒီသုံးမျိုးမပြည့်စုံပဲနဲ့
စစ်မှန်တဲ့ငြိမ်းအေးမှုမဖြစ်နိုင်ပါဘူး ။
အဲဒီလိုပဲကိုယ်သိထားပါတယ် ။

ကိုယ်ရှက်လိုက်တာမတင်ရွှေရယ်
စိတ်ကူးနဲ့ရူးသူတွေထဲမှာတော့
ကိုယ်ကပထမတန်းစားအရူးတစ်ယောက်ပါ
စက္ကန့်တံတွေတစ်ရွေ့ရွေ့ဖြတ်သန်းနေပြီ
စိတ်ကူးယဉ်အတွေးစတွေထဲမှာတော့
ကိုယ်က...
မတင်ရွှေစားသောက်ဆိုင်ရဲ့
ပြိုင်စံမမှီတဲ့စားတော်ကဲကြီးပေါ့ကွယ် ။ ။

("မတင်ရွှေသို့သတိရခြင်း ၁၅")

မတင်ရွှေရေ....
ဒီတစ်ခါတော့ကိုယ်တို့
(chemical revolution 1773)အကြောင်း
အချစ်သိပ်သည်းဆတွေနဲ့
နှိုင်းဆကြည့်ရအောင်ပါ ။

နဂါးကိုကိတ်ဖြစ်အောင်လုပ်တဲ့
မတင်ရွှေတို့ဗမာပြည်ကပညာရှင်တွေရဲ့
chemical processesတွေ
ကိုယ်အများကြီးကြားဖူးခဲ့ပါတယ် ။
တကယ်ဖြစ်ကြသလား
တကယ်မဖြစ်ကြဘူးလား
ယုံတမ်းစကားတွေကမစားရဝခမန်း
လမ်းစဉ်တွေရှုတ်ယှက်ခတ်နေတယ် ။
ဆရာတာရာမင်းဝေကတော့ပြောပါတယ်
"အချစ်ဟာပြဒါးနဲ့တူတယ်တဲ့"
ကျွမ်းမြိုက်ရခြင်းတူတာတောင်
အချစ်ဟာပိုပြီးမြန်ဆန်သတဲ့"။
အဲဒါကတော့ဟုတ်မှာပါမတင်ရွှေရယ်
မတင်ရွှေကိုချစ်မိလို့
နှလုံးသားတစ်ခုလုံးကျွမ်းမြိုက်သွားတာတောင်
ငါဆိုတဲ့ငါက
မနာကျင်မိတာဘာကြောင့်ပါလဲကွယ် ။

ပြဒါး(marcury)ဆိုတဲ့နဂါးကို
ချုပ်ဆေး(ဂဠုန်)နဲ့သတ်ရသတဲ့
ကိုယ်ဥာဏ်မမှီပါဘူးမတင်ရွှေ
မတင်ရွှေကိုစွဲလန်းတဲ့စိတ်တွေကိုရော
ဘယ်နည်းနဲ့သတ်ပစ်ရမလဲ ။
ငါ့ကိုပြောပါမတင်ရွှေရယ် ။

ပြဒါးဟာအပူနဲ့တွေ့ရင်ထွက်ပြေးတတ်ပေမယ့်
လူ့ရဲ့အသားထဲကိုရောက်ရင်တော့
Mercury Poisoningဆိုတဲ့
ပြဒါးအဆိပ်သင့်ရောဂါနဲ့
အသားတွေဆွေးရိပုပ်ပွလာတတ်တယ်
အချစ်ကလဲဒီလိုပါပဲ
အစွဲအလန်းလွန်ကဲမိပြီဆိုရင်
စိတ်တွေဆွေးရိပုပ်ပွ
ဘဝရဲ့လှပမှုတွေကိုစားသောက်ပစ်တာပါပဲ ။

