ဆရာ​ဇော်​​ဇော်​ထွန်း

“ဘဝဆိုတာ ပေါင်းထည့်လို့လဲမရ၊ နှုတ်ယူလို့လဲ မရတဲ့အရာဖြစ်တယ်” ဗါဒေါ့စကီး (ရုရှကဗျာဆရာ)

အစောပိုင်း အစိမ်းရောင် စာမျက်နှာ

ဘုရားကျောင်းနှင့် တွဲလျက်ရှိသော အစိမ်းနုရောင် အထက်တန်းကျောင်းရှေ့တွင် မြက်ခင်းစိမ်းစိမ်းတစ်ခု ရှိသည်။ ထိုမြက်ခင်းပေါ်တွင် တစ်ချိန်က ကျွန်တော်တို့တစ်တွေ လွယ်အိတ်ကို ဂိုးတိုင်လုပ်ပြီး ဘောလုံးကန်ခဲ့ဖူးသည်။ တစ်ဦးနှင့်တစ်ဦး မကျေနပ်ချက်များကို ဖေါက်ခွဲပစ်ရန် ဖြူစင်သော စိန်ခေါ်ပွဲများကို အဲဒီမြက်ခင်းစိမ်းစိမ်းပေါ်တွင် ကျင်းပခဲ့ဖူးသည်။ စာမေးပွဲခေါင်းလောင်းမထိုးမချင်း အဲဒီမြက်ခင်းစိမ်းစိမ်းပေါ်တွင် စာကျက်နေခဲ့ဖူးသည်။ ကျွန်တော်တို့တတွေ မြက်ခင်းပေါ် ပက်လက်လှန်အိပ်ပြီး တိမ်တွေရွေ့လျားပုံကို စောင့်ကြည့်ခဲ့ဖူးပါသည်။ ထိုမြက်ခင်းပေါ်တွင် ကွန်ပါဗူး ပျောက်ခဲ့ဖူးပါသည်။ ထိုမြက်ခင်းပေါ်တွင် . . .။ မြို့ကလေးကနေ ထွက်ခွာလာခဲ့သည့်တိုင် အဲဒီမြက်ခင်းစိမ်းစိမ်းကို သွားမနှုတ်ဆက်ဖြစ်ခဲ့ပါ။ တစ်ချိန်က အစိမ်းရောင်ကျောင်းဝတ်စုံကို ဝတ်ဆင်ပြီး အဲဒီမြက်ခင်းစိမ်းစိမ်းကို ဖြတ်သန်းကာ ကျွန်တော်တို့တတွေ စာသင်ခန်းကို အပြေးအလွှား သွားခဲ့ဖူးပါသည်။ ငယ်ဘဝ ရက်စွဲများတွင် နိစ္စဓူဝ ပါဝင်ခဲ့သောအရောင်သည် အစိမ်းရောင်ဖြစ်သည်ဆိုခြင်းကို သင်ငြင်းဆန်မည် မဟုတ်ကြောင်း ကျွန်ုပ်ယုံကြည်ပါသည်။ ကျွန်တော်၏ အစိမ်းရောင် မြက်ခင်းကြီးကို ယခုအချိန်တွင် နှုတ်ဆက်ချင်နေမိသည်။ သူ့ကို ကျွန်တော်မမေ့သေးပါ။
