မောင်​ယုပိုင်​ ​ဆောင်းပါး

#အမှတ်စဉ်၂၆ပုဒ်မြောက်ကဗျာဆောင်းပါး

#ပို့စ်မော်ဒန်အယူသီးမှုအလွန်_ငါတကယ်အိပ်ချင်နေပြီ  (မောင်ယုပိုင်)

-----------------------------------------------------------------------------------------------------
မှတ်ချက်။  ။ ဆရာမောင်ယုပိုင်ရဲ့ယခုဆာင်းပါးဟာ သာမန်ဆောင်းပါးတစ်စောင်
ထက်အများကြီးရှည်ပါတယ်။ စာတမ်းငယ်တစ်ခုလိုဖြစ်နေပါတယ်။
အဲဒီအတွက် ဖတ်ရသူများအဆင်ပြေအောင်
ကျွန်တော် သင့်တော်သလို စာပုဒ်ငယ်များခွဲထားပါတယ်။
-----------------------------------------------------------------------------------------------------

ပုံသဏ္ဌာန်ဆိုင်ရာ အစွန်းရောက်တီထွင်မှု၊ မြင်းစိုင်းသူများမှ ရေးသူလူဆန်းအထိ
ကျွန်တော်တို့ဆီမှာ ကဗျာတစ်ပုဒ်၊ စာတစ်ပုဒ်၊ အရေးအသား တစ်ပုဒ်ကို
တွေ့နေကြ ပုံစံမဟုတ်ဘဲ အထူးသဖြင့် စာသားတွေ အဆက်အစပ်မဲ့နေတာ
စလယ်ဆုံး ညီညွတ်မှုမရှိတာ အကြောင်းအရာနဲ့ အဓိပ္ပါယ်တွေ
ဟိုရောက်ဒီရောက် ဖြစ်နေတာ သဒ္ဒါအားဖြင့် မှားယွင်းနေသယောင် ထင်ရတာ
နောက်ဆုံး ရုပ်ပိုင်း ဆိုင်ရာမှာ မြင်တွေ့ရမှာဖြစ်တဲ့ စာသားတွေကို
နေရာချထားတာ ဖြတ်ညပ်ကပ် လုပ်ထားတာ တခြား(သိပ္ပံ၊ သင်္ချာ) နယ်ပယ်က
ဝေါဟာရတွေ သင်္ကေတတွေ ပါလာတာ ကိန်းဂဏန်းတွေ မြှားတွေ မျဉ်းတွေ
ရုပ်ပုံ သင်္ကေတတွေ ပါလာတာ စသဖြင့် တွေ့ရလို့ရှိရင် ဒီစာ/ကဗျာ/အရေးအသားဟာ
ပို့စ်မော်ဒန် လက်ရာ တစ်ခုပဲလို့ ထင်မှတ်ကြမှာ အသေအချာပဲ။
ဒါဖြင့် မဟုတ်လို့လား ဆိုတော့ ဟုတ်ပါတယ်၊ လုံးဝ မဟုတ်ပါဘူး။

၉ဝခုနစ်အလွန်က ကျွန်တော်တို့ဆီမှာ (စာပေလောကမှာ) လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့တဲ့
ပို့စ်မော်ဒန်ဆိုင်ရာ နည်းနာနိဿယ ဖြန့်ချီမှုတွေဟာ ဒီလို ပို့စ်မော်ဒန်အပေါ်
ထင်မြင် ယူဆချက်တွေကို စွဲမြဲ ခိုင်မာစေခဲ့တာ ဖြစ်တယ်။ ပို့စ်မော်ဒန်ဆိုတာ လူ နားမလည်တာ ရိုးရိုးမက ဆန်းဆန်း ကတာ၊ နငယ်မှာ အမြီးတပ်တာ၊ စတန့်ထွင်တာ၊ စိတ်ကူး တည့်ရာလုပ်တာ စတဲ့ နားလည်ထား ပုံမျိုးနဲ့ ကာတွန်းတွေ လူရွင်တော်တွေရဲ့ ပြက်လုံးထုတ်စရာအထိ ဖြစ်ခဲ့ပါတယ်။
၉ဝခုနစ် အလွန်တွေမှာ ကျွန်တော်တို့ အများဆုံး ဖတ်ရှုခဲ့ရတဲ့ ပို့စ်မော်ဒန်နဲ့ စပ်လျဉ်းတဲ့
စာပေတွေဆိုတာ ဒီလိုဗရမ်းဗတာနိုင်တဲ့ အနုပညာ ဖန်တီးမှုတစ်ခု မဟုတ်မှန်း
ခံစားနားလည်နိုင်ပေမယ့် တလွဲဆံပင်ကောင်း ရေးသား ပို့ချမှုတချို့ကြောင့်နဲ့
နောက်ပို့စ်မော်ဒန်ကို ဒီလိုမျိုးတွေ ထင်မှတ်အောင် တွန်းပို့ခဲ့တဲ့ ဒီ(၉ဝအလွန် ဝန်းကျင်)တုန်းက တင်သွင်းခဲ့ရေးသား ပြုလုပ်ခဲ့တဲ့ လက်ရာတွေက ပုံသဏ္ဌာန်ဆိုင်ရာ အစွန်းရောက်တီထွင်မှုကို အများဆုံး ဖေါ်ဆောင် ခဲ့ကြလို့ပဲ။
ဒါဟာ ဘယ်လိုဘာကြောင့် ဒီမှာ ဒီလိုဖြစ်ခဲ့သလဲ
မဆိုနိုင်ပေမယ့် ဒါဟာ အနောက်တိုင်းက ပို့စ်မော်ဒန် ပထမ မျိုးဆက်တွေရဲ့
စမ်းသပ် တီထွင်မှုတွေနဲ့ မလွတ်ကင်းဘူး ဆိုတာတော့ သိလာရတယ်။

ပထမ မျိုးဆက်တွေ အနေနဲ့ တည်ရှိဆဲ စာပေ လက်ရာတွေကနေ ရုန်းထွက်ဖို့ ကြိုးစား
ကြည့်တဲ့အခါ ဖြစ်နိုင်ချေ အရှိဆုံး ဖန်တီးမှုတစ်ခုက ပုံသဏ္ဌာန်ဝါဒပဲ။
ဒီပုံသဏ္ဌာန်ဝါဒကို (ပို့စ်မော်ဒန် အမှတ်နဲ့) အဲဒီတုန်းက (၁၉၇ဝ-၁၉၉ဝ ခုနှစ် ဝန်းကျင်)
အမြင့်ဆုံး ရောက်ရှိခဲ့တဲ့ လက်ရာတစ်ခုကို ထုတ်ပြရရင် သစ္စာနီရဲ့ မြင်းစိုင်းသူများပဲ။
ကဗျာသမားအများစု သိနိုင်တဲ့ သစ္စာနီရဲ့မြင်းစိုင်းသူများဟာ ခုနကပြောခဲ့တဲ့ စာသားကို
ရုပ်ပိုင်းဆိုင်ရာ ပြုပြင်ထားတာတို့ ရုပ်ပုံနဲ့ ပြထားတာတို့ စတာတွေနဲ့ ရေးစပ်ဖန်တီးထားသလို
စာဖတ်သူတို့ ကြားမှာ ပို့စ်မော်ဒန်လက်ရာအဖြစ် စာဖတ်သူတွေက ထင်မှတ် ဖတ်ရှုခဲ့ကြတာ ဖြစ်တယ်။