Alchemistဆိုတာ
အဂ္ဂိရတ်ပညာရှင်(ဖိုထိုးသမား)ခေါ်တာပါ
သူကသူ့ဘဝမှာ
Philosopher Stoneဆိုတဲ့
သဒ္ဓိဝင်ဓာတ်လုံးတစ်လုံးကိုရဖို့
ပေါင်းစပ်မှုပေါင်းများစွာနဲ့
အချိန်တွေပေးဆပ်ကြရတယ်
ရှင် အဇ္ဇဂေါဏ ကျမ်း၊ ရှင်မထီးကျမ်း၊
ရသေ့ ဦးအောင်ကျမ်း
အိန္ဒာစရိယဆရာရဲ့ကျမ်း
ဘယ်ကျမ်းတွေရဲ့နည်းစနစ်နဲ့
အောင်မြင်သွားကြသလဲတော့မသိဘူး ။
ကိုယ်စိတ်မဝင်စားပါဘူး
ကိုယ်ကတော့ကိုယ့်နည်းစနစ်နဲ့ကိုယ်ပဲ
မတင်ရွှေကိုရိုးသားမိုက်ကန်းစွာနဲ့ချစ်ခဲ့တယ် ။

မတင်ရွှေရေ...
ကိုယ့်ရဲ့နောက်ဆုံးရရှိခြင်းဟာဘာလဲ
အသဲကွဲခြင်းလား
အထီးကျန်ခြင်းလား
နွမ်းလျတမ်းတနေခြင်းလား
တစ်ခုခုကိုရဖို့ကိုယ်ကြိုးစားနေဆဲပါ
နံပါတ်လေးလုံခွက်ထဲမှာ
ချုပ်ဆေးနဲ့အချုပ်ခံထားရတဲ့
ပြဒါးရည်ကလေးလို
ကိုယ့်အချစ်တွေပူလောင်နွမ်းလှပါပြီ
ကိုယ်ထွက်ပြေးသွားချင်တယ်
ရုန်းကန်လွတ်မြောက်သွားတဲ့
marcuryအခိုးအငွေ့တွေလို
ကိုယ်မျောလွင့်သွားချင်တယ် ။
ဒါပေမယ့်...
ဒါပေမယ့်လည်းမတင်ရွှေရယ်
သံယောဇဉ်ဆိုတဲ့ချုပ်ဆေးဟာ
မျက်ကန်းအချစ်သမားကို
ရုန်းကန်မရလောက်အောင်
ဖိနှိပ်ဖျစ်ညှစ်ထားတယ်
နောက်ဆုံးမရောက်ခင်အထိ
ကိုယ်ပေါက်ကွဲသွားမှာလား
ဒါမှမဟုတ်ငရဲမီး(Acid)အစားခံတဲ့
ကိတ်ဓာတ်(gold)ဖြစ်သွားမှာလေလားကွယ်
ပူပြင်းလောင်မြိုက်မှုတွေကြားကပဲ
မတင်ရွှေကိုလွမ်းနေတယ် ။ ။

("မတင်ရွှေသို့သတိရခြင်း ၁၆")

ချစ်ရတဲ့မတင်ရွှေရေ...
ဆောင်းဟာ
နှင်းအရိပ်နှင်းနိမိတ်တွေနဲ့
မနက်ခင်းကိုပုံဖော်နေပြီ ။

လေပြေတွေထဲမှာ
နှင်းရနံ့တွေမျောပါလာနေတယ်
မိုးစက်တွေနှိပ်စက်လို့
ခေါင်းမထောင်နိုင်တဲ့ပန်းကလေးတွေလည်း
နှင်းငွေ့နှင်းရိပ်တွေနဲ့
ပြန်လည်ခေါင်းထောင်လာကြပြီ ။

ငါတို့
နှင်းရာသီကလေးဆီ
ပြန်လည်ရောက်ရှိခဲ့ပြီမတင်ရွှေ
မင်းမပါဝင်ပေမယ့်
ငါ့ရဲ့ကဗျာဟောင်းကလေးတွေ
ငါ့ရဲ့အိပ်မက်ဟောင်းကလေးတွေ
ငါ့ရဲ့မျှော်လင့်ချက်ဟောင်းကလေးတွေ
ငါ့ရဲ့သီချင်းဟောင်းကလေးတွေက
မတင်ရွှေကိုသတိရနေဆဲ
ရိုးရိုးကလေးပဲငါလွမ်းနေတယ်မတင်ရွှေ ။

