Zaw Zaw Htun
15 December at 16:14 ·
More options
ကဗျာဟာ နိုင်ငံရေးနဲ့ပတ်သက်နေတာဟာ သူ့မှာ နိုင်ငံရေးကို ဖော်ပြနိုင်တဲ့ လုံလောက်တဲ့ အကြောင်း(ဝါ)စွမ်းအား ရှိလို့ပါပဲလို့ ဂျေး(Jay Parini)က အဲဒီအခန်းစလျှင်စချင်း ရေးပါတယ်။ ကဗျာဆရာတိုင်းမှာ မဖြစ်မနေကျရောက်တဲ့ အခြေအနေတစ်ခု ရှိပါတယ်။ အဲဒါကတော့ သူ့ဝန်းကျင်မှာရှိတဲ့သူက ကမ္ဘာကိုဖတ်ဖို့ သူ့နည်းသူ့ဟန်နဲ့ တုံ့ပြန်ဖို့ပဲ ဖြစ်ပါတယ်။ ဒါကို စာရေးသူက ကဗျာဆရာရဲ့ ဖက်ရှင်နဲ့သူ့ဝန်းကျင်ကို တုံ့ပြန်တယ်လို့ ဆိုတယ်။ အဲဒီဖက်ရှင်ကတော့ နိုင်ငံရေးသမားတွေ လုပ်လေ့ရှိတာနဲ့ ကွဲပြားပါတယ်။ ကဗျာဆရာတွေဟာ ဆိုင်းဘုတ်၊ စတေကာ၊ ဘန်နာတွေပေါ်မှာရေးပြီး သူ့နိုင်ငံရေးကို ဖွင့်ဟပြတတ်တယ်။ အဲဒီကဗျာတွေဟာ အခြေအနေတွေရဲ့ သက်သေသက္ကာယတွေဖြစ်ပြီး အလွယ်တကူ သမိုင်းမှာ မေ့လို့မရ၊ ဖျက်လို့မရတဲ့ ကဗျာတွေ ဖြစ်သွားတယ်။ အဲဒီ နိုင်ငံရေး ရောင်ပြန်ဟပ်တဲ့ ကဗျာတွေဟာ ကဗျာဆရာတွေက လက်ရှိနိုင်ငံရေးကို ပိုပြီးရှင်းလင်းသွားအောင် တွေးစရာ၊ခံစားစရာတွေအဖြစ် ဖတ်သူကို ရှင်းလင်းစေတယ်။ ကဗျာဆရာဟာ ဘယ်တော့မှ နိုင်ငံရေးအကျပ်အတည်းကို ဘယ်ပုံဘယ်နည်းဖြေရှင်းရမယ်ဆိုတဲ့ (solution)ကို မပေးဘူး။ မကမ်းလှမ်းဘူး။ "offer" မလုပ်ဘူး။ သူတို့ဟာ ဖတ်သူကို ဖြစ်စဉ်အတိမ်အနက်ကို နားလည်သဘောပေါက်အောင် ကူညီဖို့ သက်သက်ပါပဲ။ နိုင်ငံရေးအသိုင်းအဝိုင်းဆိုတာက အချိန်ပြည့် ခံယူချက်ဆိုတာကြီးကို ရှေ့တန်းတင်ပြီး စိတ်နှလုံးအဆင့်အတန်း ပျောက်ရှလစ်ဟင်းနေတဲ့ အဝန်းအဝိုင်းတစ်ခုပါ။ ၉/၁၁ စက်တင်ဘာအရေးအခင်းမှာတော့ နယူးယောက်မြို့နဲ့ ဝါရှင်တန်ဒီစီက ကဗျာဆရာတွေဟာ အရေးပေါ်အခြေအနေတစ်ရပ် ထုတ်ပြန်ပြီးနောက် လူထုရဲ့ တကယ့်ရင်ထဲကလာတဲ့ အသံတွေ စုစည်းကာ သူတို့ရဲ့ဘာသာစကားထဲကို ရောထည့်ပြီး ကဗျာတွေ အုံနဲ့ကျင်းနဲ့ စပ်ဆိုခဲ့ကြတယ်။ အဲဒီတိုက်ခိုက်မှုပြီးတဲ့ နောက်တစ်ပတ်မှာတော့ လူတွေဟာ ကဗျာရွတ်သံကို ရှောင်ကွင်းပြီး ရေဒီယိုနားထောင်ဖို့ မလွယ်တဲ့ကိစ္စ ဖြစ်သွားတယ်။ ကဗျာသံမကြားချင်ရင် ရေဒီယိုဖွင့်ဖို့တောင် မလွယ်ပါဘူးတဲ့။ အဲဒီတုန်းက အသံလွှင့်ရုံတွေက ထပ်ခါတလဲလဲလွှင့်ပေးနေတဲ့ ကဗျာတစ်ပုဒ်ရှိခဲ့တယ်။ အဲဒါကတော့ ဒဗလျူ၊အိတ်ခ်ျ၊အော်ဒင် (W.H.Auden)ရဲ့ နာမည်ကြီးကဗျာ "စက်တင်ဘာ (၁)၊ ၁၉၃၉" ပါပဲ။ အဲဒီကဗျာဟာ ဂျာမန်တပ်တွေ ပိုလန်ကိုဝင်စီးခဲ့လို့ ရေးခဲ့တာဖြစ်ပြီး နိုင်ငံရေးရှုထောင့်က မှားခြင်း၊မှန်ခြင်းဆိုတဲ့ ချဉ်းကပ်ပုံနဲ့ကွဲပြားပြီး "စိတ်ထား(ဝါ)ကိုယ်ချင်းစာစိတ်" နဲ့ ချဉ်းကပ်တာမျိုးဖြစ်တယ်။ ဒီကဗျာဟာ နိုင်ငံရေးကို ရိုက်ခတ်ပါတယ်။ တကယ်တော့ ကဗျာဆရာဟာ သူစိမ်းတစ်ယောက်အတွက် ပြောဆိုရေးစပ်တာဟာ သိပ်တော့ အဓိပ္ပါယ်မရှိပါဘူး။ သူတို့ကိုယ်တိုင် ဖော်ပြမှုကိုဖြစ်စေ၊ သူတို့ပါဝင်ပတ်သက်နေတဲ့ အုပ်စုကိုဖြစ်စေ၊ ကိုယ်စားပြုဖော်ပြလေ့ရှိတယ်။ သူတို့ဟာ မက္ကဆီကန် အမေရိကန်အုပ်စု (Chicanos) ဖြစ်စေ၊ နပုန်းလိင်အုပ်စု (Gays)ကိုဖြစ်စေ ကိုယ်စားပြုနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ပိုင်ဟန် (own measure and style)ကို ရှာဖွေဖန်တီး ဖော်ပြကြတယ်။ စိတ်ကူးနဲ့ ကိုယ်ပိုင်သီးခြားဟန်တို့ပေါင်းပြီး ရေးဖွဲ့တာကို ဆိုလိုတယ်။ ဒါနဲ့ပဲ အဲဒီကဗျာဆရာဟာ နိုင်ငံရေးကိုယ်စားပြုသူတွေ ဖြစ်လာတယ်။ (ဥပမာ) ဝေါ့ဝှစ်(ထ်)မင်း (Walt Whitman)ဟာ ဒီမိုကရေစီကို ကိုယ်စားပြုတဲ့ ကဗျာဆရာဖြစ်လာတယ်။ သူလိုနောက်တစ်ယောက် ဆင်တူရိုးမှား ဒီခေါင်းစဉ်အောက်မှာ မရှိတော့ဘူး။ အသေချာဆုံးစစ်တမ်းတွေ ကောက်ကြည့်ရင်တော့ နှစ်ဆယ်ရာစုအစောပိုင်း ကဗျာဆရာတွေဟာ အရိုးစွဲသမား ကွန်ဆာဗေးတစ် ဒါမှမဟုတ် အစွန်းရောက်လစ်ဘရယ် ဆန့်ကျင် (Reactionary) တွေ ဖြစ်သွားတယ်။ (ဥပမာ) ယိ(ထ်) (Yeats)၊ အဲလီးယော့ (Eliot)၊ စတီဗင် (Stevens) နဲ့ အက်ဇရာပေါင်း (Pound)တို့ပဲ ဖြစ်တယ်။ ဥပမာ ဆရာကြီး ယိ(ထ်)ဟာ သဘောထားတင်းမာသူ မျိုးချစ်စိတ်ပြင်းသူဆိုတဲ့ အမှတ်အသား ကိုရပါတယ်။ သူ့ရဲ့ထက်သန်မှုနဲ့ တိုင်းပြည်ချစ်စိတ်ဟာ သူ့ကဗျာတွေရဲ့ ခေတ်မီမှုနဲ့ တွဲချိတ်လို့ မရတဲ့အထိ ဖြစ်လာတယ်။ ဒါဟာ ခေတ်နောက်ကျတဲ့ မျိုးချစ်စိတ်ရှိသူ (Old-fashion patriotism)ကို လက်ကိုင်ထားလို့ပါပဲလို့ "ဂျေး" က ဆိုပါတယ်။
