ဘာသာစကားပြသနာ ၄။
စာရေးသူဘာကြောင့်သေသင့်သလဲ
Logo centrism ဆိုတာက စာလုံးတွေရဲ့ အဓိပ္ပါယ်အပေါ် အလွန်အကျွံ အာရုံစိုက်တဲ့ သူတွေပါ။ စာဖတ်တယ်ဆိုရင် သူတို့က တခြားဟာတွေကို စိတ်မဝင်စားဘူး။ ဒီတော့ စာဖတ်တဲ့အခါမှာ စာအပြင်တခြား ဘာရှိသလဲလို့ မေးစရာ ရှိပါတယ်။ သူက အဓိပ္ပါယ်နှစ်မျိုးပေးပါတယ်။ နှစ်မျိုးစလုံး သိပ်မကွာပါဘူး။
A structuralist method of analysis, especially of literary works that focuses upon words and language to the exclusion of non-linguistic matters such as an author’s individuality or historical context.
ဒါဟာ structuralist တွေရဲ့ ခွဲခြမ်းစိတ်ဖြာတဲ့ နည်းတစ်ခုပါပဲ။ အထူးသဖြင့် စာပေနဲ့ဆိုင်တဲ့ ကိစ္စတွေမှာပေါ့။ ဘယ်လိုကိစ္စမျိုးလဲဆိုရင်ဖြင့် ဘာသာဗေဒနဲ့ စကားလုံးတွေပေါ်မှာ ဘာသာဗေဒနဲ့ မသက်ဆိုင်သော အရာများကို ဖယ်ရှားပြီး ခွဲခြမ်းစိတ်ဖြာတယ်။ ဘယ်လို ဘာသာဗေဒနဲ့မသက်ဆိုင်တဲ့ အရာတွေလဲဆိုရင် စာရေးသူရဲ့ တသီးပုဂ္ဂလကိစ္စ တွေ ဒါမှမဟုတ် နောက်ခံဆက်စပ်စာသား context ရဲ့ သမိုင်းဝင်ကိစ္စ (ဝါ) ခမ်းနားတဲ့ လွှမ်းမိုးမှုတွေကို ဘာသာဗေဒနဲ့ မဆိုင်တဲ့ သီးခြားကိစ္စလို့ သတ်မှတ်တယ်။ ဖတ်တဲ့စာကလွဲလို့ ဒီစာရဲ့ အစဉ်အလာသမိုင်း ကောင်း၏မကောင်း၏ ၊ စာရေးသူ ကောင်း၏ မကောင်း၏ကို မစဉ်းစားဘူး။ စာရွက်ပေါ်ကစာနဲ့ သူပေးတဲ့ အဓိပ္ပါယ်ကိုပဲ စဉ်းစားတယ်။ နောက်ထပ် အဓိပ္ပါယ်တစ်ခုက . . .
Excessive attention paid to the meanings of words or distinction in their usage.
စာလုံးရဲ့ အဓိပ္ပါယ်ကိုပဲ သီးခြား အာရုံစိုက်သူတွေပေါ့။ ဒါလေးကို သိသင့်တယ်။ logo centrism လို့ သူတို့ သီးခြားနာမည်ပေးထားတယ်။ ကောင်းပြီ၊ ဒါဆို စာဖတ်ခြင်း (ဝါ) အနက်ဖွင့်ခြင်းဆိုတဲ့ ရေးသူဖတ်သူ အားစမ်းပွဲ (ဝါ) တိုက်ပွဲမှာ ပုံမှန်အားဖြင့် ရေးသူက သာနေတယ်။ သူပြောတာတွေကို ဖတ်သူက စာဖတ်နေတဲ့အခါ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ နောက်ကလိုက် ခေါင်းညိမ့်နေရာက အခုစာလုံးတစ်လုံး ထွက်လာပြီး ပြောသူ (ဝါ) ရေးသူကို သောက်ဂရုမစိုက်ဘူး (မင်းဘာကောင်ကြီးဖြစ်ဖြစ်) ဆိုတာ ပေါ်လာပြီ။ စာရေးသူက နိုဗယ်ဆုပဲရရ၊ ဘက်ဆဲလားပဲဖြစ်ဖြစ် စာဖတ်နေတဲ့အခါ ရေးသူကို ဘေးဖယ်ထားတယ်။