ဗြိစ္ဆာရာသီခွင်ဟာ
ခဝဲပွင့်ဖြူဖြူတွေကိုတင်ဆောင်ရင်း
နှင်းထီးဆောင်းအလှတရားတွေနဲ့
ငါတို့ရဲ့အမှတ်တရတွေထဲကို
ပြန်လည်လှော်ခတ်လာကြပြီ
တံစဉ်ကိုင်လယ်သမားတွေအလုပ်ရှုပ်ကြသလို
ငါ့မှာလည်း...
မတင်ရွှေကိုလွမ်းရင်း
ရင်ဘတ်မှာအလွမ်းတွေရှုတ်ယှက်ခတ်နေခဲ့ပြီ ။

ပထမတော့
မင်းကြားမယ်ထင်လို့
တိုးတိုးကလေးငါလွမ်းနေခဲ့တယ်
တကယ်တော့
အကျယ်လောင်ဆုံးငါလွမ်းပြလည်း
မင်းမကြားနိုင်တော့ဘူးလေ
ငါသိပါတယ်မတင်ရွှေရယ်
ငါတို့ရဲ့သီချင်းတွေတိုးတိတ်ခဲ့ပြီပဲ ။

မတင်ရွှေရယ်
ရာသီနက္ခတ်မချိန်ဆတတ်ပဲနဲ့လည်း
ငါ့နှင်းမြူလွှာသီချင်းက
မင်းကိုပဲလွမ်းတတ်တာပါ
ခုဆိုရင်...
အိမ်ခေါ်မိုးပေါ်မှာ
နှင်းစက်တွေစိုရွှဲနေပြီ
လေးနာရီပန်းကလေးတွေလည်း
အချိန်မှန်ပြန်ပွင့်ကြတော့မယ်
ဒါပေမယ့်....
အာရေးဗီယန်းနိုက်ပုံပြင်ထဲက
နှင်းခဲကလေးကတော့
ဘယ်တော့မှမီးမလှုံတော့ဘူးကွယ် ။ ။

("မတင်ရွှေသို့သတိရခြင်း ၁၇")

မတင်ရွှေရေ...
အချစ်ဆိုတာကို
ကိုယ်ကတော့
ငယ်စဉ်တောင်ကျေးကကစားခဲ့ဖူးတဲ့
ကြက်ဖခွပ်တမ်းကစားရသလိုပဲလို့
ထင်မြင်ယူဆမိတယ် ။

မြန်မာမှုနယ်ပယ်မှာ
ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့
အဲဒီကစားနည်းထဲမှာ
"ကြက်ဖတိန်ညင် တောကိုဝင်
မောင်ရင်လာ လေးနှင့်ပစ်။
မပစ်ပါနှင့် မောင်ရင်ရယ်
ကြက်တက်စူးပါ့မယ်။
ဘယ်ဘက်က စူးစူး။
ညာဘက်က စူးစူး။
ခွပ်လိုက်ကြစို့ သူငယ်ချင်း
အောက်အိအီးအွတ်။"
အဲဒီကဗျာလင်္ကာလေးနဲ့
အရမ်းလှပသက်ဝင်ခဲ့တယ် ။

တိန်ညင်ကြက်ဆိုတာ
သတ္တိကောင်းပေမယ့်
ကိုယ်လုံးကိုယ်ဖန်သိမ်ငယ်လွန်းတော့
နင်လားငါလားယှဉ်ပြိုင်ရတဲ့တိုက်ပွဲတွေမှာ
သူကမျက်နှာငယ်ရတဲ့အသုံးတော်ခံသမားပါ
အဲဒီလိုပါပဲမတင်ရွှေရယ်....
အချစ်ကစားပွဲမှာတန်းမဝင်တဲ့
ကိုယ့်လိုကြက်တိန်ညင်တွေက
ဇရှိပေမယ့်ဗလမရှိလို့
ခေါင်းငုံ့အရှုံးပေးရသူတွေပါ ။

