Aung Yin Nyein
21 mins ·
More options
ကဗျာစရေးစ လူငယ်
စာဖတ်အားနည်းတဲ့ လူငယ်
ကဗျာရေး/ဖတ် အတွေ့အကြုံ နုနယ်သေးတဲ့ လူငယ်တွေက
ကဗျာရေးသက်ရင့်တဲ့ ကဗျာဆရာတွေကို
ကဗျာနဲ့ပတ်သက်ပြီး
သူတို့ သိချင်တဲ့ မေးခွန်းလေးတွေ မေးလေ့ရှိကြပါတယ်။
အဲဒီလို လူငယ်တွေအတွက်
ကျွန်တော်တို့ အတွေ့အကြုံကို ပြန် မျှဝေတဲ့သဘောနဲ့ အကြံပြုတဲ့အနေနဲ့သာ
ဒီစတေးတပ်စ်ကို လိုတိုရှင်း တင်ပါတယ်။
ကဗျာရေး/ဖတ် အတွေ့အကြုံရင့်ကျက်ပြီး
ကဗျာဆရာများအတွက် မရည်ရွယ်ပါ။
ဆရာဂျီး လုပ်တာလည်း မဟုတ်ပါ။
မလိုအပ်ဘူး ထင်ရင် ကျော်ဖတ်သွားပါ။
Commentနဲ့ ပြသနာ လာမရှာဖို့
စိတ်အနှောင့်အယှက်ဖြစ်အောင်
လာ မလုပ်ကြဖို့တော့
ကြိုတင်မေတ္တာရပ်ခံထားချင်ပါတယ်။
#
ကဗျာအနုပညာဟာ
ကဗျာဆရာရဲ့ စိတ်ကူးစိတ်သန်းနဲ့ အာရုံခံစားမှုတွေကို ကဗျာအတတ်ပညာ နည်းစနစ်တွေနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတဲ့
စာသားအနုပညာ/ စာသားအဆောက်အအုံ
တစ်မျိုးပါ။
ကဗျာတစ်ပုဒ်မှာ အခြားသူတွေနဲ့ ကွဲပြားခြားနားပြီး တစ်သီးပုဂ္ဂလသဘောဆောင်တဲ့ ကဗျာရေးသူရဲ့
အာရုံခံစားမှုဟာ အရေးကြီးသလို အခြားသူတွေနဲ့ လွဲချော်သွေဖည်နေနိုင်တဲ့ စိတ်ကူးစိတ်သန်း/ လောကအမြင်တွေဟာလည်း ထပ်တူထပ်မျှ အရေးပါပါတယ်။
အဲဒါတွေကို အသွင်ပုံဖော်ပြနိုင်မယ့်စကားလုံးတွေနဲ့
သူတို့အချင်းချင်း တွဲစပ်ကစားပုံ
သူတို့အချင်းချင်း ချိတ်ဆက်သွယ်တန်းနေပုံ
သူတို့အချင်းချင်း ဖွဲ့စည်းတည်ဆောက်ထားပုံ
သူတို့အချင်းချင်း ဟာမိုနီ/ ပဋိပက္ခဖြစ်နေပုံ
တွေကတော့ ကဗျာမှာ ဂရုစိုက်ရမယ့်
အခြေခံအဓိကကျတဲ့ အရာတွေပါပဲ။
ကဗျာကို
သာမန် လူငယ်သဘာဝ ဝါသနာအရ စိတ်အာသာပြေ ရေးတာမျိုးမဟုတ်ဘဲ
တန်ဖိုးမြင့် အဆင့်မြင့်အနုပညာလက်ရာတစ်ခုလို
လေးနက်ယုံကြည်စိတ်နဲ့ ရေးသားဖန်တီးမယ့် ကဗျာရေးသူတစ်ယောက်အနေနဲ့
