မောင်​သိန်း​ဇော်​နဲ့​ခေတ်ျပ်ါကဗျာအင်​တာဗျူး

မောင်သိန်းဇော်နဲ့ ခေတ်ပေါ်ကဗျာ
အင်တာဗျူး (ပိတောက်ပွင့်သစ်မဂ္ဂဇင်း)
၃၃ လမ်းတွင် သူနှင့်မကြာမကြာကြုံရသည်။ သူက ပြုံး၍ပြုံး၍ နှုတ်ဆက်သွားတတ်သည်။ ရင်းရင်းနှီးနှီးကား စကားလက်ဆုံ မကျခဲ့ကြ။ သို့ပေမယ့် သူ့ကဗျာများနဲ့ ရင်းနှီးကျွမ်းဝင်ခဲ့သည်မှာတော့ ကြာပြီ။
သံစူးထားတဲ့ ၂၅ နှစ်သားလေး ကောင်းကင်နှစ်ထပ်နဲ့နေတယ်
မိမိနဲ့မိမိ မိုင်ပေါင်းများစွာဝေးကွာ…
ဗုံသံတွေထဲ ကျွံကျသွားတဲ့ည….
စသဖြင့် လွန်ခဲ့သောနှစ်များစွာကပင် သူ၏ကဗျာစလေးများကို မှတ်ထင်စွဲငြိ ရင်းနှီးနေခဲ့သည်မှာတော့ ကြာပါပြီ။
နောက်ပိုင်းရေးသော သူ့ကဗျာတချို့မှာ…. အဖမ်းရခက်သည်ဟုပင် ထင်မိသည်။ ဂမ္ဘီရ ချောက်ကမ်းပါး အစွန်းမှ အောက်သို့ကျလုလုပင်။
သူ့ကဗျာအများစုမှာမူ အပင်ပေါ်တွင် ပြွတ်သီးနေသော ဝင်းမှည့်သီးများအဖြစ် မြင်ကြရသည်။ ကျွန်တော် စောင့်မျှော်ဖတ်ရမည့် ခေတ်ပေါ်ကဗျာရေးဖွဲ့သူ လေးငါးဆယ်ယောက်ထဲတွင် သူလည်းပါဝင်နေသည်။
ခေတ်ပေါ်ကဗျာအကြောင်း သူနဲ့စကားစီးမျောကြသည့်အခါ သူ့အလင်းအိမ်တွင် စူးနစ်ပျော်ဝင်နေသော ကဗျာဇောကို မြင်တွေ့ရသည်။
ကဗျာနဲ့မောင်သိန်းဇော် ဘယ်လိုစတင် တွေ့ရှိခဲ့ပါသလဲ။ နောက်ပြီး ဘယ်၍ဘယ်မျှ အကျွမ်းတဝင်ဖြစ်ခဲ့ကြပုံကို ပြောပြစေချင်ပါတယ်။
ကဗျာနဲ့စတွေ့ခဲ့ရတာကတော့ အခြားတစ်ပါးသော အရပ်ဒေသမှ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ လူ့ဘဝထဲမှာပါပဲ။ မောင်သိန်းဇော်ဆိုတာနဲ့ ကဗျာဆိုတာနဲ့ အဲဒီနှစ်ခု ဘယ်သူက ဘယ်သူ့ကို ဘယ်အချိန်မှာစပြီး ရွေးချယ်ခဲ့တယ်၊ အဖော်ညှိခဲ့တယ် ဆိုတာကို ကျွန်တော်ပြောမပြတတ်ရင်တောင် ခုချိန်မှာ မောင်သိန်းဇော်နဲ့ ကဗျာဆိုတာနဲ့ ဟောဒီလူ့သဘာဝထဲမှာ ထင်ထင်လင်းလင်းကြီး စွန်းငြိနေကြပြီဆိုတာတော့ အတိအကျပဲ။ ကျွန်တော် ဝန်ခံရပါလိမ့်မယ်။ အမှန်တော့ ကျွန်တော်တို့က သတိမပြုမိတာပါ။ ဖြစ်နေတာကတော့ သဘာဝအတိုင်းပါပဲ။ သဘာဝကျပါတယ်။ ဘာကြောင့်လဲဆိုတော့ ကဗျာကို ကျွန်တော့်စိတ်ချစ်တာ အလွန်သဘာဝကျတယ်လို့ ယူဆလို့ပါ။ စဉ်းစားကြည့်လေ… လောကကြီးထဲမှာ ရှိရှိသမျှ ပုဂ္ဂိုလ်သတ္တဝါအားလုံး ဘယ်သူမဆို လွတ်လပ်မှုကို လိုချင်ကြသူတွေချည်းပါပဲ။ ကျွန်တော်လည်း အဲဒီအမျိုးအစားထဲမှာ ပါဝင်တဲ့ လူတစ်ယောက်ဖြစ်နေတော့ ရုပ်လဲ လွတ်လပ်ချင်တယ်၊ စိတ်လဲ လွတ်လပ်ချင်တယ်၊ ကျွန်တော်တို့ ရပ်တည်ရှင်သန်ရာ ဘဝခွင်တွေမှာ ရုပ်ပိုင်းအရ လှုပ်ရှား ပေါ့ပါးနေကြပေမယ့် တစ်ခါတလေ စိတ် ဆိုတဲ့ အတွင်းပစ္စည်းက မမြင်နိုင်တဲ့ ထောင့်ချိုးလေးတစ်ခုမှာ မွန်းကျပ်နေတုန်း ကဗျာဆိုတဲ့ လူကြီးလူကောင်း (တစ်နည်းအားဖြင့်) မိကောင်းဖခင်နဲ့ စပြီး ဆုံတွေ့ခဲ့ရတာပါပဲ။
အများသိတဲ့အတိုင်း ကျွန်တော့်လုပ်ငန်းသဘာဝက အချိန်တော်တော်များများမှာ လူတော်တော်များများနဲ့ သဘောထားညှိနှိုင်းပြီး ပွဲသဘင်အနုပညာ ဖန်တီးရပါတယ်။ အမြဲတမ်းလိုလို ခေတ်ကာလ၊ ငွေကြေး၊ ရေမြေဥတု၊ အားလုံးနဲ့ ညှိနှိုင်းပြီး အလုပ်လုပ်ရပါတယ်။ ကဗျာမှာတော့ ကျွန်တော် ဘယ်သူနဲ့မှ ညှိနှိုင်းဖို့ မလိုပါဘူး။ ကိုယ့်ဥာဏ်ကိုယ် ကြိုက်သလို အပင်စိုက်နိုင်ပါတယ်။ ဒါကြောင့်လည်း ဒီလိုလွပ်လပ်ခွင့် ရလျက်နဲ့ ကျွန်တော့်ရဲ့ ခံစားမှုက မှော်မအောင်ဘူး၊ မသန်မြန်ဘူး၊ ရင်ကိုမရောက်ဘူးဆိုရင် ကျွန်တော်တကကယ်အားထုတ်မှုနဲ့ ရိုးသားမှု မပြည့်စုံခဲ့လို့ပဲ နားလည်လက်ခံ ရမှာပါ။ ဘာပဲဖြစ်ဖြစ်….ကဗျာဟာ ကျွန်တော့်ဘဝနဲ့ အံဝင်ခွင်ကျ မဖြစ်တဲ့ စိတ်ကူးရမ္မက်တွေအတွက် သီးသန့်နေရာ တစ်ခုကို ရှာပေးခဲ့သူပါပဲ။ အဲဒါကိုပဲ ကျွန်တော့်ရဲ့ ကဗျာလေးတစ်ပုဒ် နာမည်အဖြစ် မှည့်ပေးဖူးပါတယ်။ မိမိကိုယ်မိမိခိုးယူပေါင်းသင်းခြင်း….လို့။
ခေတ်ပေါ်ကဗျာနဲ့ပတ်သက်တဲ့ မောင်သိန်းဇော်ရဲ့သဘောထားအမြင်ကို လွတ်လွတ်လပ်လပ်ပြောပြပါဦး။
လွတ်လွတ်လပ်လပ်ပြောပါ ဆိုပါတော့မှပဲ ကျွန်တော် တော်တော်မလွတ်မလပ် ဖြစ်သွားသလိုပါပဲ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က ကဗျာအကြောင်း ပြောပြနိုင်ဖို့ထက်၊ ကဗျာတွေရေးဖို့ကိုသာ အာရုံထားတာ မို့လို့ပါ။ အဲဒီအတွက် ပြင်ဆင်ထားတဲ့အား ဘာမှမရှိပါဘူး။ ဒါပေမယ့် အခု ကိုယ်တိုင်က မေးခွန်းရှေ့မှာရောက်နေမှတော့ ကျွန်တော့်ကဗျာတွေနဲ့ပတ်သက်ပြီး အဓိက ကာယကံရှင်ဖြစ်တဲ့ ကျွန်တော့်ရင်ထဲက အသံထွက်ကိုပဲ ကြားရသရွေ့ နားထောင်ပြီး ပြောကြည့်တာပေါ့။ တကယ်လို့ မှားတာယွင်းတာတွေ ပါနေခဲ့ရင်လည်း မောင်သိန်းဇော်မှားတာ မဟုတ်ဘူး။ သူ့ရင်ထဲ့ အသံထွက်တွေ မှားနေတာလို့ပဲ ဖြေရှင်းပေးကြပါ။ ကျွန်တော်တို့တစ်တွေ ဒီနေ့ခေတ်မှာ ကိုယ့်အဆင်အသွေးနဲ့ကိုယ်၊ ကိုယ့်ခေတ်ကို ရှူရှိုက်ပြီး ကဗျာရေးကြတယ်။ အဲဒါ ခေတ်ပေါ်ကဗျာလား။ ခေတ်မှာပေါ်ရုံ၊ ခေတ်ပေါ်ဖြစ်ရုံလောက်နဲ့တော့ မလုံလောက်ဘူးထင်တယ်။ ခေတ်ပေါ်ကဗျာ ဆိုတဲ့အတိုင်း ကဗျာကလည်း ကဗျာစင်စစ်ဖြစ်ဖို့ လိုပါလိမ့်မယ်။ အဲဒီတော့ ကဗျာဆိုတာကရော ဘယ်လိုဟာလဲ၊ ဘာလဲ လို့ ထပ်မေးလာရင် တော်တော် အပေါက်ရှာပြီး ထွက်ရမယ့် ကိစ္စပါပဲ။ ဘာကြောင့်လဲဆိုတော့ ကဗျာဆိုတာကိုက စိတ်ကို ပုံသဏ္ဍာန်ဖော်ပြရတာမျိုး မဟုတ်လား။ ဘယ်လိုလုပ်ပြီး အတိအကျပြောပြဖို့ လွယ်ကူမလဲ။ (ဒါလည်း ကျွန်တော်ပြောမပြတတ်တာကို ပြောတာပါ) ကျွန်တော့်ထက် ပြည့်စုံတဲ့၊ တော်တဲ့ပညာရှင်တွေကတော့ ပြောပြချင်လည်း ပြောနိုင်လိမ့်မယ်ပေါ့။
ဒါပေမယ့် ကျွန်တော်တို့ခေတ်မှာ စောစောက ကျွန်တော်ပြောသလို ကျွန်တော်တို့ ခေတ်ပေါ်ကဗျာတွေ ရေးနေကြတယ်။ အဲဒါကိုလည်း ခေတ်ပေါ်ကဗျာဆိုတာကြီးကို အထီးမှန်း၊အမမှန်းမသိဘဲ ဒုန်းစိုင်းနေတယ် ပြောကြဦးမှာလား။ မပြောကြပါနဲ့။ ကဗျာဆိုတာ စိတ်ရဲ့အလှပစ္စည်းပဲဗျာ။ နောက်ပြီးတော့ ကျွန်တော်တို့ကိုယ်ထဲက နှလုံးသားဆိုတာကြီးက ဘာမှအသုံးမဝင်တဲ့ အလကားဟာကြီးမှ မဟုတ်တာ။ ငိုတတ်ရုံ၊ ရယ်တတ်ရုံနဲ့တင် သူ့ကို ကျွန်တော်တို့သွားလေရာ အလေးခံပြီး သယ်နေကြရတာ မဟုတ်ပါဘူး။ ငြင်းပယ်တာတို့၊ ရွေးချယ်တာတို့၊ သိမ်းဆည်းတာတို့ကိုလည်း သူက ဦးနှောက်ထက်စောပြီး သွက်သွက်လက်လက် လုပ်ဆောင်နိုင်တယ်လို့ ကျွန်တော်ယုံတယ်။ ဒါကြောင့်လဲ ကဗျာနဲ့ပတ်သက်ရင် နှလုံးသားအားကိုးနဲ့ပဲ ရေးပါတယ်။ ဦးနှောက်က နောက်ကျမှ သူလုပ်စရာရှိတာ အနည်းအကျဉ်းကို လုပ်ပေးနိုင်တာပါ။ ကျွန်တော်ဆိုလိုတာက ကဗျာရဲ့နက်ရှိုင်းမှုနဲ့ အကြီးအကျယ် သိမ်မွေ့မှုကိုပါ။ ကဗျာဆိုတာ ဘာမှပြောလို့ မရနိုင်ဘူးဆိုပြီး ပညာရပ်တစ်ခုကို လုံးဝဖျောက်ဖျက်ပစ်နေတာ မဟုတ်ပါဘူး။ ပညာရပ်က ပညာရပ်မဆန်အောင် နူးညံ့နေလွန်းလို့ပါ။ ဒီတော့ ခေတ်ပေါ်ကဗျာဆိုတဲ့ကိစ္စ၊ ဒီခေတ်မှာ ရေးနေကြတဲ့၊ ခေတ်ကြီးနဲ့လည်း တည့်တည့်မတ်မတ်ဖြစ်နေတဲ့ ကဗျာတွေကို ခေတ်ပေါ်ကဗျာလို့ ကျွန်တော်တို့ အကြမ်းဖျဉ်း သတ်မှတ်ရင် ရနိုင်ပါလိမ့်မယ်။ လောကနီတိတွေကိုပဲဖြစ်ဖြစ်၊ နာကျင်မှုတွေကိုပဲဖြစ်ဖြစ်၊ ဘဝနဲ့ပတ်ဝန်းကျင်ကနေ သူ့ဘာသာသူ အင်အားတစ်ရပ် ထူထောင်ပြီး ဖြစ်ပေါ်လာတဲ့ စိတ်ရဲ့အစိုင်အခဲတွေကို ဥာဏ်နဲ့ထုဆစ်ပြီး အလှဖန်ဆင်းတာဟာ ကဗျာပါပဲ။ ဘဝနဲ့ဒဿန လှပစွာ စုစည်းမိလို့ ကဗျာတစ်ပုဒ် အမှန်တကယ်ဖြစ်ခဲ့ပြီဆိုရင် အဲဒီကဗျာဟာ ခေတ်အဆက်ဆက် အသက်ရှင်သန်နိုင်စွမ်းတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။
ဒီအတွက် တခြားကမ္ဘာက ဆရာသမားများကို အသားထားလိုက်ပါဦး၊ ကျွန်တော်တို့အားလုံး ရင်းနှီးနေတဲ့ မြန်မာ့သမိုင်းထဲက ကဗျာဆရာကြီး လက်ဝဲသုန္ဒရကိုပဲ ကြည့်ပါ။ သူဖြတ်သန်းခဲ့ရတဲ့ ကုန်းဘောင်ခေတ်၊ သူရရှိတဲ့ လောကဓံ၊ အဲဒါတွေကို လူတစ်ယောက် နှလုံးသွင်းမိသမျှ မဲဇာတောင်ခြေရယ်လို့ ရေးဖွဲ့နိုင်ခဲ့တယ်။ အဲဒါဟာ ကုန်းဘောင်ခေတ်ရဲ့ ခေတ်ပေါ်ကဗျာပါပဲ။ သူ့ဘဝနဲ့ သူ့ခေတ်ကို ထင်ဟပ်နိုင်စွမ်းရှိလို့ ခေတ်ပေါ်ပစ္စည်း ဖြစ်ခဲ့ရပြီး ဘဝရှိသူချင်း၊ အသည်းနှလုံးရှိသူချင်း စာနာနိုင်အောင် ဥပမာ…ဒီကနေ့အထိ ကျွန်တော်တို့တစ်တွေ စာနာလို့ရအောင် နှစ်ကာလအပိုင်းအခြားတွေကျော်လွန်ပြီး အသက်သွင်းပေးနိုင်ခဲ့တဲ့အတွက် ကဗျာအဖြစ် လက်ခံရပြန်ပါတယ်။ ဒါကြောင့် ခေတ်ပေါ်ကဗျာလို့ ပြောရခြင်းပါ။ ခေတ်တွေကပြောင်းနေတော့ ခေတ်တွေမတူကြသလို၊ ခေတ်ပေါ်ကဗျာတွေလည်း မတူနိုင်ကြဘူးပေါ့။ ခေတ်ဆိုတာ ကာလအပိုင်းအခြားတစ်ခုနဲ့သာ သက်ဆိုင်နေတော့ အမျိုးအစားတစ်ခု၊ ဂိုဏ်းဂဏတစ်ခုလို ခေတ်ပေါ်ကဗျာဆိုတဲ့ သီးခြားစွဲမက်မှုမျိုးအပေါ်မှာ ကျွန်တော်သိပ်ပြီး အရူးအမူး မဖြစ်မိပါဘူး။ နည်းနည်းတော့ ကိုယ့်ခေတ်ကို ရူးမူးတယ်ပေါ့ဗျာ။ ဒါပေမယ့် ရှေ့နောက် အချိန်ကာလအားလုံးကို