အရောင်ရင့်ရင့်ယှက်ဖောက်ထားတဲ့ နွေ
_____________________________
နွေရဲ့သက္ကရာဇ်အဟောင်းကြား
ဆန္ဒအသစ်တွေ အလဲလဲအပြိုပြို
ပျင်းရိခြင်းမှာ ပျော်ရွှင်ကြောင်း
စာလုံးပေါင်းမှားနေဆဲ။
အစုန် အဆန် သံယောဇဉ် လမ်းမှာ
ပြုံးပြဖို့မေ့နေတဲ့ ဇာတ်ဝင်ခန်းနဲ့
သမုဒယစီးကြောင်းမှာအဆန်းတကျယ်ပွင့်
တဲ့နာမ်
ခံတွင်းတွေပူအိုက်
သဘာဝကိုက ယန္တရား ဆန်တယ်။
ရှင်သန်ဖို့ လမ်းမတွေနဲ့ ပဋိပက္ခ
ကောင်းကင်ပေါ်ရေးထိုးမိတဲ့သက်တန့်တံတား
သက်ပြင်းချသံတွေနဲ့ ဓားရိုးကမ်းမိတဲ့အဖြစ်
ဖောက်ပြန်တဲ့ ရာသီဥတု ကို လက်ဆွဲနှုက်ဆက်ခဲ့တယ်။
နွေကို အသက်သွင်းဖို့ ရင်ဘတ်ကို
ဆုတ်ဖြဲပြချင်လိုက်တယ်။
ရွက်ဝါတွေ မီးဟုန်းဟုန်းထတောက်သွားမလား
ဗာဒံရွက်လေးတွေ ညိုးငယ်သွားမလားလို့..။
တွေးငေးရင်း ဟန်ချက်မပျက် မြက်ခင်းစိမ်းကို အငမ်းမရ ငေးမောပစ်လိုက်တယ်။
ကိုယ် ကျွမ်းကျင်တာ ဒါပဲရှိတော..
ကိုယ့်ရဲ့ စန်းကို ကြပ်ပူးထိုး ခမ်းနားလိုက်တယ်။
အိပ်မက်တွေ ထမ်းပိုးရင်းကြီးရင့်
တိတ်ဆိတ်ခြင်းဟာ ကြာလေ ဖိအားများလေနဲ့
ပစ္စုပ္ပန်ဟာ အမောဖောက်တယ်
တွန်းဖယ်ထုတ်ခံရတဲ့မေတ္တာမှာ
တမ်မက်မှုတွေ အရသာမရှိတော့ဘူး။
အဓိပ္ပပါယ်မဲ့စွာ အတိတ်က အချစ်ကို တောင့်တခြင်းထက်
ညနေခါးခါးတစ်ခွက်ကို ရေမရောဘဲ သောက်လိုက်တာမှ အရသာပိုတွေ့မလား။
ပြတ်တောက်သွားတဲ့ မျှော်လင့်ချက်တွေကြား ဂီတာဟာ အသံမသာနိုင်တော့ဘူး။
ချစ်ခြင်းတရားကို ဘာသာပြန်ဖို့
တိမ်တွေလို ငွေ့ရည်မဖွဲ့ချင်တော့ဘူး။
အနေဝေးခြင်း ပြက္ခဒိန်ရွက်တွေကြားမှာ
မိုးခေါင်ပြလိုက်တော့မယ်
ဒီလို လွမ်းဆွေးသံမှာဘေးမသီရန်မခစေပဲ
သက္ကရာဇ် တစ်ခုစာ မိတ်ကပ်လိမ်းခဲ့တယ် ။
လင်းဆက်ပိုင် ...အော်ရိုရာ
16.3.2015
Comments
Post a Comment