၁။ ကဗျာအကြောင်းအရာကို တကူးတကန့် တွေးတောစဉ်းစားပြီး လိုက်မရှာဖွေပါနဲ့။ စိတ်ထဲ အလိုလို ဖိစီးလွှမ်းမိုးနေတဲ့ ဒါမှမဟုတ် စိတ်ထဲ ဖျတ်ခနဲ လင်းပွင့်ဝင်လာတဲ့ အကြောင်းအရာမျိုးကိုပဲ အမိအရ ဖမ်းဆုပ်/ အတွေးချဲ့ထွင်နိုင်ဖို့ အာရုံစူးစိုက်ထားပါ။
၂။ အခြားသူတွေနဲ့ ကွဲပြားခြားနားနေနိုင်မယ့်
စကားလုံး အသုံးအနှုန်းတွေကို ရွေးချယ်တွဲစပ်ပါ။ ရုပ်ပိုင်းဆိုင်ရာဖော်ပြတဲ့ စကားလုံးတွေနဲ့ စိတ်ပိုင်းခံစားမှု ဖော်ပြတဲ့ စကားလုံးတွေ မျှတညီညွတ်ပါစေ။
၃။ Figurative Language တွေကို ကျွမ်းကျင်ပိုင်နိုင်အောင် စူးစမ်းလေ့လာထားပါ။ အရပ်သုံးဘာသာစကားနဲ့ ကဗျာဘာသာစကားတွေကို မျှတအောင် ရောနှောသုံးစွဲပါ။
၎။ ကဗျာစကားလုံးတွေဆီက ထွက်လာတဲ့ အသံနိမ့်မြင့် လှုပ်ရှားစီးဆင်းမှုကို ဂရုစိုက်ပါ။ လိုအပ်ရင် ကဗျာစကားလုံးတွေ ကဗျာစာကြောင်းတွေကို ရှေ့နောက်/ အထက်အောက် အဆင်ပြေသလို နေရာပြောင်းရွှေ့ကစားခြင်းဖြင့် ကဗျာရဲ့အသံစီးဆင်းမှုနဲ့ စာသားအဓိပ္ပာယ် ဖွဲ့စည်းမှုကို ပြင်ဆင်ဆော့ကစားပေးနိုင်ပါတယ်။
၅။ တစ်သီးပုဂ္ဂလ စိတ်အာရုံခံစားမှုထဲမှာပဲ စူးစိုက်နစ်မျောမနေဘဲ ကိုယ် အသက်ရှင်ဖြတ်သန်းနေထိုင်နေတဲ့ ခေတ်စနစ်လူမှုဝန်းကျင်ကိုလည်း ကြည့်ပါ။ ကဗျာစာသားတွေထဲမှာ ပြင်းထန်နက်နဲတဲ့ ပုဂ္ဂလိကအာရုံခံစားမှုအပြင် ခေတ်စနစ်လူမှုဝန်းကျင်အပေါ် အမြင်တွေ အခြားသူတွေရဲ့ အမြင်တွေကိုလည်း ရောနှောရေးဖွဲ့ပါ။
၆။ ကိုယ့် နေစဉ် FB Status တွေကို မှတ်တမ်းသိမ်းဆည်းထားပါ။ လိုအပ်ရင် ကဗျာထဲ ပြန်ထည့်သုံးပါ။
၇။ အွန်လိုင်း(ဥပမာ FB Status) တီဗီ ရုပ်ရှင် ဝတ္ထု ကြော်ငြာနဲ့ အခြားစာသားမီဒီယာမျိုးစုံမှ ကိုယ့်စိတ်ကို လာရောက်ထိခတ်နိုင်တဲ့ စာသားအပိုင်းအစ / ဝါကျတိုရှည်တွေကို စုဆောင်းမှတ်သားထားပါ။ လိုအပ်ရင် ကိုယ့်ကဗျာအဆောက်အအုံကို အထောက်အကူပြုနိုင်မယ် ထင်ရင် အဲဒီလို ကိုယ်ပိုင်မဟုတ်တဲ့ တခြားသူတွေရဲ့ စာသားတွေကို ကဗျာမှာ ပေါင်းစပ်ထည့်သွင်းပါ။
ကျင့်ဝတ်အရ ကဗျာအောက်ခြေမှတ်စု ထည့်ပေးဖို့ မမေ့ပါနဲ့။