* * * * * * *
“သူစိမ်းတစ်ယောက်”သီချင်းကို ကျွန်တော်ကြိုက်ပါသည်။ ထို့အတူ “အစိမ်းရောင်တံခါးများ” သီချင်းကိုလည်း ကျွန်တော်ကြိုက်ပါသည်။ “တောင်းသောဆုကို ပေး၏။ တံခါးခေါက်သူကို တံခါးဖွင့်ပေး၏” ဟူသော သမ္မာကျမ်းစာပါ အဆိုအမိန့်ကို ကျွန်တော်ကြိုက်ပါသည်။ သူမအတွက် ကျွန်တော်သည် သူစိမ်းတစ်ယောက်ဖြစ်ပြီး ကျွန်တော်တို့ နှစ်ယောက်ကြားရှိ အစိမ်းရောင်တံခါးတစ်ချပ်ကို မခေါက်ဖြစ်ခဲ့ပါ။ နံနက်မိုးလင်းတိုင်း ပို၍ဝေးကွာသွားသော သူမအတွက် ဆုတောင်းခြင်းကိုသာ ကျွန်တော်မှန်မှန်ပြုလေ့ရှိသည်။ အစိမ်းရောင်သည် ဘဝ၊ ကြီးထွားခြင်း (Growth)၊ အသစ်ပြန်လည်မွေးဖွားခြင်း (Renewal)၊ ကျန်းမာရေး (Health) နှင့် သဘာဝပတ်ဝန်းကျင် (Environment) ကို ကိုယ်စားပြုသည်ဟု ပညာရှင် ဂျာစီဟောင်းဝပ်(ဒ်)ဘဲ (Jacci Howard Bear) က အခိုင်အမာဆိုသည်။ အပြာရောင်ကဲ့သို့ပင် အစိမ်းရောင် အခန်းထဲတွင် သင်နေထိုင်ပါက အချိန်ကုန်မြန်စေသည်ဟု အရောင်များကျမ်းတွင် ဆိုပြန်သည်။ မီးပွိုင့်များရဲ့ အစိမ်းရောင် (Green Light) က ခွင့်ပြုခြင်းကို ကိုယ်စားပြုပြန်သည်။ ကျွန်တော့်ဘဝရဲ့ လမ်းဆုံလမ်းမတိုင်းမှာ အစိမ်းရောင်သင်္ကေတမရှိတာ အတော်ကြာခဲ့ပေါ့။ အလုပ်ခွင်တွေမှာတော့ အတွေ့အကြုံနုနယ်သည့် လူများကို (Green born) ဟု ခေါ်ကြသည်။ အနောက်တိုင်း ဘာသာဗေဒမှာတော့ Green သည် “Growan” ဟူသည့် ကြိယာမှ ဆင်းသက်လာပြီး အဓိပ္ပါယ်မှာ ကြွယ်ဝကြီးထွားခြင်း “To Grow” ဟု အဓိပ္ပါယ်ရသည်။
........................