ဒါပေမယ့် ခက်နေတာက အဲဒီလို ဂရုမစိုက်တာတောင်မှ ဒီစာရေးတဲ့လူက ဘယ်လောက်တောင် ဆိုးသလဲဆိုရင် ဇတ်ကောင်နေရာက ဝင်ပြောပြန်ရော။ ဒါက “Persona” အရေးအသားမျိုး လစ်ရစ်ခ်” လို အရေးအသားမျိုးမှာ စာရေးသူဟာ ဇတ်ပြောသူ ဖြစ်လာပြန်ရော။ ဒါက သိပ်ဘဝင်ကျစရာ မကောင်းဘူး။ ဒီတော့ ရေးသူကို သတ်မှဖြစ်မယ်။ ရေးသူနဲ့ဖတ်သူ အားစမ်းတဲ့ ဒီစာဖတ်တဲ့အလုပ်ကို ခရစ်စ္စတိုဖာဘတ်တလာက သူ့ရဲ့ပို့စ်မော်ဒန်ကျမ်းငယ်ထဲမှာတော့ ခပ်တိုတိုပဲ ရှင်းပါတယ်။ သူက စာဖတ်သူကို ဖတ်သူ (reader)၊ နားထောင်သူ (listener)၊ ကြည့်ရှုသူ (spectator) ဟာ စာဖတ်ရာမှာ အမှီအခိုကင်းသူ ဖြစ်သင့်တယ်လို့ ဆိုပါတယ်။ “Should act independently of any supposed intentions of the author” လို့ ရေးတယ်။ စာရေးသူပေါ်မှာ အာရုံထားတာက သူ့ကို အစစ်အမှန်လို့ မြင်နေတာ ဒါမှမဟုတ်ရင် သူ့ရဲ့ လုပ်ပိုင်ခွင့်ကို မတားဆီးနိုင်တာကိုက စာဖတ်သူဟာ မှားစရာအခွင့်အရေးကို လက်ယပ်ခေါ်နေသလိုပေါ့။ စာသား (Text) ဆိုတာကလည်း အဓိပ္ပါယ်များ သီးခြားစုထားတဲ့ အစုအဝေးတစ်ခုလို့ပဲ မြင်ရမယ်။ ဒါဆို မူလက သတ်မှတ်ထားတဲ့ စာသား Text ဟာ အဓိပ္ပါယ်တစ်မျိုး ဖြစ်သွားတယ်။ သင်္ကေတများ ဘာသာစကားထဲ၌ လွတ်လပ်စွာ လှုပ်ရှားနေပြီဆိုပြီး စာ(Text)ကို အဓိပ္ပါယ်ပြန်ဖွင့်ပြန်တယ်။ အဓိကပြောချင်တာက စာဖတ်တဲ့အခါမှာ စကားလုံးတွေအပြင် စာရေးသူရဲ့ လွှမ်မိုးတာကို မခံရဖို့ပါပဲ။ ရိုလန်ဘတ်(ထ) (Barthes) နဲ့ ဖူကိုး (Faucault)တို့ တင်သွင်းတဲ့ သီအိုရီပါ။ အဲဒီ ဘတ်(ထ)ဆိုတဲ့ ငနဲကြီးက ဒီလိုပြောတယ်။ အခုသိထားသလို မူလစာသား(Text)ဟာ စာတစ်ကြောင်းမဟုတ်ဘဲ သီအိုရီဆိုင်ရာ သဘောတရားတစ်ခုတည်းအားဖြင့် အငြင်းပွားဖွယ်မရှိသော အမှန်တရား (ဘုရားဟောစကားလို) ဒီနေရာမှာ သူက “massage of the Author-God” အဓိပ္ပါယ်တစ်ခုကိုသာ ဖွင့်ခွင့်ပေးခဲ့ရင် ရှုထောင့်များစွာနေရာထဲက အရေးအသား အပြောင်းအလဲများစွာ ပြောင်းနေတဲ့ စာပေကို နက်နဲလျှို့ဝှက်ခြင်း မရှိအောင် (Refuse to assign the secret) ဒါမှမဟုတ် စာသားအတွက် ထိရောက်တဲ့ အဓိပ္ပါယ်တစ်ခုဆိုတာ သီအိုရီတွေကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတစ်ခု (An anti-theorical activity)လို့ ခေါ်နိုင်တဲ့ အရာက လွတ်လပ်နေဖို့လိုတယ်။ အဲဒီလှုပ်ရှားမှုဆိုတာက ဘာလဲ? ပုံမှန်ကန့်သတ် အဓိပ္ပါယ်ကို ငြင်းဆန်တဲ့ မှန်သောဆန့်ကျင် ပုန်ကန်မှုကို ဆိုလိုတယ်။ တသမတ် အဓိပ္ပါယ်ကို ဆန့်ကျင်တဲ့ ခိုင်မာမှန်ကန်တဲ့ တော်လှန်ရေးပေါ့။ ဘယ်ထိအောင် တသမတ်အဓိပ္ပါယ်ကို ဆန့်ကျင်ရမလဲဆိုတော့ ဘုရားသခင်နဲ့ သူ့အလိုကျလုပ်ထားတဲ့ တသမတ်သတ်မှတ်ချက်တွေထိအောင် မရှောင်ဘဲ “fix meaning” တွေကို ဆန့်ကျင်ရမယ် ။ ဆင်ခြေ (Reason)၊ သိပ္ပံပညာ (science)၊ ဥပဒေတွေထိ ရှင်းရော။ တသမတ် အဓိပ္ပါယ် (fix meaning) လာလုပ်လို့ကတော့ စာရေးဆရာလို ခပ်သေးသေးကောင်မပြောနဲ့၊ ဘုရားသခင်နဲ့သူ့စာတွေကိုတောင် မရှောင်ဘူး။ ဖြဲသင့်ရင်ဖြဲရမှာပဲတဲ့။ ဖူကိုးတို့ ဘတ်(ထ)တို့ဆိုတာ လူကသာနွဲ့တာ ဖြဲချက်က ခပ်ကြမ်းကြမ်းရယ်။
ကဲလာပြီပေါ့ စာဖတ်သူ။ ဘုရားစာပဲဖြစ်ဖြစ်၊ ကျမ်းစာပဲဖြစ်ဖြစ်၊ ရည်းစားစာပဲဖြစ်ဖြစ် ရေးသူကို ရှင်းလိုက်တော့ နှစ်ဦးထဲရှိတဲ့ စာဖတ်ခြင်းကိစ္စမှာ ဖတ်သူက ကနဦးအလုပ်ခံသူနေရာကနေ လုပ်သူဖြစ်လာတယ်။
“The text, as really constructed by the reader, was there-by liberated and democratized for the free play of imagination”
ပြောချင်တာက စာသား (text) ဟာ စာဖတ်သူ (reader) (ဝါ) ဘာသာပြန်သူ (interpreter) က တည်ဆောက် လိုက်သလို သူ့စိတ်ကူးတွေက လွတ်လပ်ပြီး သူလုပ်ချင်တွေးချင်တာကို တွေးလို့ရသွားတယ်။ ဖတ်သူ ဒီမိုကရေစီရသွား တယ်။ ရေးသူအာဏာရှင်ကို ဖယ်လိုက်ပြီပေါ့။ သူလည်း ဒီလိုပဲရေးတယ်။ (the reader was thereby liberated and democratized for the free play of the imagination) လို့ ဆိုတယ်။ ဘာပြောချင်လဲဆိုတော့ အဓိပ္ပါယ် (Meaning) ဖွင့်ဆိုချက်ကို ရေးသူအား ရှင်းလင်းပြီးနောက် ဖတ်သူက ပိုင်သွားတယ်။ သူရှိနေရင် ကိုယ်က လိုရာကို စဉ်းစားလို့ မရတော့ဘူး။ ခု ….. ရေးသူသေပြီ။ ဖတ်သူက သူ့ဟာသူ လွတ်လွတ်ကျွတ်ကျွတ် စဉ်းစားပြီ။ စာသား (text) နဲ့ အဓိပ္ပါယ် (Meaning) ဟာ ဖတ်သူရဲ့ Property ဖြစ်သွားပြီ။ ဖတ်သူဟာ ဆော့ကစားပြီး ရေးသူတည်ထားတာတွေကို ဖြိုပြီ ဖျက်ပြီ။ နောက် အဓိပ္ပါယ်များနဲ့ ဆော့ကစားတော့တာပဲ။
ဘာသာစကားပြဿနာ ၅။
အဲဒီစာရေးဆရာ သေဆုံးခြင်း “The Death of Author” (၁၉၆၈) အလိုအရတော့ အသံတစ်ခုစီတိုင်း မူလအရင်းအမြစ်တိုင်းကို ဖြိုဖျက်ခြင်းပင်ဖြစ်သည်။ “The destruction of every voice, every point of origin- Language Poetry and the Lyric Subject by Marjorie Perloff” လို့ ဆရာမမာဂျော်ရီရဲ့ စာတမ်းက ဖော်ပြတယ်။ ပြီးတော့ သူကပဲ ရေးပြန်တယ်။ ဘာသာစကား“အရေးအသားဟာ ဘယ်လိုအရေးအသားမျိုး ဖြစ်လာမလဲ”
- အရောင်စွန်းခြင်းမရှိတော့သော(Neutral)
