ဒီတော့ ခင်ဗျားဟာ ကဗျာနှစ်ပုဒ်ကို နှိုင်းယှဉ်ရပြီဆိုပါတော့။ တစ်ပုဒ်က တိုတယ်၊ တစ်ပုဒ်ကရှည်တယ်။ ရှည်တဲ့ ကဗျာက အမြဲတမ်းကောင်းသလား။ ဒီလိုလည်း မဟုတ်သေးဘူး။ ညံ့ဖျင်းတဲ့ အရေးအသား စွပ်ပြုတ်ဆန်တဲ့ တင်ပြမှုတွေနဲ့ ငြိသွားတဲ့ကဗျာရှည်များကျတော့ ဖတ်သူကို ကဗျာဟာ ရှည်ရင်ရှည်သလောက် တိုက်ရိုက်အချိုးနဲ့ ဒုက္ခပေးတော့တာပဲ။ ဒါကြောင့် ရေချယ်က သူ့ရဲ့ကျမ်းငယ်ဖြစ်တဲ့ “ကဗျာရှည်ရဲ့အနတိုမီ” (An Anotomy of the Long Poem) မှာ (Is the longer one always better? Of course not) လို့ ရေးခဲ့တယ်။ ဒါပေမယ့် ကဗျာရှည်ကစားလို့ရတဲ့ အချက်တွေရှိတယ်။ ကဗျာရှည်ကို ကဗျာရေးသူဟာ ပိုပြီးလှအောင် တည်ဆောက်ခွင့် ပေးထားတဲ့အချက်တွေ ရှိနေတယ်။ ကျွန်တော်တို့ကို အထိတ်တလန့်ဖြစ်စေတာက ကဗျာတိုထဲမှာ အားထုတ်လို့မရတဲ့ အချက်တွေပဲ။ ကဗျာရှည်ဆရာမ အန်းဝဲလ်(ဒ)မန်း (Ann Weldman) ရဲ့ “Iovis” ကဗျာရှည်ကို တည်ဆောက်ခဲ့တဲ့ အက်ပစ် (epic) အသွားမျိုးကို ကဗျာတိုမှာ ဘယ်လိုမှ တည်လို့မရဘူး။ မဂ္ဂီနယ်(လ)ဆင် (Maggie Nelson) ရဲ့ ဂျိန်း (Jane) က ဝတ္ထုဆန်တဲ့ (Read like a novel) အရေးအသားမျိုးကို ကဗျာတိုမှာ တည်လို့မရဘူး။ ဆရာမ ကယ်ရိုလင်းဖိုရှေး (Carolyn Forche’) ရဲ့ လားရစ်စီးကွင့် (Lyric Sequence) လို တည်ဆောက်မှုမျိုးကို ကဗျာတိုထဲမှာ ခင်ဗျားဘယ်တော့မှ တွေ့မှာမဟုတ်ဘူး။ ဆရာမ အန်းကာဆင် (Ann Carson) ရဲ့ အနီရဲ့ အတ္ထုပတ္တိ (Autobiography of Red) လို ကဗျာတစ်ပုဒ် စာတစ်ပုဒ်အရေးအသား (ပိုဒ်ခွဲပါချင်ပါမယ်။ မပါတာလည်း ရှိတယ်) (Book length single poem or without section) နဲ့ ဘနက်တစ်မေယာ (Mayer) တို့လည်း ရေးလေ့ရှိတယ်။ ဆရာမမေယာရဲ့ ဒိုင်ယာရီဆန်တဲ့ အရေးအသားမျိုး (Read like a diary) ဆောင်းနေ့လည် (Midwinter Day) လို ကဗျာရှည်ကို ကဗျာတိုမှာပေးဖို့ ခက်ခဲတယ်။ ဆရာမကြီး ဂါးထရုစတိုင်း (Stein)ရဲ့ နူးညံ့ခလုတ် (Tender Buttons) လို စကားပြေကဗျာမျိုးကို ကဗျာတိုက ငြင်းပယ်ပြန်တယ်။ နောက်တဖန် ဂျိမ်းစချိုင်လာ (James Schuyler) ရေးလေ့ရှိတဲ့ ငြင်းပယ်အက်ပစ် (Anti-epic) ကဗျာရှည်မျိုးကိုလည်း ကဗျာတိုတွေ ဘယ်လိုမှ စွမ်းဆောင်နိုင်မှာမဟုတ်။ စကားပြေဆန်လွန်းတဲ့ သမိုင်းဝင်ကဗျာရှည် အူသံ (Howl) ကိုလည်း ဆရာကြီး အလန်ဂျင်းစဘတ်က ကဗျာတိုအဖြစ် တည်ဆောက်ခဲ့ရင် ယခုလောက်ကောင်းမှာမဟုတ်။ နောက်ဆုံး ဒေးဗစ်အန်တင်း (David Antin) စကားပြေကဗျာ (Talk Poems) များသည်ပင် ကဗျာရှည်အားကို ယူခဲ့ရတယ် မဟုတ်လား။ ကဗျာရှည်တွေဟာ ဘာများထပ်လုပ်နိုင်သေးသလဲ? ကဗျာတိုတွေနဲ့ ခြားနားမှုကို ဖြစ်စေတာကတော့
၁။ ဇတ်ကြောင်းပြောမှုအား ကိုင်တွယ်နိုင်ခြင်း (Grapple with Narrative)
ကဗျာဆရာတွေဟာ ကိုယ့်နံဘေးလေးက ဖြစ်နေတဲ့ အရာတွေကို ကဗျာနဲ့ ပြန်လည်တင်ပြချင်တာမျိုး ဆိုရင်တော့ ဇတ်ကြောင်းပြောမှုကို သွေဖယ်ဖို့ ခက်နေတတ်ကြပါတယ်။ ကဗျာတို အားလုံးဟာ ဇတ်ကြောင်းပြောမှုကို ရှောင်ကွင်းတယ်လို့ မဆိုလိုပေမယ့် ဇတ်ကြောင်းပြောမှုထက် ပိုလုပ်ခွင့်ရတာကတော့ ကဗျာရှည်တွေမှာပဲ ရှိပါတယ်။ ကဗျာရှည်မှာတော့ ဧဒင်္ဂအဆင့်ရှိတဲ့ ဆရာမကြီး အက်လစ်နော့(တ်)လေ (Alice Notley) ကတော့ ကဗျာတိုဆိုတာ ပါဝင်တဲ့ စကားလုံးအချင်းချင်း ပေါက်ကွဲအားပြိုင်မှုနဲ့ တည်ဆောက်ထားတာဖြစ်တယ်။ (A short poem is composed of the dynamics between each word) လို့ ဆိုတယ်။ ခင်ဗျားက ဟိုးမားလို ကဗျာတွေကို တည်ဆောက်ရင် ပုံစံ (Form) ဟာ ဇတ်ကြောင်းကိုပေးသလို ပုံစံ (Form) ဆိုတာ စာကြောင်းတည်ဆောက်ပုံ (Line) ရဲ့ အရှည် (Length and metre of that line) နဲ့ မီတာဟာ အသက်ပါပဲ။ ဇတ်ကြောင်းပြောအရေးအသားဟာ ကဗျာရှည်တွေမှာ အရေးပါတဲ့ အခန်းက တည်ရှိတယ်လို့ ဆိုပါတယ်။ အလန်ဂင်းးစဘားဂ်ရဲ့ အူသံကဗျာရှည်က သာဓကပါပဲ။ ကဗျာတိုတည်ဆောက်မှုမှာ အဲဒီအခြေအနေမရှိဘူး။ ။ ကိုင်ရတွယ်ရ ခက်တဲ့ ဘောင်ကျဉ်းထဲမှာဇတ်ပြောကို ရေးဖို့ကြိုးစားတာရင်တော့ကဗျာရေးသူဟာဘောလုံးစကားနဲ့ပြောရရင် ထောင့်ကျဉ်းကို ခပ်ပြင်းပြင်းကန်သွင်းသလိုပါးရည်နပ်ရည်ရှိ ဖို့လိုတယ်။