(ဆရာ)သစ္စာနီကိုယ်တိုင်ကလည်း မြန်မာကဗျာ ရွေ့လျားတိုးတက်လာပုံ
ဆောင်းပါးတွေရေးပြီး ပို့စ်မော်ဒန်ကဗျာ/စာပေကို မိတ်ဆက်ရင်း အနုပညာလက်ရာတစ်ခုအနေနဲ့ နမူနာပြ ရေးဖွဲ့ခဲ့တာဖြစ်တော့
ဆရာကိုယ်တိုင်က ဒီလက်ရာကို ပို့စ်မော်ဒန် ကဗျာအမျိုးစားတစ်ရပ်လို့ သတ်မှတ်ခဲ့ဟန်တူတယ်။ ဒါပေမယ့်တကယ်တမ်း ကျတော့ ဒီလိုဖန်တီးရေးဖွဲ့မှုဟာ အရှေ့မှာ ရှိနှင့်တဲ့ စာပေ/ကဗျာလက်ရာ ဆိုပါစို့ ရိုမန္တိက၊ သရုပ်မှန်၊ မော်ဒန်၊ ခေတ်ပေါ် စတာတွေကို ဆန်းသစ်မှု အမြင်စိမ်းမှု သက်သက်နဲ့ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုအရသာ ကျော်လွှားနိုင်ခဲ့တာ ဖြစ်ပြီး
(အဲဒီ ၉ဝခုနှစ် တွေတုန်းက) ရှိရင်းစွဲ အစဉ်အလာ လက်ခံထားတဲ့ စာပေ/ကဗျာ ဖြစ်မှု အပေါ်မှာပဲ အလုပ်လုပ်နေဆဲ ဖြစ်တယ်။
နားလည် လွယ်အောင်ပြောရရင် အဲဒီအချိန်တုန်းက ခေတ်ပေါ် ကဗျာတစ်ပုဒ်ကို
ရုပ်ပိုင်းဆိုင်ရာမှာ ပြန်လည် တည်းဖြတ်ထားပြီး တင်ပြထားခြင်းသာ ဖြစ်တယ်။

ဆိုလိုတာက မြင်းစိုင်းသူများဟာ ကဗျာတင်ပြပုံ တစ်မျိုးသာဖြစ်ပြီး ပို့စ်မော်ဒန်ဖြစ်ခြင်း မဖြစ်ခြင်းနဲ့ မဆိုင်သလို ပို့စ်မော်ဒန်ကို မဟာစာပေပညာရှင်ကြီးတွေမှ
ဖန်တီးနိုင်တယ်ဆိုတဲ့ သိမှတ်ခံစားမှုမျိုးရှိနေသူ အတွက်ကတော့ ဒီလိုဖန်တီးမှု
လက်ရာဟာ တန်ဖိုးလျော့ကျသွားဖွယ် ရှိပါတယ်။
မြင်းစိုင်းသူများမှာ ကဗျာရေးဖွဲ့ဖန်တီးသူရဲ့ အတ္တနဲ့ အသိပညာ ဆိုင်ရာစုစည်းမှုကို တွေ့ရတဲ့အပြင် (style) ဟန်အခြေပြု Collage ပုံစံတွေ
မျိုးပါတွေ့ရတဲ့ အတွက် ဒီစာအုပ်ဟာ မော်ဒန်ကဗျာစာအုပ်တစ်အုပ်လို့တောင်
ဆိုနိုင်တယ်။ ကျွန်တော်တို့ထင်ခဲ့သလို ပို့စ်မော်ဒန်ကဗျာစာအုပ် တစ်အုပ်လို့ မဆိုနိုင်ဘူး။
အခုဒီနေ့မှာတော့ မြင်းစိုင်းသူများရဲ့ ကဗျာဖန်တီးမှုပုံစံမျိုးနဲ့ (အပေါ်ယံ ကြည့်ရင်) ခပ်ဆင်ဆင်လို့ ထင်ရတဲ့ ငုအိမ်ထက်မြက်၊ သည်မော်နိုင်၊ ငြိဏ်းဝေ တို့ ရှိပါတယ်။
ဒါပေမယ့် သူတို့ကတော့ မြင်းစိုင်းသူများထက် အများကြီး ကျယ်ပြန့်ခဲ့ပြီလို့ ဆိုနိုင်တယ်။

သူတို့ကတော့ ဘာသာစကား/စာသားနဲ့ ရုပ်ပုံ ကစားမှုတွေ
(အစောပိုင်း ပို့စ်မော်ဒန် သမားတွေရဲ့ တော်လှန်ရေး အမြင် ပုံသဏ္ဌာန်ဝါဒနဲ့ (style)ဟန် အခြေပြု ဖန်တီးမှုမျိုး) ရှိတယ်ဆိုပေမယ့် ဒီလိုဖန်တီးမှုနဲ့အတူ
‘ပို့စ်မော်ဒန် လောကအမြင်’ပါ အသားပေး တွဲစပ်ထားတာ
တွေ့ရတာကြောင့် သူတို့လက်ရာတွေကတော့ ပို့စ်မော်ဒန် အနုပညာ
ဖန်တီးမှုထဲမှာ အကျုံးဝင်လောက်ပါတယ်။
(အကျုံးဝင် လောက်တယ်လို့ပဲ ဆိုရတာက အနုပညာလက်ရာတစ်ခုကို တံဆိပ်တစ်ခု လေဘယ်တစ်ခု တိတိကျကျ ကပ်ဖို့ဆိုရင် ဒီထက်မက ခွဲခြမ်း စိတ်ဖြာရအုံးမှာ ဖြစ်တဲ့အတွက်ပါပဲ)

ကျွန်တော်က ပို့စ်မော်ဒန်ကဗျာဆိုတဲ့ ခေါင်းစီးအောက်မှာ ပုံစံအမျိုးမျိုးနဲ့ရှိနေတဲ့
ကဗျာတွေကို ချဉ်းကပ်ပြီး ကောက်နှုတ်ပြတဲ့ ဆောင်းပါးရေးဖို့ကြံရွယ်တဲ့အခါ
လူဆန်းရဲ့ ရေးသူလူဆန်းဆိုတဲ့ ကဗျာလုံးချင်း စာအုပ်ကို ရွေးချယ်ခဲ့ပါတယ်။
ဘာဖြစ်လို့လဲ ဆိုတော့ ဒီရေးသူ-လူဆန်းစာအုပ်မှာ ကဗျာအမျိုးအစား အစုံအလင်ကို
ကဗျာရေးသူက စမ်းသပ်ရေးဖွဲ့ထားတာ တွေ့ရလို့ပါပဲ။ ခုနကပြောတဲ့ အစောပိုင်း
ပို့စ်မော်ဒန် သမားတွေရဲ့ တော်လှန်ရေးအမြင် ပုံသဏ္ဌာန်ဝါဒီနဲ့ (style)ဟန် အခြေပြု
ရေးဖွဲ့ထားတဲ့ ကဗျာလို့ထင်ရတဲ့ ကဗျာမျိုး လူဆန်းရဲ့ကဗျာစာအုပ်မှာပါရှိပါတယ်။
‘သုံးဆယ့် တစ်ကြောင်း’ ‘အွန့်၊ အဲ အသံစမ်း သပ်ချက်များ’ ‘အချစ် သေးသေးလေး’ ‘ချိန်ညှိခြင်း’ စတဲ့ ကဗျာတွေ။ အထူးသဖြင့် ‘ချိန်ညှိခြင်း’ဆိုတဲ့ ပုဒ်မှာ။

