Zaw Zaw Htun
23 hrs · Edited ·
More options
စကားပြေကဗျာ ဘာလဲ
စကားပြေကဗျာဆိုတာ ကဗျာကို စကားပြေပုံစံအတိုင်း တည်ဆောက်တာပဲ ဖြစ်တယ်။ ဝီကီအဘိဓါန်ရဲ့ အလိုအရ တော့ ကာရံပိုဒ်ခွဲများအစား စကားပြေပုံစံကိုသုံး၍ တည်ဆောက်ခြင်းဖြစ်ပြီး ကဗျာရဲ့ အရည်အသွေးမြင့် ဂုဏ်သိက္ခာတွေဖြစ်တဲ့ မြင့်မားတဲ့စိတ်ကူးစိတ်သန်းနဲ့ စိတ်လှုပ်ရှား သက်ဝင်မှုတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ စကားပြေကဗျာဆိုတာကလည်း ကဗျာကို တည်ဆောက်သလိုပဲ ဘာသာစကားကို မြင့်မားတဲ့စွမ်းရည်နဲ့ အာရုံစိုက်ခြင်း (emphasize its heightened attention to language)နှင့် တင်စားချက်များ အသုံးပြုခြင်း (use of metaphor) တို့လည်း အဓိကနေရာက ပါဝင်ပြန်တယ်။
စကားပြေရဲ့ဂုဏ်သိက္ခာ
ဒါ့အပြင် စကားပြေရဲ့ ဂုဏ်သိက္ခာနှစ်ရပ်လို့ ဆိုရမယ့်
၁။ ဇာတ်ကြောင်းပြောသဘောဖွဲ့စည်းမှု (prose’s association with narrative)
၂။အမှန်တရားရဲ့ဖေါ်ပြနိုင်မှုဦးတည်ချက်အားမျှော်လင့်ခြင်း (the expectation of an objective presentation of truth) တို့လည်း ပါဝင်ပြန်တယ်။
စိန်ခေါ်ခြင်း
သူတို့ဆီမှာလည်း နာမည်ကျော် ဝေဖန်ရေးဆရာတွေဖြစ်တဲ့ ဂျော်နသန်မွန်ရိုး(Jonathan Monroe)နဲ့ အက်(စ်)မာဖီ (Margueritte S.Murphy) တို့က စကားပြေကဗျာ ဟာကဗျာရဲ့ ဝိသေသနတွေကို လိုက်နာရမယ့်အစား စာပေသဘောတရား အစဉ်အလာတွေကို စိန်ခေါ်ခြင်းဖြစ်တယ်လို့ စွပ်စွဲတာတွေ ရှိခဲ့ပါတယ်။
Zaw Zaw Htun
23 hrs ·
More options
စကားပြေကဗျာဘာလဲ (၂)
အဆုံးမဲ့အစပြုခြင်း(The Endless Beginning)
အနောက်တိုင်း စကားပြေကဗျာဟာ ၁၉ရာစု ပြင်သစ်ရိုးရာစာကြောင်းကာရံ(Line in Verse)ကို ဆန့်ကျင်ခြင်း အကျိုးဆက်အနေနဲ့ ပေါ်ပေါက်လာရတယ်လို့ ဆိုတယ်။ အက်လက်ဇန်ဒရိုင်းကဗျာ(Alexandrine poetry)ကအစပြုလို့ အလွိုင်ဆီယပ်ဘာထရန်(Aloysius Bertrand) (Louis-Jacques-Napoléon “Aloysius” Bertrand (20 April 1807 – 29 April 1841) ဆီကို ကူးစက်တယ်။