အစိမ်းရောင် အလယ်ပိုင်းစာမျက်နှာ


အမေရိကန်တွေရဲ့ ဘန်းစကား အဘိဓါန်မှာတော့ Green ဟာ ငွေကြေးကို ခေါ်တာဆိုပဲ။ သူတို့ရဲ့ ဒေါ်လာတွေရဲ့ အရောင်က အစိမ်းရောင်ကိုး။ ချမ်းသာကြွယ်ဝခြင်းကိုလည်း ကိုယ်စားပြုပြန်တယ်။ အရင်တုန်းကတော့ အမေရိကန်တွေဟာ သူတို့ရဲ့ ငွေစက္ကူပေါ်ကို ဘာအရောင် ရိုက်နှိပ်ရမလဲဆိုတာ ခေါင်းခဲစရာတစ်ခုလို ဖြစ်နေခဲ့တယ်။ အဲဒီအချိန်မှာပဲ စာရေးဆရာ ဖရန့် (L.Frank Baum) က Emerald City ဆိုတဲ့ ဝတ္ထုကိုရေးတယ်။ အဲဒီဝတ္ထုထဲမှာတော့ မြို့တစ်မြို့ပေါ်က လူတွေဟာ မျက်မှန်တစ်မျိုးကို တပ်ကြတယ်။ အဲဒီမျက်မှန်နဲ့ကြည့်ရင် အရာရာတိုင်းဟာ အစိမ်းရောင်ချည်း ဖြစ်နေတယ်လို့ ရေးထားတယ်။ ဒီဝတ္ထုရဲ့ အရှိန်အဝါနဲ့ စာရေးဆရာဟာ ငွေစက္ကူအဖွဲ့ကို အစိမ်းရောင်သုံးဖို့ အကြံပေးတယ်လို့ အဆိုရှိခဲ့တယ်။ ဒီလိုနဲ့ ဒေါ်လာတွေဟာ “အစိမ်း” တွေဖြစ်ခဲ့တယ်။ အစိမ်းရောင်ဟာ သင်၏မျက်စိအမြင် အနားယူမှုကို ကူညီပေးတယ်လို့လဲ ပညာရှင်တွေက ဆိုတယ်။ အစိမ်းရောင်ဟာ အပြာ ဒါမှမဟုတ် ခရမ်းရောင်နဲ့ တွဲဖက်ထားပါက (Cool Color) အအေးရောင်ကို ဖြစ်ပေါ်စေတယ်လို့ ဆိုတယ်။ တစ်ဆယ့်ရှစ်ရာစု မတိုင်မီက ပန်းချီဆရာတွေကတော့ ပန်းချီဆွဲရာမှာသုံးဖို့ အစိမ်းရောင်ဆေးကို အောက်ဆီဒိုက်ကိုဘော့ (Oxidized Cobalt) နဲ့ ဇင့် (Zinc) ကို ရောနှောပြီး ပန်းချီဆွဲရာမှာ သုံးခဲ့တယ်လို့ သမိုင်းအချက်အလက်တွေ ရှိခဲ့တယ်။ အီဂျစ်တွေရဲ့ နတ်ဘုရား အိုဆီရစ်(The God Osiris)ဟာ အစိမ်းရောင်အဆင်းရှိတယ်။ ပတ်ဝန်းကျင်ထိမ်းသိမ်းမှုကို ဆောင်ရွက်တဲ့ သင်္ကေတဟာလည်း Green ပါပဲ။ ပူခြင်းအေးခြင်းကို တပြိုင်ထဲပေးစွမ်းနိုင်တဲ့ အရောင်ဟာလည်း အစိမ်းရောင်ပါပဲ။ နှင်းဆီပန်းတွေရဲ့ ဆူးများ၌ ရှိသော အရောင်သည်လည်း အစိမ်းရောင်ပဲဖြစ်တယ်။ အီလျာအာရင်ဘတ် (Ilya Earenberg) က မာယာကော့စကီးအား ပန်းကိုမမြင်၊ ဆူးကိုသာမြင်သည့်သူဟု စွပ်စွဲဖူးပါသည်။ သစ်တောများ၊ အရွက်များများ တောတန်းများသည် အစိမ်းရောင်ပင် ဖြစ်သည်။ ဆူးတွေ သစ်ပင်တွေကို ကဗျာဆရာတွေပဲ မြင်နိုင်စွမ်းရှိသည်ကိုး။ မိတ်ဆွေ . . . သင်ကဗျာရေးဖို့ ကြိုးစားဖူးပါသလား။ ကဗျာဘယ်နှစ်ပုဒ် ဖတ်ခဲ့ဖူးပါသလဲ။ ကျွန်တော်ဟာ သူမကို ကဗျာတစ်ပုဒ်လို ဖတ်ကြည့်ဖို့ မကြိုးစားခဲ့ဘူး။ ဆရာဝန်က ကျွန်တော်၏ဒဏ်ရာကို “အစိမ်းချုပ်” ချုပ်ရမည်ဟု ဆိုသည်။ ကျွန်တော့်ကို ထုံဆေးမပေးပါနဲ့ဆရာရယ်။ ကျွန်တော်နာလွန်းလို့ ထုံကျင်နေခဲ့ပြီးပါပြီ။ တရုတ်ရိုးရာ အယူအဆအရ အစိမ်းရောင်သည် အရှေ့အရပ်၊ နေထွက်ခြင်း၊ အသက်နှင့်ကြီးထွားမှုကို ကိုယ်စားပြုသည်ဟု ဆိုသည်။ ဓါတ်ကြီးငါးပါးထဲမှ အရှေ့အရပ်နှင့် သစ်သား (East and Wood) ကို အစိမ်းရောင်ဖြင့် တရုတ်လူမျိုးများ ဖော်ပြကြသည်။ အိုင်ယာလန်နိုင်ငံရဲ့ အမျိုးသား အရောင်သည် အစိမ်းရောင်ဖြစ်ပြီး အမျိုးသား ဘောလုံးအသင်းသည် အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်သည်။ အာဖရိက နိုင်ငံ အတော်များများရဲ့ အလံတွေဟာလည်း အစိမ်းရောင်တွေဖြစ်တယ်။ ဆီနီဂေါ၊ မာလီ၊ အီသီယိုးပီးယား၊ တိုရိုဇန်ဘာဘွေ စသည်ဖြင့်ပေါ့လေ။ နောက် ဝေလပြည်နယ်ရဲ့ အလံဟာလည်း အစိမ်းရောင်ပါပဲ။ အစိမ်းရောင်ဟာ သီးနှံများ ပေါကြွယ်ဝမှုကိုလည်း ကိုယ်စားပြုတယ်လို့ သူတို့ယုံကြည်ကြတယ်။ နိုင်ဂျီးရီးယား နိုင်ငံကတော့ အစိမ်းရောင်ဟာ အနာဂတ်မျှော်လင့်ချက်ကို ဖော်ဆောင်လို့ သူတို့ရဲ့အလံမှာ သုံးပါတယ်လို့ ပြောကြပြန်တယ်။ အစိမ်းရောင်ဟာ ကျန်းမာရေးကို ကိုယ်စားပြုသည့်အတွက် သူနာပြုများ အစိမ်းရောာင်ကို ဝတ်ဆင်ကြသည်။ ခရစ်စ္စမတ်ပွဲတော်၏ အရောင်သည် အစိမ်းရောင်နှင့် အနီရောင်ဖြစ်သည်။ ဘီလီဂျိုး အမ်းစထရောင်း (Green Day) တို့ရဲ့ “စက်တင်ဘာလကုန်ရင်ငါ့ကိုနှိုးပါ” ဆိုတဲ့ သီချင်းကို နားထောင်ကြစမ်းပါ။ သူတို့ကိုယ်သူတို့ “အစိမ်းရောင်နေ့” လို့ အမည်ပေးထားတဲ့ ဒီအဖွဲ့က “ငါ ဘာဆုံးရှုံးခဲ့သလဲ ငါဘယ်တော့မှ မမေ့ဘူး။ မှတ်ဥာဏ်ထဲ ကျန်နေသလိုပ” တဲ့။ “စက်တင်ဘာလကုန်ရင် ငါ့ကိုနှိုးစမ်းပါ” ဆိုတဲ့ စာသားကို ကျုပ်ကြိုက်တယ်။ အစိမ်းရောင်ကို ကျွန်တော် ထပ်လိုချင်သေးတယ်။ ဒါပေမယ့် ကျွန်တော် တကယ်တမ်း အလိုရှိနေတာက . . . . .။