ချိန်ညှိခြင်း

ဤဝါကျသည် ကျစ်လစ် သိပ်သည်း၏ ထိုဝါကျသည် ကျစ်လစ် သိပ်သည်း၏
ဤဝါကျသည် ကျစ်လစ် သိပ်သည်း၏ ထိုဝါကျသည် ကျစ်လစ် သိပ်သည်း၏
ဤဝါကျသည် ကျစ်လစ် သိပ်သည်း၏ ထိုဝါကျသည် ကျစ်လစ် သိပ်သည်း၏
ဤဝါကျသည် ကျစ်လစ် သိပ်သည်း၏ ထိုဝါကျသည် ကျစ်လစ် သိပ်သည်း၏
ဤဝါကျသည် ကျစ်လစ် သိပ်သည်း၏ ထိုဝါကျသည် ကျစ်လစ် သိပ်သည်း၏
ဤဝါကျသည် ကျစ်လစ် သိပ်သည်း၏ ထိုဝါကျသည် ကျစ်လစ် သိပ်သည်း၏
ဤဝါကျသည် ကျစ်လစ် သိပ်သည်း၏ ထိုဝါကျသည် ကျစ်လစ် သိပ်သည်း၏
ဤဝါကျသည် ကျစ်လစ် သိပ်သည်း၏ ထိုဝါကျသည် ကျစ်လစ် သိပ်သည်း၏
ဤဝါကျသည် ကျစ်လစ် သိပ်သည်း၏ ထိုဝါကျသည် ကျစ်လစ် သိပ်သည်း၏
ဤဝါကျသည် ကျစ်လစ် သိပ်သည်း၏ ထိုဝါကျသည် ကျစ်လစ် သိပ်သည်း၏
ဤဝါကျသည် ကျစ်လစ် သိပ်သည်း၏ ထိုဝါကျသည် ကျစ်လစ် သိပ်သည်း၏
ဤဝါကျသည် ကျစ်လစ် သိပ်သည်း၏ ထိုဝါကျသည် ကျစ်လစ် သိပ်သည်း၏
အခြားသော ဝါကျသည် ပွယောင်း ခေါင်းဆံသည်။

၉ဝခုနှစ် ဝန်းကျင် ဘာသာပြန် ပို့စ်မော်ဒန် အယူသီးမှု အယ်လ်ပီနဲ့ တခြားကဗျာဗေဒများ

၂ဝဝဝခုနှစ် နှောင်းပိုင်း တွေမှာတော့ ကျွန်တော်တို့ ဆီမှာ ပို့စ်မော်ဒန်(ကဗျာ)ဟာ
တကျော့ပြန် ရောက်ရှိလာခဲ့တယ်။ အထူးသဖြင့် (ကို) ဇေယျာလင်းရဲ့ အားထုတ်မှုတွေ ဖြစ်တယ်။ ၉ဝခုနှစ် အလွန်ဝန်းကျင်က ပို့စ်မော်ဒန်သီဝရီတွေ စာပေလက်ရာတွေ ဟုန်းခနဲတစ်ချက် တောက်ခဲ့ပေမယ့်
ကြားထဲက နှစ်ကာလတွေမှာ ပို့စ်မော်ဒန် စာပေ/ပို့စ်မော်ဒန် ကဗျာရယ်လို့ ပြောပလောက်အောင် မရှိခဲ့ဘူး။

မရှိခဲ့ဘူးဆိုတာ အစကတည်းက ဈေးကွက်ကို ထည့်မစဉ်းစားဘဲ
အနုပညာဖန်တီးလေ့ရှိတဲ့ စာရေးဆရာ ကဗျာဆရာတွေ ကြားမှာတောင် မရှိခဲ့ဘူးလို့ ဆိုချင်တာပါ။ ပို့စ်မော်ဒန်လို့ ယောင်ယောင်ထင်ရတဲ့ ရေးဖွဲ့ဖန်တီးမှု အချို့ရှိပေမယ့် ခုနကပြောခဲ့သလို ပုံသဏ္ဌာန်ဆိုင်ရာ အစွန်းရောက် တီထွင်စမ်းသပ်မှု အချို့ကိုသာ အလေးပေး ရေးဖွဲ့ခဲ့ကြတာတွေ ဖြစ်တယ်။
ဒါပေမယ့် ဒီနေရာမှာလည်း အနည်းငယ်ရှုပ်ထွေးနေတာ တစ်ခုရှိတယ်။
တကယ်တော့ ပို့စ်မော်ဒန်ဟာ ကျွန်တော်တို့ ရှိမှာ မရှိခဲ့မဖြစ်ခဲ့ဘူး မဟုတ်ဘူး၊ ရှိခဲ့ ဖြစ်ခဲ့တယ်။ ပို့စ်မော်ဒန်ရဲ့သဘောတရားကလည်း ထူထောင် တံဆိပ်ကပ်ရတာမျိုး မဟုတ်ဘဲ ကာလတစ်ခုမှာ ဖြစ်-ရှိ နေတဲ့ အခြေအနေ တစ်ခုလို့သာ
ကျွန်တော် နားလည်ထားတယ်။ ဒီလို ကျွန်တော်တို့ အနီးအနားမှာ ဖြစ်-ရှိ နေတဲ့
ပို့စ်မော်ဒန် အခြေအနေ ပို့စ်မော်ဒန် အငွေ့အသက် ပို့စ်မော်ဒန်ဖြစ်မှု တွေကိုတော့ ကျွန်တော်တို့ မမြင်နိုင်ခဲ့ဘဲ နိုင်ငံရပ်ခြား စာအုပ်ကြီးတွေကတဆင့် ကြီးကြီးကျယ်ကျယ်နဲ့ မိတ်ဆက် နားလည်ခဲ့တဲ့ ‘ပို့စ်မော်ဒန်'(ဒဏ္ဍာရီထဲက ပို့စ်မော်ဒန်)
နောက်ကိုသာ ကျွန်တော်တို့ အမှီလိုက်ဖို့ ကြိုးစားခဲ့ခြင်း ဖြစ်တယ်။
အခုဒီနေ့မှာ ပေါ်ပေါက်လာတဲ့ ပို့စ်မော်ဒန် အယူအဆ အပါအဝင် စာပေ/ကဗျာ အယူအဆတွေကိုလည်း ဒီလိုလွဲမှား နားလည်မှုမျိုး ထပ်ဖြစ်မှာ စိုးရိမ်စရာပါပဲ။

ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့အသစ် ပြန်လည် ပေါ်ပေါက်လာတဲ့ ပို့စ်မော်ဒန်နဲ့ စပ်လျဉ်းတဲ့ အရေးအသားတွေ ဆိုပါစို့ အယ်လ်ပီလို ကဗျာပုံစံမျိုးကို မိတ် ဆက်၊ ရေးသား၊ ဖန်တီး လာသူတွေမှာ သူတို့ရဲ့နောက်ခံ ကဗျာဗေဒ စနစ်တကျ ရှိခဲ့သည့်တိုင် အစောပိုင်း
ပို့စ်မော်ဒန် ဆိုတာရဲ့ အားနည်း ချက်တွေအပေါ် သိရှိ ခံစားထားတဲ့ မျိုးဆက်က အခုတစ်ကြိမ် ထပ်မံ ပေါ်ပေါက်လာတဲ့ ပို့စ်မော်ဒန်နဲ့ ပို့စ်မော်ဒန် အနွယ်ဖွား
စာပေလက်ရာ ဖန်တီးမှုတွေကို ထပ်မံစောင့်ကြည့်ဖို့ လက်မခံတော့ဘဲ ကြောက်လှန့် သံသယစိတ် လွန်ကဲမှုနဲ့ ခါးခါးသီးသီး ဝေဖန်တိုက်ခိုက်လာကြတာ တွေ့ရလို့ပါပဲ။ (ကဗျာ)အသစ် ပြုလုပ်သူတွေဟာ အစပိုင်းမှာ ဥပက္ခာပြုထားပုံရပေမယ့် နောက်ပိုင်းမှာ မပြောမပြီး မတီးမမြည် ဖြစ်လောက်အောင် ကြုံလာရပြီး ဖြေရှင်းမှုတွေ ပြုလုပ်လာတာ တွေ့ရတယ်။ နောက်ဖြေရှင်းရာကနေကာကွယ်၊
ကာကွယ်ရာ ကနေပြန်လည် တိုက်စစ်ဆင်တဲ့ အဆင့်ထိ ရောက်ရှိလာတာ တွေ့ရတယ်။
အဲဒီအခါမှာ အသစ် ပြုလုပ်သူတွေဟာ မိမိအယူအဆကို အခိုင်အမာ ထူထောင်ပြဖို့
အသွင် ဆာင်လာတယ်ဆိုပေမယ့် ထူထောင်ပြမယ့် နည်းလမ်းဟာ သူတို့ဆီက
ပထမမျိုးဆက် ပို့စ်မော်ဒန်အယူအဆကို ပြန်လည်အသက်မသွင်းမိဖို့တော့ သတိပြုရလိမ့်မယ်။