ကြက်ဆွဲမလိုတဲ့
သူတင်ကိုယ်တင်တိုက်ပွဲတွေမှာ
ဗလကအဓိကလား 'ဇ'ကဓိကလား
ငါမသိတော့ဘူးမတင်ရွှေ...
ငါခွပ်နိုင်သလောက်တော့ခွပ်ပြခဲ့ပါတယ်
ဆေးလဲမယူရေလဲမကူပေမယ့်
မယုံကြည်မှုတစ်ခုတည်းနဲ့
ငါအရှုံးပေးခဲ့ရတာပါ ။

ခုတော့လည်း...
ဘယ်ဘက်ကစူးတဲ့အတက်လား
ညာဘက်ကစူးတဲ့အတက်လား
ငါ့နှလုံးသားမှာနစ်ဝင်
နာကျင်မှုကိုယ်တောင်မသိတော့ဘူး
နောက်ဆုံးတော့
သခင်မပီသသူတွေနဲ့တူတဲ့
ဥပေက္ခာတရားမှာ
ငါ.,
ရိုက်သတ်ချက်စားချက်စားခံရတာပဲအဖတ်တင်တယ် ။

မတင်ရွှေရေ....
ဝိုင်းမဝင်ခင်အထိတော့
ဝါးရွက်ကိုလည်ပင်းထဲထိုးသွင်းလစ်ကျစ်
နားလှည့်ပါးလှည့်နဲ့ချွဲရိုက်ခံရတဲ့ကြက်လို
လှပရဲဝံ့...
မျှော်လင့်ချက်ပေါင်းမျာစွာနဲ့ပေါ့
တကယ်တမ်းဆိုရင်....
ငါက..တန်းဝင်ကြက်တွေခွပ်လက်စမ်းခံရတဲ့
လေ့ကျင့်ဖက်အပါယ်ခံကြက်ပါ
တိုက်ပွဲတွေရောက်တိုင်း
ခေါင်းငုံ့လှည့်ပြန်...
လှောင်ရယ်သံတွေတစ်နင့်တစ်ပိုးနဲ့
ဆုလာဒ်ကလေးနင့်ကို
ငါလွမ်းနေတယ်မတင်ရွှေရယ် ။ ။

("မတင်ရွှေသို့သတိရခြင်း ၁၈")

မတင်ရွှေရေ....
နေရောင်ခြည်အသစ်တွေ
လှပရဲဝံ့တဲ့ပန်းပွင့်ဝတ်မှုန်တွေ
အေးမြသန့်စင်တဲ့လေပြေတွေနဲ့
မင်းပိုင်ဆိုင်တဲ့နေ့သစ်ကလေး
လှပပြည့်စုံပါရဲ့လားကွယ် ။

ချစ်မိသူဆိုတာ
လောကမှာအရူးမိုက်ဆုံးလူပါ
ပြောပြရဦးမယ်မတင်ရွှေရေ
အချစ်ကိုစွဲလန်းမိသူတွေဟာ
ဘိန်းစားတွေနဲ့တူပါတယ် ။
ရုန်းမရထွက်မရ
နောက်ဆုံးတော့လည်း
နှလုံးသားတွေ
ခွေးလျက်ထားတဲ့ထန်းလျက်ခဲလို
လုံးပါးပါးသွားခဲ့ရတာပါပဲ ။

တစ်ဖက်သတ်ချစ်မိသူတွေကတော့
ဘိန်းမည်းကိုမြိုချရသလိုပဲ
ခါးအန်နေတဲ့အရသာကိုကျိတ်မှိတ်မြိုချရင်း
နောက်ကွယ်ကစိတ်ကူးယဉ်အရသာလေးကို
တမ်းတမက်မောရင်း
နေမြင့်လေရင်ပွင့်လေဖြစ်ရတာပါပဲ ။