အဲဒီနောက်မှာ စကားပြေကဗျာရဲ့ဖခင်လို့ အမေရိကန်ကဗျာအကယ်ဒမီဆိုဒ်က တင်စားတဲ့ ဘော်ဒလဲယား(Charles Baudelaire)ဟာ စကားပြေကဗျာကို ပိုမိုသိသာအောင် လက်စွမ်းပြခဲ့ ပြီးအာသာရင်းဘိုး(Arthur Rimbaud)တို့၊ မာလာမေ(Stephane Mallarme’)တို့ဆီ ရောက်သွားတယ်။ အဲဒီနောက် မဆုံးနိုင်တဲ့ စာရင်းတွေထဲမှာ ဂက်စပတ်ဒီလာနု (Gaspard de la Nuit)၊ ပါရစ်စပရင်း (Paris Spleen)တို့အထိ ပါဝင်ကြတယ်။ ၂၀ရာစုရဲ့ ပြင်သစ်စကားပြေကဗျာဆရာကြီးတွေ စာရင်းမှာတော့ မက်(ဆ)ဂျက်ကော့၊ ဟန်နရီမစ်အော့(Henri Michaux)နဲ့ ဖရင့်စစ်ပွန်(Francis Ponge)တို့ ထင်ရှားတယ်။ အင်္ဂလိပ်စာ ပေလောကမှာတော့ ၁၉ရာစုအပြောင်းလဲလှုပ်ရှားမှုအနေနဲ့ အော်စကာဝိုင်း(Oscar Wilde)မှာ အထင်အရှား အသုံးပြုလာတာ တွေ့ရတယ်။
မော်ဒန်ကဗျာဆရာကြီး တီအက်စ်အဲလီယော့(T.S.Eliot)ဟာ စကားပြေကဗျာကို ဆန့်ကျင်ခဲ့သူအဖြစ် ထင်ရှား တယ်။ ဒါပေမယ့်လည်း သူဟာ တစ်ခါနှစ်ခါလောက်တော့ စမ်းကြည့်ခဲ့ဖူးတာပေါ့။ ဝေဖန်သူတွေကတော့ ဆရာကြီးရဲ့ အမှာစာအရေးအသားဖြစ်တဲ့ ဒီဂျုနဘာနီ(Djuna Barnes)အတွက်ရေးတုန်းက စကားပြေကဗျာနဲ့ ဆင်တူတဲ့ အရေးကို တွေ့ရတယ်လို့ ဆိုတယ်။
အမေရိကန်စကားပြေကဗျာ
ထင်ရှားတဲ့ မော်ဒန်ဆရာကြီးတွေထဲက ဆရာမကြီးဂါထရုစတိုင်း(Gertrude Stein)နဲ့ ဝတ္ထုတိုမှာ ဆရာတစ်ဆူ ဖြစ်တဲ့ ရှားဝုဒ်အန်ဒါဆန်(Sherwood Anderson)တို့ဟာ အမေရိကန် စကားပြေကဗျာလောကမှာ လမ်းဖောက်သူတွေအဖြစ် ထင်ရှားတယ်။ ဒါတွေကိုရေးသား ဖေါ်ပြတာ ကျွန်တော့်မှာ အကြောင်းရှိပါတယ်။ ခင်ဗျားဟာ စကားပြေကဗျာမျိုး ရေးသားနေတဲ့ ကဗျာဆရာတစ်ဦးဆိုရင်တော့ တီအက်စ်အဲလီးယော့ကို ကိုးကားလို့မရနိုင်ဘူးဆိုတာ သိသင့်တယ်။ နောက်ပြီး ဘယ်ကဗျာဆရာတွေကတော့ ဒီလိုဟန်မျိုးရေးတယ် ဆိုတာ သိသင့်ပါတယ်။ တစ်ချိန်မှာ စာအုပ်ဆိုင်ကြီး တစ်ဆိုင်ကို ရောက်သွားခဲ့ပြီဆိုရင် ခင်ဗျားအရင်ဆုံး ရှာဖွေရမယ့် စာရေးဆရာတွေ ခင်ဗျားနှုတ်ဖျားမှာ အဆင်သင့်ရှိနေဖို့ လိုပါလိမ့်မယ်။