ဒီလို ကိုယ့်မြေ၊ ကိုယ့်ရာဇဝင်၊ ကိုယ့်ဒဏ္ဍာရီတွေကို ဆတ်ဆတ်ထိမခံဖြစ်တဲ့ အနေအထားကို ဖန်တီးပေးလိုက် တာက မောက်ဂွန်နီ (Maud Gonne) ဆိုတဲ့ အမျိုးသမီးပဲ ဖြစ်ရမယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ နောက်တစ်ယောက်ကတော့ ရောဘတ်ဖရော့(စ်) ပါပဲ။ သူက ရေမြေသဘာဝကို ချစ်တဲ့သူ၊ ပြီးတော့ ခန့်မှန်းရခက်တဲ့လူ၊ လယ်သမားတစ်ဦးကဲ့သို့ အသွင်မျိုးရှိတဲ့သူရယ်လို့ ဆိုကြတယ်။ အမ်ဟားရက်(စ်) ကောလိပ် (Amherst College) မှာ ဆရာလုပ်နေတုန်းကဆိုရင် တပည့်တွေကို စာသင်တာရပ်ပြီး ပထမကမ္ဘာစစ်ထဲဝင်ဖို့ တိုက်တွန်းသတဲ့။ အဲဒီမှာ ဖရော့(စ်)ရဲ့ လုပ်ဖော်ကိုင်ဘက်တွေက ဖရော့(စ်)အပေါ်မှာ အကြီးအကျယ် ဒေါသူပုန်ထပါလေရော။ လူတိုင်းက စစ်ကိုဆန့်ကျင်နေတဲ့ အချိန်ကိုး။ ဂရိတ်ဒီပရက်ရှင်း (Great Depression)လို့ ခေါ်တဲ့ စီးပွားပျက်ကပ် (၁၉၂၉-၃၀) မှာတော့ ဆရာကြီးဖရော့(စ်)ဟာ အမေရိကန်သမ္မတကြီး ရုစဗဲ့ (Franklin Roosevelt)နဲ့ သူ့ရဲ့အလုပ်အကိုင် ရှာဖွေပေးရေး "New Deal" အစီအစဉ်ကို မထောက်ခံခဲ့ဘူး။ ဒီအစီအစဉ်ဟာ လူတွေ ကိုယ့်ဘာသာကိုယ် အလုပ်ရှာနိုင် ရက်သားနဲ့ အဲဒီအလုပ်ရှာနိုင်စွမ်းကို ထိခိုက်စေတယ်လို့ ဆရာကြီးက ယူဆပါတယ်။ လူတွေရဲ့ ဆုံးဖြတ်ချက်ကို အစိုးရက ချပေးစရာ မလိုဘူးလို့ ဆရာကြီးက ဆိုတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ်သာ ပေးကမ်းပါ (Provide, Provide) ကဗျာနဲ့ "New Hampshire" တို့လို ကဗျာတွေ ပေါ်လာတယ်။ ဆရာကြီးဟာ ကိုယ့်ကိုယ်ကိုယ်သာ ပေးကမ်းရာ Provide Provide ကို ဖတ်တဲ့အခါ အောက်ပါစာကြောင်းသုံးကြောင်းကို လေးလေးနက်နက်ဖတ်တယ်လို့ ဆိုတယ်။ နောက်ဆုံးသုံးကြောင်းဆိုရင်လည်း မမှားဘူး။
ငွေနဲ့ဝယ်ထားတဲ့ ခင်မင်မှုဟာတွေ၊ နဲ့ ကိုယ့်ဘက်က
ကိုယ့်ဟာကိုယ်လေးစားသမှုနဲ့ ကိုယ်တိုင်ပြုလုပ်တာထက်
ဘယ်လိုအရာကမှ သာအောင် မလုပ်နိုင်ဘူး။ ကိုယ့်ကိုယ်ကိုယ်သာ စောင်မရာ၏ ။ကိုယ့်ကိုယ်ကိုယ်သာ ပေးကမ်းရာ၏