၂။ ကြီးမားသော ပုံရိပ်အိုင်ဒီယာနှင့်တစ်စုံတစ်ခုသော အကြောင်းအရာ
Long poems look at the big picture develop idea and are about something
ကဗျာရှည်ကြီးတွေက ကြီးမားတဲ့ ပုံရိပ်တွေကို ပေးစွမ်းနိုင်တယ်။ အိုင်ဒီယာကို ပိုပြီးကွန့်မြူးနိုင်တယ်။ ပြီးတော့ ကဗျာရဲ့ အကြောင်းအရာကိုလည်း ပိုပြီး တင်ပြလို့ရတယ်။ ကဗျာရှည်တွေဟာ ကိုယ့်အကြောင်းကို ပိုပြောနိုင်တာကလွဲပြီး သိပ်ထူးထူးခြားခြားလုပ်ဖို့ မစဉ်းစားဘူး။ ဝေဖန်ရေးဆရာ ဒီအေပိုဝဲလ် (D.A Powell) က တော့ ကဗျာရှည်တွေဟာ ဇတ်လမ်းဆန်မှုနဲ့ အကြောင်းအရာပိုင်းတင်ပြနိုင်မှုကို အသေအချာ လုပ်နိုင်တယ်လို့ ဆိုတယ်။ အဓိကကတော့ ဇတ်အိမ်တစ်ခုတည်ဆောက်မှုလိုမျိုး (storyness) နှင့် အကြောင်းအရာပိုင်း (aboutness) နှစ်မျိုးစလုံးကို ပေးစွမ်းနိုင်တာပါပဲ။ ကဗျာရေးသူရဲ့ အိုင်ဒီယာချဲ့ထွင်ရင် ချဲ့ထွင်နိုင်သလောက် တင်ပြလို့ရတယ်။ ကျွန်တော်တို့ ငယ်ငယ်က မှန်ပြားတွေကို ကော်နဲ့ကပ်ပြီး ဖြာထွက်နေတဲ့ ပုံရိပ်ကိုကြည့်သလိုမျိုး။ ဒါကြောင့် တစ်ဖက်က ပြန်တွေးရန် ကဗျာတိုမှာ ဇတ်အိမ်တည်ဆောက်မှု အခန်းကဏ္ဍ လျော့ပါးတယ်။ တစ်နည်းဆိုရင် ငြင်းဆန်တယ်။ ကဗျာဆရာက ကဗျာတိုမှာ ဇတ်အိမ်တည်ဆောက်ဖို့ ကြိုးစားရင်တော့ သူဟာ အန္တရာယ်ကို မျှားသူဖြစ်မှန်းမသိ ဖြစ်သွားနိုင်တယ်။
၃။ ကဗျာဖတ်ရသော အချိန်ကာလ (Long poem take time to read)
ယေဘုယျကျတဲ့ ကိစ္စပါပဲ။ ကဗျာရှည်ကို ဖတ်ရတာက အချိန်ပိုကုန်တယ်ပေါ့။ ဒါက ကလေးတစ်ယောက်တောင် သိတယ်။ ဒီနေရာမှာ ဘာကြောင့် ရေချယ်ဇတ်ကာ (Rachel Zucker) က အချိန်ကိစ္စကို ပြောရသလဲ။ ရေချယ်က “ကဗျာဖတ်ခြင်းနဲ့ ကဗျာရှည်ကို ကျော်လွှားတာ အခြားစာဖတ်ခြင်းနဲ့မတူကွဲပြားတဲ့ အာရုံဝင်စားမှုတစ်ခု လိုတယ်။” “Reading long poems requires a different kind of attention” လို့ဆိုတယ်။ ဘယ်လို အာရုံစူးစိုက်မှုမျိုးလည်း ဆိုတော့ ခင်ဗျားဟာ ကဗျာကို ဖတ်နေရင်းနဲ့ အသေးစိတ်တွေကို စူးစိုက်ဖို့ ခက်ခဲလာတယ်။ အဲဒီအချိန်မှာ ခင်ဗျားရဲ့ စိတ်တွေဟာ ဖတ်နေရင်းနဲ့ တစ်နေရာဆီကို လှည့်လည်နေမယ်။ ကဗျာဆီကို ပြန်လာလိုက် ပြန်လွင့်သွားလိုက် ဖြစ်နေမယ်။ ဆန်းသစ်ဖန်တီးခြင်း (Exerimental) နဲ အတွေ့အကြုံသစ် (Experience) တို့ဟာ အပြန်အလှန်ပေါင်းစပ်ကြတယ်။ ဒီတော့ ကဗျာရှည်ကို ဖတ်တဲ့အခါမှာ ကဗျာတိုကို ဖတ်တာထက် မတူတဲ့စိတ်အနေအထား (အခြေအနေ) တစ်ခုကို ခင်ဗျားရပါလိမ့်မယ်။ အဲဒါက ခင်ဗျားဖတ်နေစဉ်မှာ စိတ်ကူးကမ္ဘာခြားအရာများ (Daydreams) နဲ့ အာရုံခံစားမှုအချက်အလက်များ (The Sensory deta) ရှိရာ နေရာလေးတစ်ခုဆီကို ခင်ဗျားရောက်သွားလိုက်၊ နောက်တော့ ကိုယ့်ဘာသာ ကဗျာဆီကို အာရုံပြန်စိုက်လိုက်နဲ့ ခင်ဗျားဟာ “ဖျတ်ခနဲလွင့်ပါးဖျတ်ခနဲရောက်လာ” အနေအထားမျိုး တစ်လှည့်စီ ဖြစ်နေမယ်။ အဲဒါကို ဆောင်းပါးရှင် ရေချယ်က “become enphemerally woven into the long poem” လို့ရေးတယ်။ ခဏလေး ဖျတ်ခနဲရှိတဲ့ တိုတောင်းသော ရှင်သန်မှုဖြစ်စွာ တစ်လှည့်စီ သွားချည်လာချည် (enphemerally woven) လို့ ရေးတယ်။ အဲဒီလို စိတ်က ကဗျာဆီက “ခွာလိုက်တယ်၊ ကပ်လိုက်တယ်” ဖြစ်နေတဲ့အချိန်မှာ ခင်ဗျားရဲ့ အသိစိတ်ဟာ ငါဖတ်နေတဲ့ ကဗျာဆီကို လုံးလုံးအာရုံစိုက်ရမယ်ဆိုတဲ့ အတွေး ခင်ဗျားနားမှာ ဟိုသွား ဒီသွား ဖြစ်နေတဲ့စိတ်ကို ခပ်ဆတ်ဆတ် တုပ်နှောင်ပြီး ကဗျာထဲကို ပြန်လာတယ်။ ကဗျာကို ဖတ်နေရင်းနဲ့ ကဗျာကရှည်တော့ ခင်ဗျားရဲ့ တကယ့်အပြင်ဘဝက ခင်ဗျားကို နှောင့်ယှက်တယ်။ ဒါကြောင့် ကဗျာကိုဖတ်တာရပ်ပြီး တခြားတစ်ခုလုပ်မယ်ဟေ့လို့ ဆုံးဖြတ်ပြန်တော့ ခင်ဗျားရဲ့ တကယ့်ဘဝအစစ်ကို ကဗျာကလာပြီး နှောင့်ယှက်ပြန်ရော။ ဒီတော့ ခင်ဗျားဟာ ကဗျာကို နောက်တစ်ခေါက် ပြန်ဖတ်ရတာပေါ့။ ရေချယ်ပြောတဲ့ ကဗျာရှည်ဟာ အချိန်ကုန်စေတယ်ဆိုတာ ဒါမျိုးပါ။ ကဗျာတိုမှာတော့ ဒီလိုအတွေ့အကြုံမျိုး ခင်ဗျားကို မပေးနိုင်ပါဘူး။ ဒါကြောင့် ဒီအတွေ့အကြုံမျိုးကို ကဗျာတိုက ပေးချင်ရင် ကဗျာတိုရေးသူဟာ ကိုယ်ခံအားကောင်းဖို့၊ ပါးရည်နပ်ရည်ရှိဖို့ အင်မတန်လိုတယ်။ ကဗျာကို ဖတ်တဲ့သူဟာ သက်ပြင်းတွေ အခါခါချ၊ ဆေးလိပ်တိုကို မီးညှိလိုက်၊ စာအုပ်ကို ခေါက်လိုက်၊ ပိတ်လိုက်၊ ပြတင်ပေါက်ကြီးကို ကျော်ပြီးငေးလိုက် စ,တဲ့ အဖြစ်မျိုးစုံကို ပေးနေပြီဆိုရင် ကဗျာတိုရေးသူဟာ ကဗျာမှော် အောင်သွားပါပြီ။ ကဗျာတိုမှာ အတော်တည်ဆောက်ယူရပါတယ်။
၎။ ကဗျာတိုက ဝန်ခံမှုအဖွဲ့အနွဲ့ကို ကောင်းကောင်းမလုပ်နိုင်ဘူး။ (Short poems are not coffessional)
အဲဒီမှာ လူတွေရဲ့ ပြောစကားရှိတယ်။ အချိန်ကာလတစ်ခုကိုလည်း ဖြတ်ပြီး ပြောချင်ပြောမယ်။ အပြောင်းအလဲတွေအကြောင်း ပြောမယ်။ ဖတ်သူကို ရေးသူက တိုင်တည်နိုင်တယ်။ ဖတ်သူဟာ ရေးသူရဲ့ ဘဝ ဒါမှမဟုတ် စိတ်အခြေအနေ ဖွင့်ဟပြောဆိုမှုရဲ့ သက်သေသက္ကာယ (witness to the life or mind of poet) လို့ ရေချယ်က ဆိုတယ်။ အခြေခံအားဖြင့် ကဗျာရှည်တွေဟာ ရေးသူပြောစကားနဲ့ ဝန်ခံမှု/ဖွင့်ဟမှု အဖွဲ့အနွဲ့တွေ ဖြစ်နေတတ်တယ်။ ကဗျာရှည် အားလုံးတော့ မဟုတ်ဘူးပေါ့လေ။ ရေချယ်ကတော့ များသောအားဖြင့်/အခြေခံအားဖြင့်ကို “on the most basic level” လို့ ဆိုသလိုပဲ ကဗျာရေးသူဟာ ကဗျာရှည်၍ အလျားအနံရှည်လျားခွင့်ရှိတဲ့ အခွင့်ကောင်းကို ယူပြီး သူရတဲ့ အခွင့်အရေးကို ရေးဖွဲ့တဲ့ အချိန်အတွင်းအကြောင်းအရာနဲ့ အပေးအယူလုပ်ပြီး တင်ဆက်ခြင်း (ဝါ) ရေးသားခြင်း လုပ်နိုင်စွမ်းကြောင့် ကဗျာရှည်တွေဟာ သဏ္ဍာန်ကွဲပြားသွားတယ်လို့ ရေချယ်က ဆိုတယ်။ ဒါကြောင့် ကဗျာတိုမှာ ဖွင့်ဟဝန်ခံခြင်းပုံစံ (cofessional form) နဲ့ တည်ပြီးရေးဖို့ အလုပ်မဖြစ်ဘူး။ ရင်ထဲကစကား၊ စိတ်၊ အမှား စတဲ့ ပုဂ္ဂလကိုယ်စားပြုအရာတွေကို ကဗျာကတစ်ဆင့် ဖတ်သူကို ဖွင့်ဟပြောခွင့် များများ ကဗျာတိုတမှာ မရှိဘူး။ အတွေးတစ်စ၊ အမှန်တရား၊ အရွဲ့တိုက်မှုနဲ့ မြင်ကွင်းတစ်ခုကို တစ်ချက်ပြ ရေးဖွဲ့မှုကိုသာ ကဗျာတိုတွေက အားပေးတယ်။