တစ်ချိန်က ကျွန်တော်ဟာ ရှားဝုဒ်အန်ဒါဆန်ကိုမသိလို့ သူ့ရဲ.နာမည်ကြီး ”ဓမ္မသတ်အသစ်”ANewTestament(1927)" ကို မဝယ်ဖြစ်ပါဘူး။ ခုတော့ အဲဒီစာအုပ်ဆိုင်မှာ မရှိတော့ပါဘူး။ ရှားဝုဒ်အန်ဒါဆန်ဟာ သူ့ရဲ့အရေးအသားတွေကို ”စကားပြေကဗျာ”လို့ ခေါင်းစဉ်တပ်တာ သူသိပ်နှစ်မြို့ပုံ မပေါ်ခဲ့ဘူး။ သူ့ရဲ့စာသားတွေဟာ စိတ်ကူးယဉ် ဝတ္ထုတိုများ(Short Fictions)လို့ ခေါင်းစဉ်တပ်တယ်။ အဲဒီအခါမှာ သူ့အရေးအသားတွေကို လျှပ်တပြတ်ဝတ္ထုတို (Flash Fictions)လို့ စာပေအသိုင်းအဝိုင်းက ခေါင်းစဉ်တပ်ခဲ့တယ်။
Prose poetry and Flash Fiction
ဒီတော့စကားပြေကဗျာ (Prose Poetry) နှင့် လျှပ်တပြတ်ဝတ္ထုတို(Flash Fiction)တို့ ဘာကွာလဲလို့ မေးလာရင် အွန်လိုင်းအဘိဓါန်တွေက ခင်ဗျားကို နှစ်ခုသော အဖြေကိုပေးပါလိမ့်မယ်။ အဲဒါတွေကတော့
၁။ သိပ်ပါးတဲ့အလွှာ (very thin)
၂။တူလုနီးပါး (Almost the same) (Almost indiscernible) ပါပဲ။
Share
စကားပြေကဗျာဘာလဲ (၃)
စကားပြေဆိုတာ
စကားပြေဆိုတာကို သူတို့အဓိပ္ပါယ်ပြန်ထားသလောက် ပြောကြည့်ပါ့မယ်။ ဒါတွေကတော့ ကျွန်တော့် အာဘော် မဟုတ်ပါဘူး။ ဘာကြောင့်ရှင်းပြဖို့လိုသလဲလို့ မေးကောင်းမေးနိုင်ပါတယ်။ စကားပြေရေးဟန်နဲ့ ကဗျာတွေ အတော်များများ ရေးလာကြတော့ ရေးတဲ့လူတွေအတွက် အချက်အလက်ရလို့ရငြား ဝိုင်းရှာပေးတဲ့ သဘောပါပဲ။ တချို့က ဒီိလိုရှည်လျားတဲ့ စကားပြေရေးဟန်ဟာ အယ်(လ်)ပီရဲ့ဟန်လို့ ထင်ကောင်းထင်နိုင်တယ်။ အဲဒီလိုဆိုရင် တော့ ငြင်းစရာမရှိပါဘူး။ အယ်(လ်)ပီဆရာကြီးတွေဖြစ်တဲ့ ရွန်ဆီလီမန်တို့၊ ဆူဆန်ဟိုးတို့၊ ချားလ်ဘန်းစတိန်းတို့တွေ ဟာ သူတို့ကဗျာ တွေအတော်များများကို ဒီလိုစကားပြေရေးဟန်တွေနဲ့ ရေးပါတယ်။ ဒါပေမယ့် စကားပြေရေးဟန် ဟာ အယ်(လ်)ပီရဲ့ဂုဏ်သိက္ခာတစ်ရပ်တော့ မဟုတ်ဘူး။ ProsePoetry ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း အတော်ကြာကြာ ကတည်းက ရှိနှင့်နေတဲ့ အရေးအသားဖြစ်ကြောင်း ရှေ့မှာရေးပြီးခဲ့ပြီ ဖြစ်တယ်။ ဒါ့ကြောင့် စကားပြေအားလုံးဟာ အယ်(လ်)ပီရေးသူများ မဟုတ်ဘူး။ ဒါပေမယ့် အယ်(လ်)ပီသမား အတော်များများကိုတော့ စကားပြေကဗျာရေးသူ အမျိုးအစားထဲမှာ ထည့်လို့ရတယ်။ ဒါ့ကြောင့် အဘိဓါန်ရဲ့ ProsePoetryWriters စာရင်းထဲမှာ အယ်(လ်)ပီသမား