ဒီနေ့ ပို့စ်မော်ဒန် ဟာလည်း ၉ဝခုနစ် ပို့စ်မော်ဒန်လိုပဲ အစွန်းရောက် ပုံသဏ္ဌာန် ဆိုင်ရာ
စမ်းသပ် တီထွင်မှုကို အခြေခံပြီး အနောက်လူ့အဖွဲ့အစည်း အတွင်းမှာသာ အခြေတည်
ပေါ်ပေါက်ခဲ့တဲ့ ဗဟိုချက်မဲ့ခြင်းတို့၊ ဖျင်/နွှာ/ခွာခြင်းတို့၊ ပိုင်းစ စိတ်မြွာခြင်းတို့၊
အဆက်အစပ် မဲ့ခြင်းတို့၊ ယောက်ယက်ခပ် ခုန်ကျော်ခြင်းတို့၊ စိတ်အလျဉ် စီးကြောင်း အတိုင်း ရေးခြင်းတို့၊ ရေးဖွဲ့သူကလွဲရင် ဖတ်သူအားလုံး နဖူးချွေးပြန် နားလည်ရ ခက်ခြင်းတို့ အပေါ်မှာပဲ တည်မှီ နေအုံးမယ် ဆိုရင်တော့
အစကတည်းက ပို့စ်မော်ဒန်အပေါ် မျက်မုန်းကျိုးနေသူတွေအတွက် ဝေဖန်တိုက်ခိုက်ဖို့ အခွင့်အရေးပေးသလို ဖြစ်ရုံကလွဲပြီး စာပေ/ကဗျာလောက အတွက်
ဘာမှအကျိုးထူးလာမှာ မဟုတ်ဘူးလို့ ထင်တယ်။

နားမလည်နိုင်တဲ့ နားလည်ရခက်မှု

နားလည်ရ ခက်ခြင်းဆိုတဲ့ နေရာမှာ မော်ဒန်/ပို့စ်မော်ဒန် ကဗျာဖတ်သက်တမ်း ရင့်သူတွေတောင်မှ နားလည်ရ ခက်တာမျိုးကို ဆိုလိုတာပါ။
(နားမလည်ရင်မဖတ်နဲ့ဆိုတဲ့ ဆရာဇော်ဇော်အောင် စကားကို
ကျွန်တော် နားလည်ပါတယ်၊ သူ့စာတွေ (ဆောင်းပါး မဟုတ်) အားလုံးလည်း နားလည်ခံစားလို့ ရပါတယ်) အရင်က မော်ဒန်စာပေ အဖြစ် နားလည် ဖတ်ရှုခဲ့ပေမယ့် ယနေ့မှာ ပို့စ်မော်ဒန် လက်ရာ အတွင်းမှာပါ အကျုံးဝင်လာတဲ့ ဂျိမ်းဂျွိုက်စ်တို့
ကာဖကာတို့ ဂါဇီယာ မားကွစ်စ်တို့ရဲ့ စာပေ လက်ရာတွေ၊ နောက် ဖရန့်ခ်အိုဟားရားတို့ အက်ရှ် ဘရီတို့ ဘန်းစတိုင်း တို့ရဲ့ ကဗျာ လက်ရာတွေ အထိ ကျွန်တော်
ဖတ်ရှုရသလောက် ဘယ်လိုနားလည် ခံစားရမှန်း မသိအောင် ဖြစ်တာမျိုးမရှိပါဘူး။
မျဉ်းဖြောင့်အတိုင်း မရေးဖွဲ့ခြင်း၊ စလယ်ဆုံး မဲ့ခြင်း၊ လိုင်းရစ်ဆန်မှုကို ငြင်းပယ်ခြင်း၊
တစ်နည်း ပြောရရင် အလွယ် နားလည်နိုင်တဲ့ စကားပြေ/ဝတ္တု အသွားပုံမျိုး မပေါက်အောင်
ကဗျာအဖြစ် ပြောင်းလဲတယ် ကဗျာဓါတ် စီးဝင်လာအောင် ပြုလုပ်ကြတယ်။

ပို့စ်မော်ဒန်ကဗျာ ဖြစ်အောင် ပြုလုပ်ကြတယ်ဆိုတာ နားလည်ရခက်သွားအောင် ပြုလုပ်ခြင်းနဲ့ မဆိုင်ပါဘူး။
ကဗျာဓါတ် ကဗျာအရသာဟာ နည်းအမျိုးမျိုးနဲ့ နားမလည်အောင်ရေးဖွဲ့ခြင်း
သက်သက်ထဲမှာ တည်မှီနေတာ မဟုတ်ဘူးလို့ ယူဆပါတယ်။ နားလည်ရ ခက်ရုံနဲ့ ကဗျာဓါတ်ပေါက်မယ်၊ ပို့စ်မော်ဒန် ဖြစ်မယ် ဆိုရင်တော့
ကျွန်တော်တို့ ကဗျာဖတ်မယ့် အစား သင်္ချာ ပုစ္ဆာတွေ ထိုင်တွက်၊ သိပ္ပံ ဘာသာရပ် ဖေါ်မြူလာတွေ ထိုင်တွေး၊ ဥာဏ်စမ်း ကစားနည်းတွေ ဘာသာစကားဆက်စပ်ကစားရတဲ့ ဆူဒိုခုကစားနည်းတွေ ထိုင်ကစားနေရုံပါပဲ။

(အလွန် လှပတဲ့ သင်္ချာတစ်ပုဒ်ဟာ ကဗျာဖြစ်တယ် ဆိုတဲ့ စကား ရှိပါတယ်) ဥပမာ ဂျွန်အက်ရှ်ဘရီရဲ့ ကဗျာတွေမှာ အဆက်အစပ် ပြတ်တောက်မှုတွေ ကြုံရာကျပန်းဆန်မှုတွေအများအပြားသုံးစွဲထားတာ တွေ့ရပေမယ့်
ဘာမှန်းမသိလောက်အောင် ဖြစ်သွားတာမျိုး မရှိပါဘူး။ သူ့ရဲ့ အဆက်အစပ်မဲ့တဲ့ ကဗျာ(အင်္ဂလိပ်လို) စာသားတွေကိုက သူတို့ လူ့ အဖွဲ့အစည်းထဲက ဖြစ်ရှိမှုကို ထင်ဟပ်နိုင်တဲ့ (သူတို့ လူ့အဖွဲ့အစည်းလို့ ခွဲခြား ပြောရတာက ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွင်းက သိမှတ်နားလည်မှုနဲ့
လုံးဝဆက်စပ် နားလည် ခံစားကြည့်ဖို့ မဖြစ်နိုင်တဲ့ ကဗျာ အလုပ်လုပ်ပုံတွေ တွေ့ရလို့ပဲ)
ကဗျာဖြစ်မြောက်မှု ကဗျာဓါတ် တစ်ခုခုကို ထုတ်လုပ် နေသလို စရေးဖွဲ့ကတည်းက ကဗျာတစ်ပုဒ်ချင်းအလိုက် စေ့စေပ်သေချာစွာ ဆင်ခြင်တုံတရားရှိစွာ စီရင်ထားတဲ့ တက္ကနိပိုင်းကိုပါ သတိပြုခံစားမိနိုင်ပါတယ်။