* * * * * * *
အစိမ်းရောင် နောက်ဆုံးစာမျက်နှာ

ကျောင်းရှေ့ကမြက်ခင်းစိမ်းစိမ်းများဆီသို့ တစ်ခေါက်ပြန်သွားခွင့်ရချင်သည်။ ကျောင်းဝတ်စုံနှင့်အတူ စိမ်းလန်းသော နုပျိုမှုများကို တစ်ခါပြန်ရတော့မည် မဟုတ်ပါ။ ဒါဟာ သေချာမှု သို့မဟုတ် အမှန်တရားပင်ဖြစ်သည်။ ကျွန်တော်၏အစိမ်းရောင် ကျောင်းဝတ်စုံဝတ်သူငယ်ချင်းတွေ ဘယ်မှာလဲ။ ကိုးဆယ်ခုနှစ်ဆရာမ တစ်ယောက်တစ်လေ များ ရှိပါသလားခင်ဗျ။ ကံကောင်းလျှင် ကျွန်တော်သည် ဆရာမတစ်ယောက်တစ်လေကို တွေ့ခွင့်ရနိုင်ပါသည်။ ခလေးငယ်များ မြက်ခင်းစိမ်းစိမ်းပေါ်တွင် ဆော့ကစားနေကြသည်။ ဆရာမက ကျွန်တော့်ကို “မင်း ပြန်လာပြီလား” ဟု မေးကောင်းမေးနိုင်ပါသည်။ ကျွန်တော်က ယုန်တစ်ကောင်၏ အမူအရာမျိုးဖြင့် သူမရှေ့ရပ်နေမည်။ မြက်ခင်းပေါ်တွင် စိတ်လွတ်ကိုယ်လွတ် ပြေးလွှားခွင့် ရချင်ပါသေးသည်။ ခလေးငယ်တစ်ဦးကမူ ဆရာမအား “အဲဒီဦးလေးက ဘယ်သူလဲ” ဟု မေးနိုင်ပါသည်။ ဆရာမက “တစ်ချိန်တုန်းက သူလဲ ဒီမြက်ခင်းပေါ်မှာ သားတို့လို ဆော့ကစားခဲ့သူပေါ့” ဟု ပြန်ဖြေလိမ့်မည်။ မြက်ခင်းစိမ်းစိမ်းပေါ်က ဖြတ်သန်းလာတဲ့ လေဟာ ဘယ်လောက်လတ်ဆတ်သလဲ။ ဒီမြက်ခင်းကြီး၊ အထက်တန်းကျောင်းဘေးက ဘုရားကျောင်း၊ လဲကျ ဒဏ်ရာရသည့်အခါ ကျိတ်၍ လိမ်းခဲ့ဖူးသော ဘုဇပတ်ပင်စိမ်းစိမ်းများကို ကျွန်တော် နှုတ်ဆက်ဖို့လိုပါသည်။ အမြင်များဝေဝါးလာသည့်အခါ ပထမဆုံး သတိပြုမိသည့် အရာသည် မျက်နှာပေါ်မှ စိုစွတ်သောအရာဖြစ်ပြီး ကျွန်တော့်ရှေ့တွင် ဘာမှ ရှိမနေပါ။ ကျွန်တော်ဟိုးအဝေးကြီးကို ရောက်နှင့်နေခဲ့ပြီ။ ကျွန်တော်၏ အစိမ်းရောင်မြက်ခင်းကြီးကို နှုတ်ဆက်ခွင့် ဒီတစ်သက် ကျွန်တော်ရပါ့ဦးမလား။ လက်ခုံနှင့်သုတ်ပစ်ခဲ့သော မျက်ရည်တစ်စသည် မည်သည့်အရာကို ကိုယ်စားပြုပါသနည်း။ ငယ်ဘဝ၊ အစိမ်းနုရောင် ရက်စွဲများ၊ မိုးရွာပြီးစ စိုစွတ်သော မြက်ပင်များပေါ် ပြေးလွှားခွင့်၊ ငါးပါးသီလကို တကူးတက တည်ဆောက်ဖို့ မလိုတဲ့ဘဝ၊ အမေချုပ်ပေးခဲ့သော အစိမ်းရောင် ကျောင်းလုံချည်. . . ဘာမဆို ဖြစ်နိုင်ပါသည်။ ကျွန်တော်က အဲဒီမြက်ခင်းကြီးကို မမေ့သေးသလို စာမေးပွဲခေါင်းလောင်းမထိုးမချင်း ဗန်ဒါပင်ကြီးအောက်တွင် တစ်ယောက်တည်း စာလာကျက်တတ်သော ကောင်လေးတစ်ယောက်ကို ထိုမြက်ခင်းကြီးလည်း မေ့သွားလိမ့်မည်မဟုတ်ပါ။ လက်ခုံပေါ်ကို ငုံ့ကြည့်လိုက်တော့ ကျွန်တော့်မျက်ရည်တွေ စိမ်းလို့ပါလား . . . . .။

ဇော်ဇော်ထွန်း
(၂၀၀


Comments