ဒီစာသားလေးဟာ ကိုယ့်အားကိုယ်ကိုးကြဖို့ တိုက်တွန်းထားတယ်။ ကိုယ့်အလုပ်ကိုယ်ရှာရမယ်ပေါ့။ ဒီကဗျာလေးဟာ စီးပွားပျက်ကပ်အပေါ်မှာ အမေရိကန်အစိုးရရဲ့ “Great Deal” အစီအစဉ်ကို လက်တုံ့ပြန်ဖို့ရေးထားတာ ဖြစ်ပေမယ့် အခုဆိုရင် ဆောင်ပုဒ်တစ်ခုလိုတောင် ဖြစ်နေပါပြီ။ ဒီကဗျာက ဘာကိုအားပေးချင်တာလဲ ဆိုတော့ အခြေအနေတွေဟာ ဘယ်လိုပဲဖြစ်နေပါစေ၊ ကျုပ်တို့ဟာ ကိုယ့်ဘာသာကိုယ်ထိန်းချုပ်နိုင်စွမ်းရှိတယ်။ သက်ကြီးပိုင်း ဘဝရဲ့နေဝင်ချိန်မှာ စိတ်ချလက်ချနေနိုင်ဖို့ ခင်ဗျားဟာ စတော့အိတ်ချိန်းကြီးတစ်ခုလုံးကို ကိုယ့်ဘာသာကိုယ် တည်ဆောက်ရမယ်။ “Boughten Friendship” ဆိုတာက ငွေနဲ့ဝယ်ထားတဲ့ မိတ်ဆွေတွေ။ ဥပမာ နာ့စ်တွေနဲ့ကူညီပေးသူတွေ ဆိုတာကတော့ ခင်ဗျားတို့ မိတ်ဆွေအစစ်တွေနဲ့ ဆွေမျိုးတွေထက်စာရင် ပိုပြီးတော့ မကောင်းနိုင်ပါဘူး။ သူတို့ရဲ့အကူအညီတွေ (မိတ်ဆွေစစ်၊ဆွေမျိုးသားချင်း) တွေက ခင်ဗျားရဲ့အထီးကျန်မှု၊ ငွေကြေးချို့တဲ့မှုတို့ကို ကွယ်ပျောက်စေမယ်။ ဒါပေမယ့် ဆရာကြီး ဖရော့စ်ကတော့ ကိုယ့်ကိုယ်ကိုယ် ပံ့ပိုးစမ်းပါ ကိုယ့်လူရယ်လို့ အလေးအနက်ပြောနေရတာ အဓိပ္ပါယ်ရှိတယ်။ ဘာကြောင့်လဲဆိုတော့ သက်ကြီးပိုင်းမှာ တခြားလူအကူအညီပေးရင်လည်း ခင်ဗျားကကြိုက်မှာမှ မဟုတ်တာပဲလေ။
အမှားအမှန်ကို သိမြင်မှု (Morality)နဲ့ နိုင်ငံရေး (Politic)ကို ဆရာကြီး ဖရော့စ် တစ်ပြိုင်တည်း ထည့်သွင်းဖော်ပြ ထားတဲ့ ကဗျာလေးတစ်ပုဒ် ရှိပါတယ်။ အဲဒါကတော့ “ခေတ်ပျက်ထဲကလူနှစ်ယောက်” (Two Tramps in Mud Time) ကဗျာဟာ အလုပ်နဲ့လုပ်ပိုင်ခွင့် (Work and the night to work)ကို ရေးဖွဲ့တဲ့ ကဗျာလေးတစ်ပုဒ်ပါ။ ကဗျာထဲက ဇာတ်ပြောသူ (Speaker in the poem)က ကျေးလက်က သူ့လယ်ကွင်းထဲမှ သစ်တွေကို ခုတ်ဖြတ်နေတယ်။ သူက “သူ့ရဲ့စိတ်ကိုလျှော့ပေးနေတယ်” (giving a loose to my soul)လို့ ရေးတယ်။ သူပျော်ရွှင်နှစ်သက်တယ်။ ဒါမျိုးလုပ်ရတာ (ဝါ) သစ်ခွဲနေရတာကို ကျေနပ်တယ်။ နောက်တော့ ဖရော့(စ်)ဟာ စာရိတ္တခြစားမှုကို အဲဒီကဗျာထဲ ထည့်သွင်းပြောဆိုတယ်။ အဲဒီအချိန်ဟာ စီးပွားရေးချွတ်ခြုံကျလို့ ခေတ်ပျက်နေချိန်။ ဒါကို ဖရော့(စ်)က Mud Time (ရွှံ့စေးမစင်တဲ့ အချိန်အခါသမယ)လို့ ခေါ်တယ်။ အဲဒီခေတ်ပျက် (Mud Time)ကြီးထဲမှာ စာရိတ္တဆိုတာက သာမည ဖြစ်သွားတယ်။ လူကောင်းတွေဟာ အဲဒီတုန်းက အမေရိကန်တစ်ခွင် ပြဲပြဲစင်အောင် လှည့်လည်ပြီး ကြုံရာကျပမ်း အလုပ်လေး ရလိုရငြား ရှာဖွေရတယ်။ သူတို့ ဘာအတွက် အလုပ်လုပ်နေကြသလဲ။ အလုပ်က ငွေရမယ်၊ စားစရာလေး ဘာလေးရမယ်။ ဒါမှမဟုတ် အလုပ်က သူတို့မျှော်လင့်တာ ငွေမှမဟုတ်ရင်ဘာလဲ။ သူတို့ရဲ့ပျောက်ဆုံးသွားတဲ့ ကိုယ့်ကိုယ်ကိုယ် လေးစားမှုနဲ့ ဂုဏ်သိက္ခာကို ပြန်ရလိုရငြား မျှော်လင့်ကြတယ်။ လူနှစ်ဦးထဲက ပထမလူဟာ ဇာတ်ပြောသူ ဆီကနေ ထွက်ခွာသွားတယ်။ သူ့ကိုကြည့်ရတာ ဒီလိုသစ်ခုတ်နေရတာကိုပဲ ပျော်နေမယ့်သူမျိုး။ ဒုတိယတစ်ယောက် ကတော့ ခပ်လေးလေးထွက်သွားတယ်။ အလုပ်ကိုသွားတဲ့ ခြေလှမ်းတွေပေါ့။ ဒုတိယပုဂ္ဂိုလ်လိုမျိုးက ငွေကြောင့် အလုပ်လာလုပ်သူပဲ။ မပျော်ဘူးပေါ့။ ဒီလိုလူဟာ ဘာလုပ်လုပ်ပျော်မှာလည်း မဟုတ်ဘူး။ ဆရာကြီးဖရော့(စ်) က ဒီကဗျာမှာ နောက်ထပ်အရေးကြီးတဲ့ အချက်တစ်ချက်ထည့်သွားတယ်။ အဲဒါကတော့ သက်မွေးဝမ်းကျောင်း (Vocation)နဲ့ ဝါသနာ (Avocation)ပါပဲ။ ဒါဟာ သိပ်ကိုအရေးကြီးတဲ့ အချက်ပါ။ ကိုယ့်အလုပ်မှာ ကိုယ်ပျော်နိုင်ဖို့ ဒီအလုပ်ဟာ ကိုယ့်ရဲ့ဝါသနာလားလို့ မေးဖို့လိုတယ်။ ကဗျာထဲက အရေးကြီးတဲ့စာကြောင်းပြတ်တွေ (Crucial Juncture) တွေကို ကြည့်ရအောင်။ နောက်ဆုံးမရောက်ခင်တစ်ပုဒ် (The Penultimate)ကို ကြည့်ရအောင်ဗျာ။
တစ်ဖက်ဆီက ဘာမှမပြောခဲ့ကြ
သူတို့နေထိုင်ခွင့်ပေါ် ခိုလှုံဖို့ကလွဲလို့ သူတို့မှာရှိခဲ့တယ်ဆိုတာ သူတို့သိခဲ့ပါရဲ့
ပြီးတော့ သူတို့ရဲ့ လောဂျစ်ဟာ ငါ့ခေါင်းထဲမှာ ပြည့်နှက်နေခဲ့လိမ့်မယ်
ငါက ကစားဖို့ အခွင့်အရေးမရှိခဲ့သလိုမျိုးပ။
ထပ်မံရဖို့ အခြားအမျိုးသားတစ်ယောက်ရဲ့ အလုပ်ဆိုတဲ့ အရာနဲ့အတူ
သူတို့၌ရှိသော အရာကတော့ လိုအပ်ခြင်းဖြစ်ပေမယ့် ငါ့ရဲ့အမှန်တရားက ချစ်ခြင်းမေတ္တာဖြစ်လောက်ရဲ့
နောက်ပြီး သီးခြားနေရာနှစ်ခုမှာ ရှိတဲ့ဒီထွက်ပေါက်များရှိရာအရပ်၌