ထို့အတူ (မော်ဒန်ရော ပို့စ်မော်ဒန်စာပေမှာပါ အကျုံးဝင်တဲ့) ကာဖကာရဲ့ အရေးအသား တချို့ဟာလည်း ဒီအတိုင်းပါပဲ။
တခြား စကားပြေတွေလို တစ်ပေါင်းတစ်စည်းတည်း ဘာကိုပြောချင်သလဲ ရှင်းလင်း ချောမွေ့စွာ နားမလည်နိုင်ဘူး
ဆိုပေမယ့် လက်ခံနားလည်နိုင်တဲ့ ရသခံစားမှု တစ်စုံတစ်ရာ ပေးစွမ်းနိုင်တဲ့ နားမလည်မှုမျိုးပါပဲ။

(တစ်နည်းအားဖြင့် ကဗျာဆန်တဲ့ အရသာမျိုး၊ ကာဖကာ လက်ရာတွေ ကို ပညာရှင်တချို့က
ကဗျာဆန်တယ်လို့ ပြောကြတာ ရှိပါတယ်) အထူးသဖြင့် ပို့စ်မော်ဒန်ရဲ့ အရေးကြီးတဲ့ အချက်တွေ ဖြစ်တဲ့ (ရသဆိုင်ရာ၊ ခေတ်စနစ်၊ ယဉ်ကျေးမှု၊ သိမှု၊ ဘာသာစကား၊ ဘယ်အရာကို ဖြစ်စေ) မေးခွန်း ထုတ်ခြင်း၊ သရော်ခြင်း၊ နောက်ဆုံးစုစည်း ညီညွတ်တဲ့ ကိုယ်စားပြုမှုရလဒ်ကို ငြင်းပယ်စိန်ခေါ်ခြင်း ပြုလုပ်ရာမှာတောင်
ကာဖကာကအစ ဂျွန် အက်ရှ်ဘရီတို့ အဆုံးဟာ အစွန်းရောက်
ပုံသဏ္ဌာန်ဆိုင်ရာ ရေးဖွဲ့မှု မျိုးထက်လိုအပ်တဲ့
တက္ကနိ/အိုင်ဒီယာကို စနစ်တကျ ရွေးချယ်သုံးစွဲပြီး အရိုးရှင်း အကျစ်လျစ်ဆုံး အရေးအသား ဖြစ်အောင် ဂရုတစိုက် ဖန်တီးခဲ့တာ တွေ့ရနိုင်တာပဲ။
ဒီလိုဆိုတိုင်းလည်း ဆန့်ကျင်ဘက် နှစ်ခုတွဲ အစွန်းရဲ့ နောက် အစွန်းတစ်ဖက် ဖြစ်တဲ့ သရုပ်မှန်နဲ့ မော်ဒန်ဝါဒီတွေ လုပ်လေ့ ရှိသလို ခံစားမှု၊ အယူအဆ တစ်ခုခုကို
ကိုယ်စားပြုဖေါ်ပြဖို့ ရည်ရွယ်ချက်နဲ့ တည်ဆောက်ထားတဲ့ အပြီးသပ် လက်ရာမျိုးထံ ပြန်လှည့်ဖို့ မဆိုလို ပါဘူး။

ဒီနေ့ မြန်မာ ကဗျာလောက အနေအထားမှာ (မီဒီယာ အမျိုးမျိုးက) ကဗျာတွေကလည်း အပြိုင်းအရိုင်း၊ ကဗျာအမျိုးအစားတွေကလည်း အစုံအလင်နဲ့ ပေါ်ပေါက်နေတယ် ဆိုပေမယ့် ယေဘုယျအားဖြင့်တော့ ခေတ်ပေါ်ကဗျာ(ပင်မ ရေစီးကဗျာ)နဲ့
နှောင်း ခေတ်ပေါ်ကဗျာ (ခေတ်ပြိုင် ကဗျာ)
(ပင်မရေစီး ကဗျာများနဲ့မတူ alternative ဖြစ်တဲ့ ကဗျာ) နှစ်မျိုးတည်းပဲလို့ ဆိုနိုင် ပါတယ်။
(‘ခေတ်ပြိုင်ကဗျာ’ဆိုတဲ့ အသုံးအနှုန်းက မကျေလည်မှုအနည်း အကျဉ်းရှိသေးသမို့ ခေတ်ပြိုင်အစား ‘နှောင်းခေတ်ပေါ်ကဗျာ’လို့ပဲ သုံးသွားပါမယ်)
ဒီနေ့ ကဗျာရေးဖွဲ့ နေသူတွေရဲ့ ၇ဝရာခိုင်နှုန်း လောက်ကလည်း
ဒီပင်မရေစီးကဗျာပုံစံပေါ်မှာ ရေးဖွဲ့နေကြတာပဲလို့ ဆိုနိုင်တယ်။

နှောင်းခေတ်ပေါ်ကဗျာ ဆိုတာကတော့
ပင်မရေစီးကဗျာတွေရဲ့ ဟန်ကနေနည်းအမျိုးမျိုးနဲ့ ခွဲထွက်ဖို့ ကြိုးစားနေတဲ့
ကဗျာတွေလို့ပဲ ဆိုပါစို့။ အယ်လ်ပီကဗျာ၊ ပါဖောမင်းကဗျာ၊ စကားပြေကဗျာ၊ အင်စတော်လေးရှင်းကဗျာ၊ ကွန်ဆက်ကျူရယ်ကဗျာ စသဖြင့်ပေါ့လေ
ကျွန်တော့်သဘောအရတော့ ကဗျာတွေအပေါ်တံဆိပ်လိုက်တတ်ရတာ သိပ်သဘောမတွေ့လှပေမယ့် ဒါကအနီးစပ်ဆုံး ပညတ်ရတဲ့ သဘောလို့ပဲ မှတ်ယူစေချင်ပါတယ်။ ထို့အတူဒီကဗျာ အမျိုးအစားတွေကိုလည်း
အများကလက်ခံ နားလည်ထားသလို ‘ပို့စ်မော် ဒန်ကဗျာ’လို့ပဲ ယာယီ ခေါ်ဆိုပါမယ်။
ဒီနေရာမှာ ကျွန်တော်ဆိုလိုတဲ့ ‘ပို့စ်မော် ဒန် ကဗျာ’ ဆိုတာ ကမ္ဘာမှာပေါ်ပေါက်နေတဲ့ ပို့စ်မော်ဒန်နဲ့ တစ်သဘောတည်းထားဖို့ မရည်ရွယ်သေးပါဘူး။
ကျွန်တော်တို့ မြန်မာစာပေ/ ကဗျာလောကအတွင်းမှာ
သိမှတ် နားလည်နေကြတဲ့ ‘ပို့စ်မော်ဒန်(ကဗျာ)’အနေနဲ့ပဲ သုံးစွဲ ပြောဆိုချင်တာပါ။

ဒီနေ့မှာကိုယ်ယုံကြည်ရာ ကဗျာဗေဒတွေနဲ့ ရေးဖွဲ့နေတဲ့ ကဗျာတွေကို ပရင့်မီဒီယာ စာမျက်နှာတွေပေါ်မှာရော အွန်လိုင်းစာမျက်နှာတွေပေါ်မှာပါ ကျွန်တော်တို့တွေ့မြင်နိုင်တယ်။ အမျိုးသားရနံ့ကဲတဲ့ကဗျာ၊ ပုဂ္ဂလအတ္တနဲ့ အာရုံခံစားမှုကို ရှေ့ရှုတဲ့ကဗျာ၊
နိမိတ်ပုံနဲ့ အလင်္ကာ အဖွဲ့အနွဲ့ဟန်ကို အလေးထား ရေးဖွဲ့တဲ့ကဗျာ၊
ပြည်သူလူထုနဲ့ နိုင်ငံရေး ဆန်မှုကို ကိုယ်စားပြုတဲ့ ကဗျာ၊
အတွေးအခေါ်ဒဿန (ဝစနာ လင်္ကာရ) ကို ဦးစားပေးရေးဖွဲ့တဲ့ ကဗျာ၊
ဘာသာစကား အခြေပြု အယူအဆနဲ့ ရေးဖွဲ့တဲ့ ကဗျာ၊ စာသားနဲ့ရုပ်ပုံသင်္ကေတတွေ
ရုပ်ကြမ်းဆန်ဆန် ဖေါ်ပြဖို့ ကြိုးစားတဲ့ ကဗျာ စသဖြင့်ပေါ့လေ။
ဒါပေမယ့် ယေဘုယျ အားဖြင့် ခေတ်ပေါ်နဲ့ ခေတ်ပေါ်နှောင်းပိုင်း ကဗျာရယ်လို့ နှစ်မျိုး နှစ်စားတည်း ခွဲခြားရုံပါပဲ။