၅။ ကဗျာရှည်ဟာ သူ့ပုံစံကို သူ့ဟာသူရှာခွင့်ပေးတယ် (Long poems discover themselves)
ဒေးဗစ်ထရီနီဒက် (David Trinided) ဆိုတဲ့ ကဗျာဆရာကတော့ သူ့ရဲ့ကဗျာ “လောင်းရိပ်အောက်က ကဗျာတစ်ပုဒ်” ( A poem under the influence) ကို ရေးတော့ တစ်ဝက်တစ်ပျက်မှာ သူသတိထားမိတာက သူ့ကဗျာဟာ ကင်းဘတ်စတစ်ခုပေါ်က ပန်းချီကားတစ်ချပ်ကို ကြည့်နေပြီး ရေးနေသလိုမျိုး အပြချည်းသက်သက် ဖြစ်နေတာနဲ့ ပိုပြီးတူနေတယ်။ ရေးရင်းနဲ့ သူလက်လွန်သွားတာကို သတိထားမိတယ်။ အဲဒီအချိန်ထိ သူ့ကဗျာဟာ ရှည်တဲ့ကဗျာတစ်ပုဒ်တော့ ဖြစ်နေပြီဆိုတာကို ရိပ်စားမိတယ်။ အဆုံးသတ်မှာ ဘာဖြစ်မလဲ၊ ဘယ်နေရာ အဆုံးသတ်ရမလဲဆိုတာ သူမသိသေးဘူး။ ပြီးတော့ ကဗျာရှည်ရဲ့ အားကိုယူပြီး “ဖွင့်” ရေးပစ်ခဲ့တယ်။ ကဗျာအဆုံးသတ်နဲ့ ကဗျာရဲ့စတိုင်ကို ရေးနေရင်း ရှာသွားတာမျိုးပေါ့။ ကဗျာရှည်က ဒီအခွင့်အရေးကိုပေးတယ်။ (ဒါပေမယ့် ကဗျာတိုကိုတော့ အဲဒီလိုသွားမစမ်းပါနဲ့ကိုယ့်လူ။) အက်ဆေးဆိုတာလည်း ထိုနည်းတူပဲ။ ရေးသူက သူယုံကြည်ရာကို ရေးရင်း ရှာသွားလို့ရတယ်။ ဒါပေမယ့် ကဗျာတိုဟာ အဲဒီလိုလုပ်ခွင့်ကို မပေးဘူး။
၆။
ကောင်းပြီ။ ကျွန်တော်တို့ ကဗျာအကြောင်း စ ပြောကြည့်ရအောင်။ ကဗျာဘယ်က လာသလဲပေါ့။ ဒီတော့ ကျွန်တော် ဖတ်နေတဲ့ စာအုပ်လေးတစ်အုပ်ထဲက စာလေးနည်းနည်း ကိုးကားကြည့်မယ်။ ရေးသူကတော့ မားဂရက်(ဒ်)ချပ်(ပ်)မန်း (Margaret Chapman) နဲ့ ကက်သလင်းဝဲ(လ်)တန် (Kathleen Welton) ရဲ့ စတင်လေ့လာသူများအတွက်ကဗျာ (Poetry for Beginner) စာအုပ်ထဲကပါ။ ကျွန်တော်တို့ ပြောနေ ရေးနေ ရွတ်နေကြတဲ့ ကဗျာ။ ဘယ်ကလာသလဲ။ မင်းကွာ ကဗျာဘယ်ကလာသလဲ ဆိုတာတောင် ကိုးကားနေရသေးတယ် ပြောရင်တော့ ကျွန်တော့်ဘက်က ပြောစရာ (၂) ချက် ရှိသည်။ တစ်ချက်က ကျွန်တော့်အပိုင်မဟုတ် ဆိုတာကို သွယ်ဝိုက်ပြောလိုခြင်း ဖြစ်ပြီး နောက်တစ်ချက်ကတော့ လက်ခံနိုင်တဲ့ ဆင်ခြေမျိုး ဖြစ်လို့ပါပဲ။ အဲဒီ အမျိုးသမီးတွေရေးတဲ့ အခြေခံကဗျာကျမ်းငယ်ထဲမှာတော့ ကဗျာဟာ ကဗျာအဖြစ် ရေးသားခြင်းထက်ကို ပို၍ ရှေးကျပြီး ကမ္ဘာ့ရှေးအကျဆုံး အရေးအသားများထဲက တစ်ခုအပါအဝင် ဖြစ်တယ်။ (Poetry is one of the oldest form of writing in the world. In fact, poetry is probably even older than writing itself.) လို့ ရေးတာကိုး။ ရှေးကဗျာဆရာများဟာ သူတို့ရဲ့ကဗျာကို အလွယ်တကူရွတ်ဖို့ မှတ်မိဖို့ ကဗျာနည်းစနစ်တွေဖြစ်တဲ့ ရိုင်း(မ်) နဲ့ ရစ်သမ် ကို အသုံးပြုခဲ့တယ်လို့ ဆက်ရေးပါတယ်။ ကမ္ဘာ့ရှေးအကျဆုံး အရေးအသားဆိုတာက စာရင်းအင်း (Accounting) နဲ့ ဥပဒေသ (Law codes) တွေကို ရေးတာပါပဲ။ မှတ်တမ်း (record) လုပ်တယ်ပေါ့။ ဘယ်သူက ဘယ်ဟာတွေ ပိုင်တယ်။ ဘယ်ကိုလုပ်တယ်။ ဘာကိုတော့ မလုပ်နိုင်ဘူး။ လူက မေ့တတ်တာကိုး။ ဒီတော့ မမေ့အောင် မှတ်မိနိုင်တဲ့ အမှတ်အသားလေးတွေ ရေးခြစ်ကြတာပေါ့လေ။ ဒီတော့ အရေးအသား ဖြစ်လာတယ်။ တစ်ဆင့်တက်ပြီး အခြေခံစီးပွားရေးကို လုပ်တယ်။ အဲဒီမှာ နည်းနည်း ပြဿနာရှိလာတယ်။ စီးပွားရေးလုပ်တာနဲ့ ပတ်သက်ပြီး ကြီးကြီးငယ်ငယ် မှတ်ရပြုရတော့မယ်။ “keeping track of things” လုပ်ရတယ်။ အဲဒီမှာ ရေးရ၊ မှတ်ရ၊ ကြည့်ရ၊ ပြောရတော့ အဲဒီစာရင်းတွေ၊ ပိုင်တာတွေကို မှတ်မိအောင် ကဗျာကို စတင်ရေးသားတယ်။ သူတို့ပိုင်တာတွေ မှတ်သားထားတာတွေနဲ့ ကာလရှည်ကြာ မှတ်သားပြီး အပြန်တလဲလဲ မှတ်မိအောင် ကဗျာကို ရေးသားခြင်းအားဖြင့် တစ်နည်းတစ်ဖုံ အားထုတ်တယ်ပေါ့။ (they started using writing to record those poems they had been just memorizing and repeating for so long) လို့ ဆရာမနှစ်ဦးက ဖော်ပြပါတယ်။
Comments
Post a Comment