သူတို့မှာ ရှိတဲ့အရာကတော့ ပိုကောင်းတဲ့ အမှန်တရား - ကျုပ်လက်ခံပေးခဲ့ပါတယ်။
ဆရာကြီးရောဘတ်ဖရော့(စ)ဟာ ဒီအပုဒ်မှာတော့ လူသားတွေရပ်တည်ရမယ့် ကျင့်ဝတ်ကို ထည့်သွင်းခဲ့တယ်။ အဲဒီကျင့်ဝတ်တွေဟာ ရှုပ်ထွေးနေကောင်းနေမယ်။ သူဆိုလိုတဲ့ ချစ်ခြင်းမေတ္တာ (love)ထက်ကို လိုအပ်ချက် (need)က ပိုပြီး အရေးကြီးသွားသလို ဖြစ်နေတယ်။ ဆရာကြီးဟာ ချစ်ခြင်းမေတ္တာ (love)ဆိုတဲ့ စကားလုံးကို ရွေးချယ်ပြီး အဲဒီစကားလုံးကို တန်ပြန်ထိန်းညှိဖို့အတွက် လိုအပ်ချက် (need) ဆိုတဲ့ စကားလုံးကို ကဗျာထဲထည့်ပြီး သူ့ကဗျာကို ထပ်မြှင့်ခဲ့တယ်။ ကဗျာရဲ့ နောက်ဆုံးအပိုဒ်ကို ကြည့်ရအောင်။
ဒါပေမယ့် တစ်ဘာသာစီလုပ်မယ်ဆိုတဲ့လူတွေကိုတော့ ကျုပ်လက်မြှောက်တယ်
ကျုပ်ရဲ့အလုပ် ကျုပ်ရဲ့ဝါသနာ
မျက်လုံးနှစ်လုံးကို တစ်ခုတည်းသောမြင်ကွင်းကို ပြုလုပ်ပေါ့
ချစ်ခြင်းမေတ္တာနဲ့လိုအပ်ချက်ဟာ တစ်ခုတည်းသောအရာ ဖြစ်တဲ့နေရာ
နောက်တော့ အလုပ်ဟာ လူသားဖြစ်တည်မှုအဆင့်ဆင့်ကို အသုံးတော်ခံရဲ့
အမြဲတမ်းပဲ ရည်ရွယ်ချက်မြောက်အောင် အမှန်တကယ်လုပ်ရဲ့
ကောင်းကင်ဘုံအတွက်နဲ့ အနာဂတ်ရဲ့ အကျိုးအမြတ်များအတွက်ပေါ့။
ကျွန်တော်တို့ဆီက လိုအပ်ချက် (ဆန္ဒ) ဆိုတဲ့အရာဟာ အချစ်ဆိုတဲ့စကားနဲ့ လားရာသဏ္ဍာန်က သိပ်မကွာ ပါဘူး။ ဆောင်းပါးရေးသူ “ဂျေး” ကတော့ စာသားက ခွင့်မပြုဘူးလို့ ဆိုပါတယ်။ ဒီအပုဒ်မှာ စဉ်းစားစရာ ပေးထားတယ်လို့ ဆိုလိုတာပါ။ ကဗျာဆရာက ဖတ်သူဆီက တောင်းဆိုတာက “need” နဲ့ “love” ဘယ်အရာကို ရှေ့တန်းတင်မလဲ ဆိုတာပါ။ လူအမျိုးမျိုး သဘောထားအမျိုးမျိုး ကွဲနိုင်တယ်။ ဒါပေမယ့် လွယ်လင့်တကူ ဆုံးဖြတ်ဖို့မလိုဘူး။ အလွယ်တကူ ဆုံးဖြတ်မှုကို ခွင့်မပြု (Disallowing easy judgment) လို့ရေးပါတယ်။ ပြန်ပြီးချုပ်ရရင် ရောဘတ်ဖရော့စ်ရဲ့ ကဗျာဟာ အဲဒီခေတ်က စီးပွားပျက်ကပ်ကို ရည်ရွယ်တယ်။ ခေတ်အခြေအနေက နိုင်ငံရေးပါပဲ။
Ref: -Jay Parini : Why Poetry Matters(2008),Yale University Press
Unlike·Comment·Share
You, Htin Aung and 54 others like this.