ထွက်ဝင် ဖောက်ကားနိုင်တဲ့၊ ခေတ်ဆိုတဲ့ အပိုင်းအခြားကို ကျော်လွန်ပြီး အာရုံခံစားမှု ပေးနိုင်တဲ့ ကဗျာများကိုလည်း ကျွန်တော်စွဲလမ်းပါတယ်။ သူ့သတ္တိသူပြပြီး သူ့အရသာသူ ပေးနိုင်ခဲ့တယ်ဆိုရင် ဘယ်သူ့ကဗျာပဲဖြစ်ဖြစ်၊ ဘယ်ခေတ်က ဘယ်လိုပုံစံနဲ့ ရေးခဲ့တာပဲဖြစ်ဖြစ်…. အဲဒီကဗျာကို ကျွန်တော် ချစ်နိုင်တာပါပဲ။ အဲ့သလို ရေးနိုင်ခဲ့သူများကို လေးစားပြီး၊ ကိုယ်တိုင်လည်း ရေးနိုင်ချင်ပါတယ်။ ရေးနိုင်ဖို့ အားထုတ်နေကြသူများကို ကိုယ်နဲ့ထပ်တူ လေးစားပါတယ်။
ခေတ်ပေါ်ကဗျာကို ရေးဖွဲ့တဲ့အခါမှာ ကာရန်ကို ပစ်ပယ်သင့်ပြီလား။ ခေတ်ပေါ်ကဗျာမှာ ကာရန်လို မလို ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်တဲ့ မောင်သိန်းဇော်အမြင်ကို သိပါရစေ။
ကဗျာရယ်လို့ မြို့တည်နန်းတည်ကတည်းက ကာရန်ကို အကာအရံအပြောက်အမွမ်းအဖြစ် အဓိက အားယူခဲ့ကြတယ်လို့ ထင်ပါတယ်။ ဒါကလည်း ကျွန်တော်တို့ အစကို မသိမိလိုက်ပေမယ့် ဒီကနေ့အထိ ကဗျာတွေပေါ်မှာ စွဲထင်နေတဲ့ ကာရန်ရဲ့ ရနံ့နဲ့ အမှတ်အသားတွေကြောင့် ပြောနိုင်ခြင်းပါ။ ဒီနေ့ ခေတ်ပေါ်ကဗျာဆိုတာတွေ မှာလည်း ကာရန်ကို လုံးဝ ပြတ်ပြတ်စဲစဲကြီး လုပ်ထားတာမျိုး မတွေ့ရသလောက် နည်းပါတယ်။ ခြွင်းချက်အနေနဲ့ တစ်ပုဒ်တလေတော့ ရှိကောင်းရှိမှာပေါ့။ ဒါပေမယ့် အများအားဖြင့် ကဗျာတွေဟာ ကာရန်နဲ့ မကင်းနိုင်ပါဘူး။ ကဗျာဆရာဟာ ကာရန်ကို အဓိကထားမရေးပါဘူးဆိုရင်တောင် တစ်နေရာမဟုတ် တစ်နေရာမှာတော့ သူ့ကဗျာသွားဟာ သူ့ဆရာမသိအောင် ကာရန်ကို လှမ်းရှူရှိုက်တဲ့အသံ (ဒါမှမဟုတ်) အမူအရာတွေကို တွေ့ရတတ်တာပါပဲ။ ဒါကလည်း ကိုယ့်ကဗျာတွေပေါ် ခံစားနားလည်ရမိသမျှတွေထဲက ထုတ်နုတ်ကြည့်ရတာပါ။ ကိုယ့်ခေတ်နဲ့ ကိုယ့်ဘဝအတွေ့ပဲ ဆိုပါတော့ဗျာ။ ခုပြောမယ့် စကားကိုတော့ ကျွန်တော် တရားဝင်ပဲ ပြောပါရစေ။ ကျွန်တော်တို့ ကာရန်ကို မမုန်းပါဘူး….