အချစ်ကိုကစားတဲ့သူတွေကတော့
ငှက်ပျောပင်ကထွက်တဲ့
အစေးမျှင်လေးတွေကို
ဘိန်းမည်းဆီနဲ့လုံးပြီး
နေလှန်းထားတဲ့အလုံးလေးတွေကို
ဘိန်းပြောင်း(pop)နဲ့ရှူသွင်းရသလိုပဲ
နဲနဲအလုပ်ရှုပ်ပေမယ့်
သူကလှပတဲ့အရသာကိုပေးစွမ်းနိုင်ပါတယ် ။

တူမျှတဲ့အချစ်ကိုရပြီးမှ
လမ်းခွဲလိုက်တဲ့သူတွေကတော့
အဆင့်မြင့်ဘိန်းဖြူ(ဟီးရိုးအင်း)သမားတွေပါ
အဆုံးစွန်သောစွဲလန်းမှုတွေနဲ့
မော်ဖင်းဓာတ်တွေသွေးကြောထဲလှည့်ပတ်နေသလို
စွဲလန်စိတ်တွေကနှလုံးသားထဲနှိပ်စက်
ငရဲပြည်ကိုဖြတ်လမ်းကရောက်သူတွေပါ ။

မတင်ရွှေရေ...
မြန်မာ့ဆေးကျမ်းတွေထဲမှာ
ဘိန်းရဲ့ဆေးဖက်ဝက်ပုံတွေ
ကိုယ်အများကြီးတွေ့ရပါတယ်
ဝမ်းသွားတဲ့အခါ
ကြက်သွန်ဖြူထဲဘိန်းထည့်ပြီးမီးဖုတ်စားရင်
ချက်ချင်းသက်သာပျောက်ကင်းပါတယ်
အချစ်ကလည်းအဲဒီလိုပါပဲ
သူ့နေရာနဲ့သူတော့အဆင်ပြေအသုံးဝင်မှာပါပဲ

အချစ်ကအချစ်အတိုင်းရှိနေတာပါ
အချစ်နဲ့ပါတ်သက်တဲ့စွဲလမ်းမှုတွေကသာ
နှလုံးသားတွေကိုနှိပ်စက်ကလူပြုတာပါ
ဘိန်း(Papaversomniferum)မှာလဲဒီလိုပါပဲ
(ဘိန်းပင်မျက်ရည်၊achrymapapaveris)လို့ခေါ်တဲ့
ဘိန်းပင်ကထွက်တဲ့ခြောက်သွေ့တဲ့အစေးတစ်မျိုးကသာ
လူကိုစွဲလန်းမူးယစ်စေတာပါ ။
ဘိန်းထဲမှာမော်ဖင်းဓါတ်(ဘိန်းပါသည့်နိုက်ထရိုဂျင်အော်ဂဲနစ်ဓာတ်ပေါင်း) ၁၂ရာခိုင်နှုန်းအထိပါဝင်တယ် ။
အချစ်မှာတော့
ဘယ်လိုအချိုးအစားတွေပါဝင်နေမလဲ
ခံစားမှု99%လောက်တော့ပါဝင်နေမှာပါ ။

မတင်ရွှေရေ...
မင်းရဲ့ဘဝမှာအချစ်နဲ့တူတဲ့အချစ်တွေပဲ
ရယူပိုင်ဆိုင်နိုင်ပါစေ
စွဲလန်းမှုကင်းတဲ့
မေတ္တာလေပြေတွေကိုပဲရှူရှိုက်နိုင်ပါစေ
ဒေါသကင်းတဲ့မနက်ခင်းတွေ
မောဟကင်းတဲ့ညချမ်းတွေပဲပိုင်ဆိုင်နိုင်ပါစေ
ကိုယ်ကတော့
မတင်ရွှေကိုသတိရရင်း
စွဲလမ်းတမ်းတရင်း
ဘိန်းစားတစ်ယောက်က
ဘိန်းပြောင်းကထွက်တဲ့ဘိန်းငွေ့ကလေးကိုသတိရသလို
မင်းကိုငါလွမ်းနေတယ်မတင်ရွှေ ။ ။

("မတင်ရွှေသို့သတိရခြင်း ၁၉")

မတင်ရွှေရေ...
ဒီတစ်ခါတော့
အကုသိုလ်ရောင်တွေ
တောက်ပြောင်လွန်းတဲ့ကိုယ်က
အချစ်ဆိုတာ...
တံငါသည်တစ်ယောက်ရဲ့
ငါးဖမ်းပုံနဲ့တူတဲ့အကြောင်း
ပြောပြချင်ပါသေးတယ် ။

အချစ်လောဘအကြီးဆုံးလူတွေက
ငါးဗုံးခွဲသမားတွေနဲ့တူပါတယ်
ငါးထိမ်(ငါးအုပ်)ရှိတဲ့နေရာရောက်ရင်
နော်ဇယ်အသံမမြည်အောင်လုပ်ထားတဲ့
စက်တပ်လှေကလေးကိုတက်နဲ့လှော်ခတ်ပြီး
ငါးအုပ်ရှိတဲ့နေရာကိုသွားရတယ်
သတ်မှတ်ထားတဲ့နေရာရောက်ရင်တော့
အတော်ဆုံးဗုံးခွဲသမားက
လှေဦးမှာထိုင်ရင်း
ယမ်းဘီလူး,ကန့်,ပွေသုံးမျိုးစပ်ထားတဲ့
ဗုံးအိုးကိုကိုင်ပြီး
စိတ်ငြိမ်ငြိမ်နဲ့စနက်တံမီးတို့ပြီး
ရေထဲပစ်ချလိုက်ရတယ်
အဆင့်သင့်စက်နှိုးထားတဲ့လှေသမားက
လွတ်အောင်မောင်းပြေးရတယ်
ဗုံးကွဲသွားပြီးရင်တော့
ရေပေါ်ရေအောက်သေနေတဲ့ငါးတွေကို
အလွယ်တကူဆယ်ယူရုံပါပဲ ။
အဲဒါကအချစ်လောဘကြီးသူတွေရဲ့
အချစ်အနိုင်ကျင့်ခြင်းတစ်မျိုးပါမတင်ရွှေ ။

ကိုယ်တို့ဆီမှာ
ဝါးလတ်လို့ခေါ်တဲ့ဆွဲလှေ
ဝါးတန်းလို့ခေါ်တဲ့ဝိုင်းပိုက်လှေ
လပ်ခူးခေါ်တဲ့နှစ်စင်းဆွဲလှေ
အားလုံးငါးဖမ်းလှေတွေဆိုပေမယ့်
သူတို့ကစည်းစနစ်တကျဖမ်းသူတွေပါ
သူတို့ကတော့....
အချစ်ကိုတန်းတူညီမျှချစ်တတ်တဲ့သူတွေနဲ့တူပါတယ်

တစ်ဖက်သတ်အချစ်ဆိုတာကတော့
ငါးမျှားသမားနဲ့တူပါတယ်
ကိုယ့်ငါးမျှားကအစာကို
ဘယ်အချိန်လာဟပ်လေမလဲ
စိတ်ရှည်စောင့်ဆိုင်းရခြင်းတွေရှိတယ်
တစ်ဖက်သတ်ကြိုးစားမှုတွေထဲမှာပဲ
ခေါင်းငုံ့လှည့်ပြန်ရခြင်းတွေနဲ့ပေါ့ ။