ဘာသာစကားအခြေပြု အယူအဆနဲ့ ရေးဖွဲ့တဲ့ကဗျာ၊ စာသားနဲ့ ရုပ်ပုံ သင်္ကေတတွေ
ရုပ်ကြမ်းဆန်ဆန် ဖေါ်ပြဖို့ ကြိုးစားတဲ့ ကဗျာကလွဲရင် ကျန်ကဗျာရေးဖွဲ့ပုံ အားလုံးကို
ခေတ်ပေါ်ထဲ ထည့်နိုင်ပြီး ဒီကဗျာရေးဖွဲ့ပုံနှစ်ခုကိုတော့ ခေတ်ပေါ်နှောင်းပိုင်း ကဗျာပုံစံများအဖြစ် ယာယီခေါ်ဆိုချင်ပါတယ်။ ဒီခေတ်ပေါ်နှောင်းပိုင်း
ကဗျာပုံစံတွေထဲမှာ အယ်လ်ပီ ကဗျာ၊ ပီ-အယ်လ်ပီ ကဗျာ၊ ကော်လေ့ခ်ျ ကဗျာ၊
စကားပြေ ကဗျာ (ခေတ်ပေါ် စကားပြေ ကဗျာဗေဒနဲ့ မတူ)၊ ပါဖောမင်းကဗျာ၊
ဆိုလိုကဗျာ၊ အင်စတော်လေးရှင်းကဗျာ အမျိုးအစားတွေ ပါပါတယ်။
ဒီလိုထပ်မံ ခွဲခြားပြတာတောင် ကျွန်တော်တို့ ဆီက ကဗျာစာပေ ရပ်ဝန်းမှာ
ဖြစ်ရှိနေတဲ့ အခြေအနေ/အရှိတရားနဲ့ ကင်းလွတ် နေနိုင်သေးတယ်။

ဥပမာ ဇေယျာလင်းတစ်ယောက်ထဲတောင်မှ အယ်လ်ပီကဗျာ ရေးဖွဲ့နေတာ
တွေ့နိုင်သလို ကျန်ကဗျာ အမျိုးအစား ပုံစံမျိုးစုံကိုပါ စမ်းသပ်ရေးဖွဲ့နေတာ
တွေ့ရနိုင်တယ်။ မောင်ပြည့်မင်းရဲ့ ကဗျာတချို့ဟာ ဘာသာစကားအခြေပြု အယူအဆတချို့နဲ့ ရေးဖွဲ့ထားတယ်လို့ ဆိုနိုင်ပေမယ့် အယ်လ်ပီရယ်လို့ မဆိုနိုင်ပြန်ဘူး။ ထို့အတူ အယ်လ်ပီကဗျာရေးဖွဲ့ပုံလို့ မှတ်ထင်နိုင်တဲ့ ဝင်းမြင့်ရဲ့ကဗျာတချို့မှာလည်း တခြားကဗျာဗေဒတွေ ပေါင်းစပ်ထားတာ တွေ့မြင်နိုင်သေးတယ်။

နှောင်းခေတ်ပေါ်ကဗျာထဲမှာ အကျုံးဝင်တဲ့ ကဗျာဆရာတွေအဖြစ် ဒီလို
အယ်လ်ပီကဗျာဆရာ ဘာ ကဗျာဆရာရယ်လို့ တိတိကျကျ ခွဲပြနေတာထက် ဘယ်သူတွေက နှောင်းခေတ်ပေါ်ကဗျာတွေ ရေးဖွဲ့သူတွေဆိုတာ
ကျွန်တော်တို့ ပိုမြင်သာ ထင်သာရှိအောင် ကဗျာရေးသူတွေရဲ့ နာမည်ကို ဖေါ်ပြချင်ပါတယ်။
ဆိုပါစို့ နှောင်းခေတ်ပေါ် ကဗျာရေးဖွဲ့သူတွေအဖြစ် မောင်ပြည့်မင်း၊ ဇေယျာလင်း၊ ခင်အောင်အေး၊ မိုးဝေး၊ ဝင်းမြင့်၊ စိုင်းဝင်းမြင့်၊ လူဆန်း၊ ပါပ၊ အောင်ပြည့်စုံ၊ မောင်ဒေး၊ ငုအိမ် ထက်မြက်၊ ငြိဏ်းဝေ၊ သည်မော်နိုင် စသူတို့ကို ဖေါ်ပြချင်ပါတယ်။ ဒီကဗျာရေးသူတွေရဲ့ကဗျာရေးဖွဲ့ဖန်တီးမှု နောက်ကွယ်မှာလည်း
ကမ္ဘာ့ပို့စ်မော်ဒန် အယူအဆတွေ အခိုင်အမာ နေရာချထားသလို
နိုင်ငံတကာ ပို့စ်မော်ဒန် ကဗျာဆရာတွေရဲ့ကဗျာအယူအဆ/ ကဗျာရေးဖွဲ့ဟန်တွေနဲ့ ရည်ရည်ရွယ်ရွယ် ပတ်သက်နေတဲ့အထိ တွေ့ရတော့
ဒီဆရာတွေရဲ့ (နှောင်းခေတ်ပေါ်ကဗျာတွေရဲ့) ရေးဖွဲ့ပုံကို
ကျွန်တော်တို့ မြန်မာကဗျာ အဖွဲ့အစည်းမှာ ရေးသူရော ဖတ်သူပါ
‘ပို့စ်မော်ဒန် ကဗျာတွေ’လို့ နားလည် သတ်မှတ်ထားကြပုံပါပဲ။