လို့ပေါ့ဗျာ။ နောက်ထပ်ပြောချင်သေးတာက…ရှေ့ကို သွားချင်တဲ့ကဗျာတွေဟာ ကာရန်ရဲ့ ဖြားယောင်းမှုအောက်မှာ လမ်းစပျောက်မနေကြပါဘူး လို့ပါပဲ။ ကျွန်တော် ဘာလို့ အဲလိုပြောတာလည်းဆိုရင် ကဗျာဟာ ကာရန်ကြောင့် ခွန်အားရှိသွားစေနိုင်သလို၊ အသုံးမတည့်ရင် ကာရန်ကြောင့်ပဲ ရောဂါထွေပြားသွားနိုင်ပါတယ်။ ဒါကလည်း ဒီနေ့ ခေတ်ပေါ်ကဗျာကို ဆိုလိုတာပါ။ လေးချိုး၊ ဒွေးချိုးလို ရတု၊ ရကန်လို ပင်စည်ကိုက ကာရန်ဖြစ်နေတဲ့ ကဗျာမျိုးတွေကို မဆိုလိုပါဘူး။ တချို့ကဗျာတွေဆိုရင် ကာရန်ကြောင့် အညွန့်ကျိုးရသလိုတောင် ထင်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘာကိုပဲရေးရေး၊ ကာရန်ပါရင် ကဗျာလို့အစဉ်အလာကတည်းက လူသာမန်တွေက သတ်မှတ်လေ့ရှိတယ် မဟုတ်လား။ အဲဒီအချက်ကပဲ ကာရန်ဟာ ကဗျာရေးသူတစ်ယောက်ကို အားထုတ်မှုလျော့ရဲသွားအောင် ဆွဲဆောင်သွားနိုင်တယ်လို့ ကျွန်တော် ယူဆပါတယ်။ ကျွန်တော် ဆိုလိုတာက ခုခေတ်မှာ ကာရန်နဲ့ရေးတဲ့ကဗျာတွေ တစ်ပုဒ်မှမကောင်းဘူးလို့ ပြောနေတာ မဟုတ်ဘူးနော်။ အဓိကမထားတဲ့ ကဗျာတွေမှာတော့ သူ့ရဲ့စကားလုံးတွေရဲ့ အသွေးအသားကမှ တကယ်သွေးအားမကောင်းခဲ့ဘူးဆိုရင်၊ သူ့မှာ အကာအရံအားကိုးစရာ ဘာမှ မရှိပါဘူး။ အဲဒီတော့ သူဟာ ခုနကပြောတဲ့အတိုင်း စကားလုံးနဲ့ ခံစားဖွဲ့နွဲ့မှုကမှ သွေးအားမကောင်းခဲ့ဘူးဆိုရင် ကဗျာကောင်းတစ်ပုဒ်ဖြစ်နိုင်ဖို့ အခွင့်အလမ်းက နည်းသွားပါပြီ။ တကယ်တော့လည်း ကဗျာကိုယ်၌ကိုက ကာရံနဲ့ ဝေးဝေးလံလံ အရပ်မှာ ကြာရှည်ကြာမြင့် မနေနိုင်ပါဘူး။ ဒီကနေ့ ခေတ်ပေါ်ကဗျာတွေဟာ ကာရန်နဲ့ အနေစိမ်းတယ်လို့ ပြောရမှာဖြစ်ပေမယ့် ကျွန်တော်တို့ ကဗျာတွေ ရေးရေးပြီးလို့ အေးအေးဆေးဆေးပြန်ဖတ်ကြည့်တဲ့ အခါ ကိုယ့်အစီအစဉ်နဲ့ မဟုတ်ဘဲ သူ့အလိုလို ကာရန် အချိတ်အဆက်မိနေတာလေးတွေကို တွေ့ရတတ်တယ်။ ကျွန်တော့် အထင်တော့ ကျွန်တော့်စိတ်ရဲ့မူလအလိုကိုက လွတ်လပ်မှုကို ကဗျာထဲမှာ ရှာကြည့်နေတာဆိုတော့ ကာရန်တွေနဲ့ အတုတ်အနှောင်မခံချင်သလို ကာရန်မဲ့ရမယ် ဆိုတဲ့ သဘောထားကြီးနဲ့လည်း အတုတ်နှောင်ခံနိုင်ပုံ မရကြပါဘူး။