မတင်ရွှေရေ....
မတင်ရွှေကသာငါးမကလေးဆိုရင်
ဘယ်လိုနှောင်ကြိုးပိုက်ကွန်မျိုးနဲ့
ကိုယ်ဖမ်းယူရလေမလဲ ။
ကိုယ်က...
အချစ်ဖမ်းမတော်ပေမယ့်
ရေပေါ်မှာရှပ်ပြေးနေတဲ့ငါးမြွေထိုးကို
သံချိတ်နဲ့ရအောင်ချိတ်တတ်ပါတယ်
ဖားအရှင်ကြွက်အရှင်ရဲ့ကျောမှာ
ငါးမျှားချိတ်ပြီး
ငါးရံ့,ငါးခူ,ငါးဘတ်စတဲ့ငါးကြီးတွေကိုလည်းဖမ်းတတ်ပါတယ်
ငါးရှဉ့်မြုံး,ငါးခုံးမမြုံးစတဲ့
လျှာနှစ်ထပ်မြှုံးတွေလည်းလုပ်တတ်ပါတယ်
ခဲသီးတပ်ထားတဲ့ကွန်ကိုလည်း
လှပဝိုင်းစက်အောင်ပစ်တတ်ပါတယ် ။
အတော်ဆုံးတံငါသည်တစ်ယောက်အဖြစ်
ငရဲဗီဇာရပြီးပေမယ့်...
မတင်ရွှေဆီကအချစ်ကိုတော့
ကိုယ်မရရှိနိုင်တာဘာဖြစ်လို့ပါလည်းကွယ် ။
ငါးတွေဟာသွေးအေးသတဲ့လား
ကိုယ်ကတော့
မတင်ရွှေကိုပဲချစ်နေမိတဲ့
အသဲကွဲတံငါသည်ကြီးပါပဲကွယ် ။ ။

("မတင်ရွှေသို့သတိရခြင်း ၂၀")

ချစ်ရတဲ့မတင်ရွှေရေ....
ကိုယ့်တို့ရဲ့မနက်ခင်းလေးတွေ
တိုးတိတ်ခဲ့ပြီမို့လား
ညချမ်းပေါင်းများစွာလည်း
တိတ်ဆိတ်စွာသေဆုံးသွားကြ
ဘယ်သူကဘယ်သူ့ကိုမှမမှားခဲ့ပေမယ့်
လူတကာကြားအောင်တော့
ငါပဲငိုပြခဲ့ပါတယ် ။

ခုဆိုရင်
စကြာဝဠာဗဟိုချက်မပေါ်တက်ပြီး
လင်းကြက်တွေမတွန်ကြတော့ဘူး
ငါဆောင်းချင်တဲ့ထီးကလေးအတွက်လည်း
မိုးရာသီကပြန်လည်မပွင့်ထွန်းပေးတော့ဘူး
ဒေါသကြီးတဲ့ငါ့ကဗျာတွေကလည်း
ရင်ဘတ်ဟောင်းလောင်းနဲ့
မမြင်မကန်းလမ်းထလျှောက်
ရောက်ချင်ရာရောက်ကုန်ကြပြီ...
မင်းသိရဲ့လားမတင်ရွှေ....
အဲဒါ...
ငါ့ရဲ့အိုးမဲ့အိမ်မဲ့အိပ်မက်ကလေးတွေ
သဲကြိုးပြတ်သွားတာပါပဲ ။

ငါသွားတော့မယ်အချစ်ရယ်လို့ပြောပြီး
တရစ်ဝဲဝဲပြန်ဖြစ်နေရတာ
ဘာဖြစ်လို့ပါလဲမတင်ရွှေ....
အီစွတ်ပုံပြင်ထဲမြေခွေးကလေးလို
မသိကျိုးကျွံလည်းငါမပြုနိုင်ပါဘူး ။
သံယောဇဉ်ဆိုတဲ့ခွေးကလေးက
ငါ့ကိုပါးလျက်နားလျက်နဲ့...
ငါအနေခက်လိုက်တာချစ်သူရယ် ။

ငါသိပ်ချစ်ရတဲ့မတင်ရွှေရေ...
ဒီနေရာလေးမှာထားခဲ့လည်း
ဒီနေရာလေးကနေငါမထွက်ခွါနိုင်သေးဘူး
နောက်တစ်နေရာရောက်သွားလည်း
ဒီနေရာလေးကိုပဲငါပြန်ရောက်လာမှာပါ
အချစ်ဆိုတဲ့ညှို့ချက်ဟာ
စိတ်တွေကိုတဝဲဝဲလည်စေတာတကယ်ပါ ။
ငါလေ...ငါ
ငါနင့်ကိုချစ်နေတုန်းပဲမတင်ရွှေရယ် ။ ။

saw jonathan aye


Posted via Blogaway

Comments