ဒီ ‘ပို့စ်မော်ဒန် ကဗျာ’ဆိုတဲ့ အပေါ် ကျွန်တော်တို့ လက်ခံနားလည်မှုနဲ့ ရေးဖွဲ့ ဖန်တီးမှု အားလုံးက အနောက်တိုင်း ပထမမျိုးဆက် ပို့စ်မော်ဒန် အယူအဆ/ ကျွန်တော်တို့ဆီက ၉ဝခုနှစ် အလွန် ပို့စ်မော်ဒန် လားရာဖြစ်တဲ့ ပုံသဏ္ဌာန်ဆိုင်ရာ အစွန်းရောက်တီထွင်မှု လမ်းကြောင်းပေါ်မှာသာ အများဆုံးတည်မှီနေတယ်လို့ ဆိုရမှာပဲ။
အများဆုံးလို့ ဆိုရတာက ကဗျာရေးသူ အားလုံးရဲ့ ကဗျာအားလုံး ဒီလမ်းကြောင်းပေါ် လျှောက်နေတယ်လို့ ယတိပြတ်မပြောနိုင်လို့ပဲ။ ပုံသဏ္ဌာန်ဆိုင်ရာ အစွန်းရောက် တီထွင်မှုဆိုတဲ့ တစ်ခုတည်းအပေါ်မှာပဲ ကွဲပြားနေတဲ့
လက်ရာတွေ တွေ့နိုင်သေးတယ်။ ဇေယျာလင်း၊မိုးဝေး၊ဝင်းမြင့်၊ အောင်ပြည့်စုံ၊
မောင်ဒေးတို့ရဲ့ ကဗျာအများစုက အရင်ခေတ်ပေါ်သမားတွေလို
ဘာသာ စကားကိုကြားခံ မီဒီယာတစ်ခု အနေနဲ့ မယူတော့ဘဲ ဘာသာစကားက
လူရဲ့သိမှုကို တည်ဆောက်ထားတာ ရှိမှု ဆိုတာလည်း ဒီသိသမျှ ဘာသာစကားအရ ရှိလာတာ ဆိုတဲ့ အယူအဆနဲ့ ဘာသာ စကားကို ကစားခြင်း၊ ဘာသာစကား/ သိမှု/အရှိတရားဆိုတဲ့ ဆက်နွယ်မှုနဲ့ အလုပ်လုပ်ပုံကို ကိုင်တွယ်ခြင်း စတဲ့ရည်ရွယ်ချက်နဲ့ လိုင်း/ဝါကျ/ပါဒတွေကို အဆက်အစပ်မဲ့အောင်လုပ်တာ ဆိုပေမယ့်
ခုနက လူဆန်းရဲ့ ချိန်ညှိခြင်းကဗျာလို ဘာသာ စကားရဲ့ရုပ်ပိုင်းဆိုင်ရာ တည်ရှိမှုအထိ ကိုင်တွယ်စမ်းသပ် ထားတာမျိုးတော့ အနည်းအကျဉ်းသာ တွေ့ရတယ်။
ရုပ်ပိုင်းဆိုင်ရာ စီရင်စမ်းသပ်မှု အထိ အများဆုံး တွေ့ရနိုင်တာက
ယေဘုယျအားဖြင့် ငုအိမ်ထက်မြက်၊ သည်မော်နိုင်နဲ့ ငြိဏ်းဝေတို့ရဲ့ လက်ရာ တွေမှာ။
ဒါပေမယ့်အရှေ့မှာ ပြောခဲ့သလိုပဲ သူတို့ရဲ့တီထွင် စမ်းသပ်မှုကတော့ သစ္စာနီရဲ့ မြင်းစိုင်းသူများ (၇ဝ-၉ဝ)နဲ့ အများကြီးကွာခြား ခဲ့ပါပြီ။ သူတို့လက်ရာတွေရဲ့ နောက်ကွယ်မှာ ပို့စ်မော်ဒန် လောကအမြင် ရှိတယ်လို့
တပ်အပ်မဆိုနိုင်ပေမယ့် အစဉ်အလာ လက်ခံထားတဲ့ စာပေဖြစ်မှု ပင်မ ရေစီးစာပေ/
ကဗျာရဲ့ အထက်စီး ပါဝါ သက်ရောက်မှုကနေ လွတ်ကင်းအောင် ရုန်းထွက် နေတာတော့ တွေ့နိုင်တယ်။ ဒါတောင်မှ ငုအိမ် ထက်မြက်နဲ့ ငြိဏ်းဝေတို့ရဲ့
လက်ရာမှာ ပင်မရေစီးကဗျာတွေရဲ့ အငွေ့အသက်တချို့ ကြိုကြားတွေ့နိုင်သေးတယ်။

ကဗျာကိုအသစ်တီထွင်တဲ့ အနေနဲ့ စမ်းသပ်ရေးဖွဲ့ကြပေမယ့် အစဉ်အလာ လက်ခံထားတဲ့
စာပေရေစီး ရသတန်ဖိုးတွေက မလွန်ဆန်နိုင်တဲ့ လက်ရာတွေမျိုးလည်း တွေ့ရတယ်။
အယ်လ်ပီဆိုပြီး ဘာသာစကားတွေ လျှောက်ရွေ့ပြောင်းကစား၊ စကားလိမ်တွေ စကားထာတွေအသုံးပြုပြီး လွဲနေသူတွေလည်း ရှိပါတယ်။
ဂျာနယ်တွေ အွန်လိုင်းမီဒီယာတွေထဲက စာသားတွေ ဖြတ်ထည့်ရုံနဲ့
ကော်လေ့ခ်ျ ကဗျာ/ အယ်လ်ပီ ကဗျာဖြစ်တယ်လို့ ထင်နေသူတွေလည်းရှိပါတယ်။
တစ်မျက်နှာ ဝတ္တုတိုနဲ့ စကားပြေကဗျာ မကွဲပြားဘဲ ဖြစ်နေသူတွေလည်း ရှိပါတယ်။
စိတ်ထဲတွေ့ကရာတွေ (စာမျက်နှာ ပေါ်အလျားလိုက်) လွှတ်ရေးပြီး နောက်ဆုံးပေါ်
နီယိုမော်ဒန်ကဗျာ/ခေတ်ပြိုင်ကဗျာလို့ ထင်နေသူတွေလည်း ရှိပါတယ်။
(စိတ်ထဲရှိရာ တွေ တိုက်ရိုက်ပြောတယ်၊ ဗန်းစကားတွေသုံးတယ်၊ အာရုံခံစားမှုတွေ ဆက်စပ်ရောနှောပြတယ် ဆိုတိုင်း နီယိုမော်ဒန်လို့ ဆိုရရင် ယနေ့ခေတ် ဟစ်ဟော့ပ်သမားတွေရဲ့ စာသားတွေအားလုံး နီယိုမော်ဒန်ကဗျာတွေ ဖြစ်သွားဖို့ပဲ ရှိပါတယ်) တိုစိတိုနံ့ပါဒ ပြတ်တွေနဲ့ မီနီမယ်လစ်ဇင် ထင်နေသူတွေ၊ လိုင်းတိုလေး ဖြစ်အောင်စီရုံနဲ့ ဟိုက္ကူဖြစ်ပြီ ထင်နေသူတွေလည်း ရှိပါတယ်။
နောက်မိမိအတွေး စိတ်ကူးတွေကို ကာရန်မဲ့ရုံ လွတ်လပ်ကာရန်သုံးရုံ ရိုးရိုးကြီး ရေးဖွဲ့ပြီး
(အကြည်ဓါတ် ယောင်ယောင်၊ ရိုးဂုဏ် ယောင်ယောင်) ခေတ်ပေါ်/မော်ဒန်ကဗျာဖြစ်ပြီလို့ ထင်နေသူတွေအထိ ရှိနေသေးတယ်ဆိုတော့ ယနေ့ကဗျာအကြောင်းပြောရတာ ထင်သလောက် ခရီးရောက်ပါ့မလားမသိဘူး။

ကမ္ဘာမှာ ‘မော်ဒန်’ အနုပညာ ပေါ်လာတုန်းက သရုပ်မှန်နဲ့ ရိုမန့်တစ်တွေရဲ့ ဟာကွက်တွေကို ထောက်ပြပြီး ပိုမိုစစ်မှန် သင့်လျော်တဲ့ အနုပညာတစ်ခုကို ပြုလုပ်ဖို့ပါပဲ။ နောက်မော်ဒန်ရဲ့ အားနည်းချက်တွေ ဟာကွက်တွေ
(ဥပမာတသီးပုဂ္ဂလသဘော ဖြစ်တဲ့အတ္တပိုင်းဆိုင်ရာမပြေလည်မှုကိုပြောပြီး
နောက်တော့လည်း တသီးပုဂ္ဂလသဘောကို ပြန်အဓိပ္ပါယ်ဖွင့် ထူထောင်လာတာ)ကို
ဖြည့်စွက်ပြင်ဆင်ဖို့ ‘ပို့စ်မော်ဒန်’ ဆိုတာ ပေါ်ပေါက်လာရတာ မဟုတ်လား။
ပို့စ်မော်ဒန်ဆိုတာ ယနေ့ကမ္ဘာကြီးက မွေးထုတ်ပေးလိုက်သလို ပို့စ်မော်ဒန် အယူအဆ
ပို့စ်မော်ဒန်အနုပညာ လက်ရာတွေဟာ ယနေ့ကမ္ဘာကြီးရဲ့ အခြေအနေကို ထင်ဟပ် တုံ့ပြန်နိုင်ဖို့ အတွက် အသင့်လျော်ဆုံး အယူအဆ တစ်ခုအနေနဲ့ပဲ ဖြစ်သင့်ပါတယ်။
မော်ဒန်ဝါဒရဲ့ပုံသဏ္ဌာန်နဲ့ အစဉ်အလာ လုပ်ထုံးတွေ ထဲကနေ
ခွဲထွက်ဖို့ ကြိုးစားရင်း နောက်ထပ်ပုံသဏ္ဌာန် တစ်ခုဖြစ်လာမယ်ဆိုရင် မော်ဒန်ဝါဒရဲ့ ပုံသဏ္ဌာန် ပြန်အခြေတည်ပြီး အလုပ်လုပ်နေမှသာဖြစ်တယ်။