Soe San
Let me share!
Like · 1 · More · Yesterday at 21:18
ခရမ်းပြာ ထက်လူ
အချောပြန်ဖတ်ဦးမယ်ဆရာ
Like · 1 · More · 1 hour ago
Zaw Zaw Htun
ဟုတ် ဆရာ နည်းနည်းရှည်သွားတယ်..ဆောင်းပါးထဲကဖြတ်တင်လိုက်တာ..ကျေးဇူးပါဆရာ..ခရမ်းပြာ ထက်လူ ပန်းကဗျာဆုအတွက် ဂုဏ်ယူပါတယ်။ကဗျာတပုဒ်ဟာ ဆုနှစ်ဆု ထိ အောင်ဖတ်သူကိုထိခတ်ပါတယ်။
Like · 1 · More · 1 hour ago
Nat Khatni
ကဗျာဆရာတွေဟာ ဆိုင်းဘုတ်၊ စတေကာ၊ ဘန်နာတွေပေါ်မှာရေးပြီး သူ့နိုင်ငံရေးကို ဖွင့်ဟပြတတ်တယ်။ အဲဒီကဗျာတွေဟာ အခြေအနေတွေရဲ့ သက်သေသက္ကာယတွေဖြစ်ပြီး အလွယ်တကူ သမိုင်းမှာ မေ့လို့မရ၊ ဖျက်လို့မရတဲ့ ကဗျာတွေ ဖြစ်သွားတယ်။ အဲဒီ နိုင်ငံရေး ရောင်ပြန်ဟပ်တဲ့ ကဗျာတွေဟာ ကဗျာဆရာတွေက လက်ရှိနိုင်ငံရေးကို ပိုပြီးရှင်းလင်းသွားအောင် တွေးစရာ၊ခံစားစရာတွေအဖြစ် ဖတ်သူကို ရှင်းလင်းစေတယ်။ ကဗျာဆရာဟာ ဘယ်တော့မှ နိုင်ငံရေးအကျပ်အတည်းကို ဘယ်ပုံဘယ်နည်းဖြေရှင်းရမယ်ဆိုတဲ့ (solution)ကို မပေးဘူး။ မကမ်းလှမ်းဘူး။ "offer" မလုပ်ဘူး။ သူတို့ဟာ ဖတ်သူကို ဖြစ်စဉ်အတိမ်အနက်ကို နားလည်သဘောပေါက်အောင် ကူညီဖို့ သက်သက်ပါပဲ။
Like · 1 · More · 55 minutes ago
Zaw Zaw Htun
ကဗျာနဲ့နိုင်ငံရေး ဆိုပြီး တအုပ်ထွက်ဖို့ရှိတယ်..သူတို့ဆီက ကဗျာအထင်ကရတွေ ဘယ်လိုနိုင်ငံရေးကဗျာရေးခဲ့တယ်ဆိုတာ ..ကိုယ့်ဆရာတို့အကြိုက်ဖြစ်မယ်။ Nat Khatni
Like · 1 · More · 41 minutes ago
Nat Khatni
ကျွန်တော်ကလေ့လာသင်ယူနေသူပါ မပြည့်သေးတဲ့ဝမ်းစာဖြည့်ခွင့်ရလို့ကျေးဇူးပါဆရာ--။
Like · 1 · More · 39 minutes ago
Post
Posted via Blogaway
Comments
Post a Comment