- သီးခြားဖြစ်သော (Composite)
- ဦးတည်ချက်မရှိ/ညွှန်ရာမရှိသော (Oblique)
Subject ဆိုတဲ့ ကတ္တားပုဒ်ဟာ အထက်မှာဖော်ပြတဲ့ နာမဝိသေသနသုံးမျိုးရှိတဲ့ နေရာကို ရွေ့မယ်။ တချိန်တည်းမှာပဲ အဲဒီ subject (ကတ္တားပုဒ်)ဟာ ဇတ်သဘောအရ ဘယ်ကိုပဲရွေ့ရွေ့ သူ့မှာ ကိုယ်စားပြုဝိသေသ မရှိတော့ဘူး။ (Where all identity is lost) ဖြစ်သွားတယ်။ အဲဒီအခါမှာ ကတ္တားပုဒ်ဟာ ဘာသာဗေဒကို တည်ထားတဲ့ ကိုယ်စားပြုမှုအားလုံးနဲ့ သက်ဆိုင်သွားတယ်။ တစ်ဦးဆိုင် ဆိုတာကြီး ပျောက်သွားပြီး ဘာသာဗေဒကို အခြေတည်တဲ့ ဝါကျဖြစ်သွားမယ်။ မာဂျိုရီဟာ ဘတ်(ထ)ကို ပြန်ညွှန်းတယ်။ ဘတ်(ထ)က ဘာပြောလဲဆိုတော့ “just as I is nothing other than the instance saying I: language knows a “subject” not a “person” လို့ ဆိုတယ်။ အဓိပ္ပါယ်ကတော့ “ I ဆိုတာက အခု “I” လို့ ခေါ်လိုက်တာနဲ့ ဘာမှမပိုဘူး။ ဘာသာစကားက “I” ကို ကတ္တားပုဒ်လို့ပဲသိတယ်။ လူပုဂ္ဂိုလ် လို့ မသိဘူး” တဲ့။ ဘတ်(ထ)ဟာ ၁၉၆၉ မှာ ထွက်ခဲ့တဲ့ ဖူကိုးရဲ့ “What is an author?” နဲ့ သိပ်မကွာပါဘူး။ အဓိကမေးခွန်းက စာသားကို ဘယ်သူထိန်းချုပ်နေသလဲ (Who controls it?) လို့ မေးခွန်းထုတ်ခဲ့ပြီး ဆင်မြူရယ်ဘက်ကက် ကတော့ ဘယ်သူပဲပြောပြော ဘယ်သူပြောနေသလဲဆိုတဲ့ ပြဿနာ? “What matter who’s speaking” လို့ ဆိုခဲ့တယ်။ ဒီတော့ ဘတ်(ထ)ရယ်၊ ဖူကိုးရယ်၊ ဘက်ကက်ရယ် သုံးယောက်စလုံး ဟိုပြောဒီပြောနဲ့ နောက်ဆုံးချုပ်လိုက်ရင်တော့ ဘယ်လိုဖတ်မလဲ (How to read?) ပါပဲတဲ့။ ဂျိမ်းဆင် (Jameson) ကတော့ စာရေးဆရာသေဆုံးခြင်းထက် subject (ကတ္တားပုဒ်) သေဆုံးခြင်းကို ပိုပြီး သဘောတွေ့ပါတယ်။ဆရာမ မာဂျော်ရီဟာ ဒီသဘောတရားကို သူ့ရဲ့ အယ်(လ်)ကဗျာကျမ်းအဖွင့် မှာပဲ ရေးပါတယ်။
အရင်းစစ်လိုက်ရင် အယ်(လ်)ကဗျာသမားတွေဟာ ကတ္တားပုဒ် ကို သတ်ကြတော့တာပဲ။ ဒီတော့ ဖတ်တဲ့သူက မသတ်ရတော့ဘူးပေါ့။ သူတို့ကပဲ အဲဒီ ကတ္တားဆိုတဲ့"ငါ "ကြီးသေတယ် ဆိုတာဟာတဲ့ အရင်းရှင်စနစ်နှောင်းပိုင်းကမွေးဖွားပေးလိုက်တဲ့ လူမှုအရွေ့အပြောင်း လက္ခဏာတစ်ရပ်ထက် မပိုပါဘူးလို့လဲ ဆိုတယ်။ ဒီသဘောတရားနဲ့ အိုင်ဒီယော်လော်ဂျီဟာ ဘာသာစကားအယ်(လ်)ကဗျာသမားတွေရဲ့ လက်စွဲဖြစ်လာတယ်။ ဒီတော့ ကျွန်တော်တို့ဟာ သတင်းတစ်ပုဒ်ကို ဖတ်တော့မယ်ဆိုရင် စာရေးသူကို သတ်ကိုသတ်ရမယ်သဘောဖြစ်လာတယ်။
ဇော်ဇော်ထွန်း
Comments
Post a Comment