အတော်များများပါတယ်။ ဆီလီမန်(Ron Silliman)ရဲ့ ပန်းဒေသနာ(Flower Sermon)ကိုကြည့်ရင် စကားပြေကဗျာ မဟုတ်ပြန်ဘူး။ အဲဒီလိုပဲ ရောဘတ်ဂျင်းနယား (Robert Giniree)ရဲ့ ပေါ့ပါးကဗျာ(Find and Dust)တွေဟာလည်း စကားပြေနဲ့ လုံးလုံးဆန့်ကျင်နေတယ်။ ဒီတော့ FNDတွေ အတွက် အနောက်က တစ်ယောက်က သီးသန့် လိုက်ရှင်းပေးရတဲ့ အနေအထားတွေ ဖြစ်လာတယ်။ ဘာပဲဖြစ်ဖြစ် ဒီလိုစကားပြေ ရေးဟန်ကဗျာတွေဟာ ကဗျာမဖတ်ချင်တဲ့လူတွေကို ဆွဲဆောင်ဖို့ ဖြစ်လာတယ်။ ကဲကျုပ်တို့ရဲ့ခွက်ဟာ ရေတစ်ဝက်ဖြည့်ထားတဲ့ခွက်ပါ။ တစ်ဝက်လျော့သွားတဲ့ ခွက်မဟုတ်ဘူး။ တချို့ကတော့ ကဗျာရဲ့နိဂုံးလို့ ဆိုချင်ပြန်ပါတယ်။ ကျွန်တော် သဘောမတူပါဘူး။ စကားပြေဟန်ကြောင့် ဒါမှမဟုတ် ရေးဟန်တစ်ခုခုကြောင့် ကဗျာဟာ ရုပ်ဖျက်ပြီး ခင်ဗျားဆီကို အလည်လာပါလိမ့်မယ်။ ကဗျာက ဘယ်တော့မှ မသေဘူး။
သေချာတာတခုကစကားပြေကဗျာဟာ မော်ဒန်ကဗျာရဲ့အသွင်ကွဲတမျိုးဖြစ်ပြီးမော်ဒန်အုပ်စုရဲ့တင်သွင်းမှုတခုသာဖြစ်ပါတယ်။
စကားပြေဆိုသည်မှာ လူအများက ကဗျာ၊ ဇာတ်လမ်းများ၊ စာအုပ်ထဲတို့တွင် ရေးသားနေကြသော မူလအရေးအသားပင် ဖြစ်သည်။ ကျွန်တော်တို့ နေ့တဓူဝရေးနေတဲ့ အရေးအသားဟာ စကားပြေပဲတဲ့။ ”Prose”ဆိုတဲ့ ဝေါဟာရက လက်တင်စကား "Prosa" ကနေလာပြီး အဓိပ္ပါယ်ကတော့ ”ရှေ့သို့ဖြောင့်တန်းခြင်း” ”Straightforward”ပါ။ အဓိကနှစ်မျိုးကတော့ ရှေ့မှာရေးခဲ့သလို ဇာတ်ကြောင်းပြောပုံစံ(Narrative)နဲ့ Expository Text (ခွဲခြမ်းစိတ်ဖြာမှုဖေါ်ပြချက်များ ပါဝင်မှု) အမျိုးအစားပါပဲ။ နောက်ထပ်ပေးတဲ့ အဓိပ္ပါယ်ကတော့ အတော်လေး ရှင်းပါတယ်။ မေးတဲ့သူကတော့ ကဗျာနဲ့ စကားပြေဘာကွာသလဲတဲ့။ ”What is the difference between Prose and Poetry”တဲ့။ စကားပြေဆိုတာကဗျာရဲ့ ဂုဏ်သိက္ခာများဖြင့် မဖွဲ့စည်းသော၊ အခြားတစ်နည်းဆိုသော် စကားလုံးများကို စာပိုဒ်အနေနဲ့ဖွဲ့ စည်းထားခြင်းကို ဆိုလိုသည်။ မူရင်းအရေးကတော့ Prose is not confined to poetic measures and is usually grouped into paragraphs.Prose lacks a specific rhythm or the rhymes that can be found in poetry။ စကားပြေမှာတော့ကဗျာမှာတွေ့နိုင်တဲ့ ရိုင်း(မ)နဲ့ ရစ်သမ် အတိအကျ မပါဝင်ပါဘူး ဆိုတယ်။ ဒီနေရာမှာ”Lack” လို့သုံးထားလို့ ပါချင်လည်းပါမယ့်ပေါ့။