၈။ အခြားကဗျာဆရာ/ကဗျာဆရာမတွေရဲ့ ကဗျာအနုပညာကို ရသတွေ့ကြုံခံစားဖို့သက်သက် မဖတ်ပါနဲ့။ အခြားသူတွေရဲ့ ကဗျာမှာပါဝင်တဲ့ အကြောင်းအရာ(များ) အာရုံခံစားမှုနဲ့ အတွေးအမြင်အယူအဆများ စကားလုံးရွေးချယ်သုံးစွဲပုံ စာသားဖွဲ့စည်းတည်ဆောက်ပုံတွေကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာ စူးစမ်းလေ့လာပါ။
၉။ ကဗျာတစ်ပုဒ် လက်စမသတ်ခင် ကလောင်နာမည်မရေးထိုးခင် ကဗျာစာသားအဆောက်အအုံတစ်ခုလုံးကို စေ့စေ့စပ်စပ် သေသေချာချာ ပြန်ဖတ်ပါ။ ကဗျာရေးနေတဲ့ ဖြစ်စဉ်အတွင်း စိတ်ကူးစီးမျောမှုနဲ့ အလိုအလျောက်ရေးဖွဲ့ထားမိလို့ ကဗျာစာသားတွေထဲ ပါဝင်နေပေမဲ့ အနက်အဓိပ္ပာယ်အထွေအထူးမရှိ ပိုလျှံနေတယ်လို့ ထင်မြင်ယူဆမိတဲ့ စကားလုံးစာသားတွေကို ပြန်ဖြုတ်ပစ်ဖို့ ဝန်မလေးပါနဲ့။ ကဗျာတစ်ပုဒ်လုံးကို ဒုတိယအတွေးနဲ့ ပြန်ဖတ်ပြီး စကားလုံးအသစ်တွေ ဝါကျသစ်တွေ ဖြည့်/ဖြုတ် ပြင်ဆင်တည်းဖြတ်ပါ။
၁၀။ ကဗျာအယူအဆရေးရာနဲ့ ဆိုင်တဲ့ ပညာရပ်ဆိုင်ရာဆောင်းပါး ကဗျာချဉ်းကပ်ဆောင်းပါး ကဗျာဝေဖန်ရေးဆောင်းပါးတွေ လက်လှမ်းမီသလောက် စူးစမ်းလေ့လာပါ။ ကဗျာအယူအဆ/နည်းစနစ်တွေနဲ့ ပတ်သက်ပြီး တစ်ခုတည်းကို စွဲလမ်းဆုပ်ကိုင်မထားမိပါစေနဲ့။ ကဗျာအယူအဆမျိုးစုံကို ဟင်းလင်းဖွင့်ထားတဲ့စိတ်နဲ့ စူးစမ်းလေ့လာပါ။
၁၁။ ကိုယ် နှစ်သက်လက်ခံ/ ရေးသား/ တန်ဖိုးထားခံစားလေ့ ရှိတဲ့ကဗျာအမျိုးအစား ကဗျာတန်ဖိုးစံနှုန်း ကဗျာရသ ကဗျာစာသားအဆောက်အအုံမျိုးသာ ကဗျာအနုပညာဖြစ်ပြီး အခြားကွဲပြားခြားနားနေတဲ့ အရာတွေကို ကဗျာမဟုတ်/ကဗျာမဖြစ် /အနုပညာမမြောက်ဘူးလို့ ဘယ်တော့မှ မတွေး မပြောမိပါစေနဲ့။ ကိုယ့် အနုပညာ/ ကိုယ့် ကဗျာအယူအဆနဲ့ ကွဲပြားခြားနားနေတဲ့ အခြားအနုပညာလက်ရာ/အယူအဆ/ အမျိုးအစားတွေ ရှိနေနိုင်တယ် ရှိနေခွင့်ရှိတယ်ဆိုတာ နှလုံးသွင်းနားလည်လက်ခံထားပေးပါ။
ချစ်ခြင်းမေတ္တာဖြင့်
အောင်ရင်ငြိမ်း
အောင်ရင်ငြိမ်းfacebookမှကူးယူဖေါ်ပြသည်
Posted via Blogaway
Comments
Post a Comment