ဒါပေမယ့် တစ်ခုတော့ ရှိတယ်။ ခံစားရမှုထက် ပိုအစွန်းထွက်ပြီး ကာရန်တွေ နင်လားငါလား သုံးမှ ကဗျာဟုတ်တယ်။ သို့မို့ဆို ကဗျာမဟုတ်ဘူး ဆိုတာမျိုး၊ စိတ်က အလိုမတူဘဲ ကဗျာအဖြစ် အသိအမှတ်အပြု မခံရမှာ ကြောက်လို့ ဝတ္တရားရှိလို့ ဆိုတဲ့ သဘောနဲ့တော့ ကာရန်ကို ကျွန်တော် မသုံးချင်ပါဘူး။ ရင်ထဲက ထွက်လာတဲ့ အတိုင်းလေးက လှနေရင်၊ သူ့အတိုင်းလေးပဲ လှပါစေပေါ့။ ဥပမာ ဆရာဒဂုန်တာရာ ဝဇီရာရုံမှာတုန်းက ကျွန်တော့်ကို မှတ်ချက်လေးတစ်ခု ရေးပေးဖူးတယ်။ (ကိုသိန်းဇော်ကို တွေ့ချင်လို့လာတာ၊ အသံနဲ့ကဗျာကို တွေ့ပါပြီ) တဲ့။ အဲဒီစာပိုဒ်လေးကို ဘယ်လိုသဘောရပါသလဲ။ ကျွန်တော်တော့ ကဗျာပိုဒ်လေးတစ်ခုလိုပဲ ရင်ထဲမှာရတယ်။ အဲဒါက ဆရာ့တုံ့ပြန်မှုအပေါ်မှာ ကျွန်တော် ကျေနပ်စရာကောင်းတာ သက်သက်ကြောင့် မဟုတ်ပါဘူး။ စာကြောင်းလေးရဲ့ လှတဲ့ ခွန်အားကြောင့်ပါ။ အဲဒါမျိုးကို သိသိသာသာ ကာရန်တွေ ချိုးချမပေးထားတဲ့အတွက် ကဗျာမဟုတ်ဘူးလို့ ကျွန်တော် မပစ်ပယ်နိုင်ပါဘူး။ အကြောင်းအရာတစ်ခုကိုလည်း ဆောင်ရွက်နိုင်တယ်၊ လှလဲလှပတယ်၊ ဒါကို ကဗျာစာပိုဒ်လေး တစ်ပိုဒ်လို့ လက်မခံနိုင်ဘူးလား…..။ အကြောင်းအရာလည်း ဟုတ်တယ်၊ လှလည်းလှပါတယ်။ ဒါပေမယ့် ကာရန်တွေ ထင်သာမြင်သာမရှိလို့ ကဗျာမဟုတ်ဘူးဆိုရင်၊ ဒီလိုဗျာ….ဥပမာ
မောင်သိန်းဇော်၊ တွေ့ချင်လို၍
ဒီကိုလာခဲ့၊ မှတ်တမဲ့တွင်
အသံကဗျာ၊ ထိုရသာကို
ရင်မှာလာ၍၊ တွေ့ပြီတည်း။ လို့ ရေးရင်ကော?
အဲဒါဆိုရင် တော်တော်များများက ကဗျာမဟုတ်ဘူးလို့ ငြင်းကြတော့မှာ မဟုတ်ပါဘူး။ ဒါပေမယ့် စဉ်းစားဖို့ ကောင်းတာက (ကိုသိန်းဇော်ကို တွေ့ချင်လို့လာတာ၊ အသံနဲ့ကဗျာကို တွေ့ပါပြီ) ဆိုတာလောက် ကျွန်တော့်ရင်ထဲ တိုက်ရိုက်မရောက်ဘူး။ ဒီလိုလေးသွားမှ ကဗျာဖြစ်တယ် ဆိုပြီးတော့ တစ်ခါတည်း ခါးတွေနွဲ့၊ ကိုယ်တွေလှုပ်ပြီး လမ်းလျှောက်ပြနေသလိုပဲ။ ကဗျာအနုပညာခံစားမှုကို နဂိုရည်ပေါ်အောင် သွေးတတ်ဖို့နဲ့ သူ့ဘာသာသူလှနေတဲ့ ခံစားမှုရဲ့ နဂိုရည်ကို ဖျက်ဆီးမပစ်မိဖို့ အရေးကြီးပါတယ်။ ကဗျာဟာ ကိုင်တွယ်လို့ မရနိုင်အောင် နူးညံ့လှပတဲ့အရာပါ။ ခေတ်ပေါ်ကဗျာဆိုတာကျတော့ နည်းပရိယာယ်ပိုများလာတယ်လို့ ထင်ပါတယ်။ အဲဒါတွေ ပေါ်လွင်အောင်၊ ပီသအောင်ကတော့ ခေတ်ပေါ်ကဗျာရေးနေကြသူများက ဆက်လက်အားထုတ်ကြရမှာပါပဲ။ ကျွန်တော်တို့ အပါအဝင် ကနေ့ခေတ်လူငယ်တွေဟာ ကာရန်ကို မကြိုက်ကြတာ မဟုတ်ပါဘူး။ ဒါပေမယ့် အာရုံထဲမှာ သိသိသာသာကြီး ငေါထွက်လာတဲ့ ကာရံမျိုးတွေ၊ စိတ်စီးကြောင်းပေါ်မှာ အဖုအထစ်ဖြစ်စေတဲ့ ကာရန်မျိုးတွေကိုတော့ လိုချင်ကြဟန် မတူပါဘူး။