မပါဝင်တာ၊ ရှာမတွေ့နိုင်တာ၊ မရှိတာပဲ ဖြစ်တယ်။ ဒီနေရာမှာ ဘာကြောင့်ဒီမေးခွန်းကို မေးရသလဲ ဆိုတာ စဉ်းစားရမယ်။ ဒီအမေးဟာ အဓိပ္ပါယ်မတူ၊ အခု ကျွန်တော်ပြောချင်တာက စကားပြေကဗျာအကြောင်းပဲ။ ပြင်သစ်တွေစခဲ့တဲ့ ဒီစကားပြေကဗျာကို အမေရိကန်မှာတင်မကပဲ တခြားနိုင်ငံတွေမှာလည်း ရေးကြတာပဲ။ စပိန်မှာတော့ အောတာဗွီအိုပက်(ဆ)(Octayio Paz)က သူတို့အခေါ်"Aguila o Sol" တဲ့။ အင်္ဂလိပ်တွေက အဲဒါကို"Eagle or Sun" လို့ အဓိပ္ပါယ်ပြန်ပေးတယ်။ အဲဒါဝတ္ထုနာမည်ပဲ။
စပိန်ကဗျာဆရာ အိန်ဂျယ်ခရီစပို(Angle Crespo (1926.95)နဲ့ Giannina Braschi)တို့ ဒီအရေးအသားမျိုးရေးတယ်။၁၉၈၈မှာ ထွက်တဲ့(Empire of Dream,1988)ကတော့ စပိန်ပို့စ်မော်ဒန်ဆရာကြီး ဘရာစချီ(Giannina Braschi)ရဲ့ အကောင်းဆုံး စကားပြေကဗျာတဲ့။ ဂျပန်တွေကလည်း ဘာသာပြန်သူ ဒင်းနစ်ကင်း(Dennis Keene)ရဲ့ အကူအညီနဲ့ ဂျပန်စကားပြေကဗျာဆရာခြောက်ဦးရဲ့ အရေးအသားတွေကိုစုပြီး ”ခေတ်ပေါ်ဂျပန်စကားပြေကဗျာ” The Modem Japanese Prose Poem ဆိုပြီးထုတ်တယ်။ ရုရှတွေကတော့ ဘယ်ကတည်းက စရေးတယ် မသိဘူး။ အန်ဒရေဝါနာ(Adrian Wanner)တို့ဘာသာပြန်တဲ့ ”စကားပြေကဗျာမှဇာတ်လမ်းမဲ့သို့” (From the Prose Poem to the Anti-Story) ထွက်လာတော့ အတော်လေးရုတ် ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့တယ်ဆိုပဲ။ ဂိုဂေါ(Gogol)ရဲ့ ဝိဥာဉ်သေများ(Dead Souls) ကတော့ အပျံစားစကားပြေကဗျာ လို့ ပြောကြတယ်။
နောက်ဆုံးတော့ ခင်ဗျားဟာ ရေးချင်တာကိုကဗျာစာကြောင်းဖြတ်မှတ် များမပါပဲ ချရေးပါ။ အားလုံးကို စာပိုဒ်တစ်ပိုဒ်ထဲကိုသွင်း ဒါမှမဟုတ် စာမျက်နှာ တစ်ခုလုံး စာသားတွေ အပြည့်ရေးပါ။ ပြီးရင် ခေါင်းစဉ်တပ်”Prose Poem” ဒါပါပဲ။ ဒါပေမယ့် ကျွန်တော် ပြောချင်တာကတော့ ခင်ဗျားရဲ့စာမှာ အနုပညာတော့ပါ, ပါစေပေါ့ဗျာ။
Comments
Post a Comment