ခေတ်ပေါ်ကဗျာဆိုတာ ခေတ်ပေါ်ပစ္စည်းတစ်မျိုးမဟုတ်လား။ ဒီနေ့ခေတ် အဆောက်အဦ တွေမှာ ထုပ်တန်းတွေ၊ တိုင်တွေ၊ သံရာတွေ မပေါ်အောင် ဂရုပြုဆောက်လုပ်သလို ကားတွေဆိုလည်း ဂဟေရာတွေ၊ ဝက်အူတွေကို အတတ်နိုင်ဆုံး အဖုအထစ်မဖြစ်အောင်၊ ပြေပြစ်အောင် တည်ဆောက်သုံးစွဲလာကြတယ်။ တကယ့်ကို ပကတိအတိုင်း။ သဘာဝက ဒီအတိုင်းပဲ ဖြစ်ပေါ်လာသလိုလိုကို ကြိုးစားဖန်တီးလာကြတယ်။ ကျွန်တော်တို့လည်း ကဗျာကို ရင်ထဲမှာ လှနေတဲ့အတိုင်း ပုံပန်းမပျက် ထုတ်ပြနိုင်ချင်တယ်။ နဂိုရည်ကို မပျောက်ပျက်ရအောင်၊ ရင်ထဲက အရှိန်တွေကို ယုတ်လျော့မသွားအောင် အတတ်ပညာကို အသိမ်မွေ့ဆုံး၊ အသုံးပြုနိုင်ဖို့ ကြိုးစားရပါလိမ့်မယ်။ စောစောကပြောတဲ့ အဆောက်အအုံပစ္စည်းတွေလိုပဲ ထင်ထင်ရှားရှား မမြင်ရပေမယ့် သူတို့မှာ ချိတ်ဆက်ထားတာတွေ၊ ထောက်မှီထားတာတွေ၊ ဖမ်းယူထားတာတွေ မရှိဘူးလားဆိုတော့….ရှိပါတယ်။ ခေတ်ပေါ်ကဗျာမှာလည်း ဒီအတိုင်းပါပဲ။ ရှိနေပါတယ်။ မရှိလို့ကို မရပါဘူး။ အဲဒီအပိုင်းမှာ ကာရံလည်း ဖြစ်ချင်ဖြစ်မယ်၊ တစ်ခါတစ်ခါ ကာရန် ဟုတ်ချင်မှလည်း ဟုတ်မယ်၊ အာရုံအရုပ်တွေနဲ့ ချိတ်ဆက်ထားတာ ဖြစ်ချင်ဖြစ်မယ်။ တစ်ခါတလေကျတော့ ဘာသာစကားနဲ့ ဘယ်လိုမှ ပြောရမလွယ်ကူတဲ့ အငွေ့အသက်တွေနဲ့ ဖြစ်ချင်ဖြစ်မယ်၊ သူ့ဘက်ကိုယ့်ဘက် နားလည်မှုကြီးမားဖို့တော့ လိုပါတယ်။ တစ်အိမ်ကနေ တစ်အိမ်ကို ပြောင်းရွှေ့ရင်တောင် ပစ္စည်းပစ္စယတွေ ရှုပ်ရှုပ်ထွေးထွေးနဲ့ သယ်မ,ရွှေ့ပြောင်းသွား ကြရသေးတာ၊ ကျွန်တော်တို့ ကဗျာလည်း တစ်ခေတ်ကနေ တစ်ခေတ်ကို ရွှေ့ပြောင်းတဲ့အခါ ဒီလိုပဲ အရှုပ်အထွေးတွေ၊ ပဋိပက္ခတွေကို ထုပ်ပိုးရွှေ့ပြောင်းသွားကြရမှာပေါ့။ အရေးအကြီးဆုံးကတော့ ရေကောင်းမြေကောင်းမှာ ကဗျာဟာ လူဖြစ်ခဲ့ဖို့ပါပဲ။
မောင်သိန်းဇော်
၁၉၉၅၊ ပိတောက်ပွင့်သစ်


Comments