ဥပမာ- ပို့စ်မော်ဒန်/အယ်လ်ပီ ကဗျာတွေဟာ အပေါ်ယံကြည့်ရင် ဘာသာစကား
ရှုပ်ရှုပ်ထွေးထွေးတွေ ပါဒလက်တံ ရှည်ရှည်တွေနဲ့ ရေးဖွဲ့ဖန်တီးထားတယ်လို့ အမှတ်မှားစရာပဲ။ အဲဒီရေးဖွဲ့ဟန် အခွံသက်သက်တွေကို ယူသုံးပြီး ရေးဖွဲ့ထားပေမယ့် မိမိကဗျာထဲမှာ အမှန်တကယ် ကိန်းအောင်းနေတာက မော်ဒန်ဝိဥာဉ် ၊ ရိုမန်တစ်ဝိဥာဉ်၊ တချို့ဆိုရင် ဆိုရှယ်လစ်ဝိဥာဉ်အထိ ကိန်းအောင်း ပါဝင်ပြီး အလုပ်လုပ်နေတဲ့ ကဗျာတွေကို တွေ့ရတာပဲ။ (ကို)မိုးဝေးစကားနဲ့ ပြောရရင် ပုံစံအသစ်တော့ အသစ်ပဲ
ဒါပေမယ့် စက်မှုဇုံကထုတ်တဲ့ ကားကြီးတွေလို ဖြစ်နေတယ် ဆိုတာမျိုးပဲ။ ဒီနေရာမှာ ကဗျာရေးသူရဲ့ သိမှု/လောကအမြင်/ ဗဟုသုတ တွေကလည်း အရေးကြီးလာပြီ။ ဆိုရှယ်လစ်လောကအမြင်(သို့) မော်ဒန်ဝါဒမစင်သေးတဲ့ ကဗျာရေးသူ
တစ်ယောက်ထံက (သီအိုရီတွေ ဆရာ့ ဆရာကြီးတွေရဲ့ရေးနည်းတွေ by heart ကျက်ရုံနဲ့) ပို့စ်မော်ဒန်ကဗျာကို မျှော်လင့်လို့ ရနိုင်မလား။

တကယ်လို့ ၂ဝဝဝနှောင်းပိုင်း ကျွန်တော်တို့ဆီမှာကဗျာသစ်တစ်ရပ်အနေနဲ့
ပေါ်ပေါက်လာတဲ့ အယ်လ်ပီဟာ (နိုင်ငံတကာစံနှုန်း စံထားများနဲ့အညီ ဘာသာပြန်ထားတဲ့)
ပို့စ်မော်ဒန်ကဗျာ အမျိုးအစား တစ်ခုလို့ ကျွန်တော်တို့ နားလည် လက်ခံထားတယ် ဆိုရင်ပေါ့လေ။ ကျွန်တော်တို့ဆီမှာ အယ်လ်ပီ ကဗျာရယ်လို့ ဖြစ်ထွန်းလာမှုမှာ
သူတို့ဆီက အဆောက်အအုံလွန်ဝါဒနဲ့ ပို့စ်မော်ဒန်စာပေ သဘောတရားတွေ အကိုးအကားပြုပြီးထည့်ပြောလေ့ရှိသလို ကျောထောက် နောက်ခံထားထားတာ
တွေ့ရတဲ့အတွက် အယ်လ်ပီကို ပို့စ်မော်ဒန်ကဗျာ အမျိုးအစားတစ်ရပ်လို့
ခေါ်ဆိုနိုင်သယောင်ယောင်ပါပဲ။ ဒီအချက်ကပဲ အယ်လ်ပီနဲ့တကွ ပို့စ်မော်ဒန်လက်ရာတွေကို ဝေဖန်ချင်သူတွေအတွက်
အနောက်လူ့အဖွဲ့စည်းရဲ့ ယဉ်ကျေးမှုဆိုင်ရာလွှမ်းမိုး ထိန်းချုပ်မှုတစ်ရပ်၊
အရင်းရှင်တို့ရဲ့ ဝါဒဖြန့်ခံရမှု စသဖြင့် သတ်မှတ်တုံ့ပြန်ဖို့ အခွင့်အရေး ပေးလိုက်သလို ဖြစ်နေတယ်။ ဒါဟာလည်း ဟုတ်သယောင်ယောင် ရှိပေမယ့်
တကယ်တမ်း ကျွန်တော်တို့ တွေ့မြင် ဖတ်ရှုနေရတဲ့ ဒီက အယ်လ်ပီကဗျာဆိုတာတွေဟာ
ဒီမှာ ကဗျာရေးသူတစ်ဦး တစ်ယောက်ချင်းအလိုက်သီးခြား Model လက်ရာတွေ အနေနဲ့ ပေါ်ပေါက် လာတာလို့တောင် ဆိုချင်တယ်။

အယ်လ်ပီဟာ အနောက်ကမ္ဘာက လက်ဆင့်ကမ်းခဲ့တဲ့ စာပေလက်ရာတစ်ခုလို့ ဆိုပေမယ့်
တိုက်ရိုက် ပုံတူကူးပြီးဖြစ်ပေါ်လာတာမျိုး မဟုတ်ပါဘူး။ ဒီလိုကဗျာဗေဒအားဖြင့် ဆက်စပ်ပတ်သက်နေတဲ့ အထဲမှာလည်း သူတို့ရဲ့ အနောက်လူ့အဖွဲ့အစည်းအတွင်းက လူမှုရေး အနေအထားမှာသာ ဖြစ်ပေါ်နိုင်တဲ့ အယူအဆ လက္ခဏာတချို့
(ဥပမာ-ဗဟိုချက် မဲ့ခြင်း၊ ဒီကွန်စထရပ်ရှင်း၊ မယ်တာ နယ် ရေးတစ်)
ပါဝင်နေနိုင်သလို လူအဖွဲ့စည်းအားလုံးနဲ့ ဆိုင်တဲ့ အယူအဆမျိုးလည်း လက်ခံရရှိနိုင်တာပဲလေ (ဥပမာ-သဘာဝတရား ဆိုတာထက် တည် ဆောက်ထားတာ၊ ဘာသာ စကားမှာ ပါဝါ၊ အိုင်ဒီယိုလော်ဂျီစတဲ့ အရာတွေ စိမ့်ဝင်ပျံ့နှံနေတာ)

ကျွန်တော့် သဘောအရတော့ အယ်လ်ပီဟာ ကဗျာတင်ပြပုံ အသစ်တစ်မျိုးပဲ။ ထို့အတူ ပါဖောမင်း ကဗျာတို့၊ တခြားခေတ်ပေါ်ဟန်က ခွဲထွက်လာတဲ့ (ခေတ်ပြိုင်) ကဗျာတွေရောပေါ့လေ။ ကဗျာအမျိုးအစား တစ်ခုကို
နှစ်ရှည်လများ ရေးဖွဲ့ လာရာကနေ ငြီးငွေ့လာလို့ နည်းအမျိုးမျိုးနဲ့ ဆန်းသစ်အောင် ပြုလုပ်လာကြတဲ့ သဘောပါပဲ။
ဒီမှာ အသစ် ပြုလုပ်လာတဲ့ ကဗျာတွေဆိုတာ ပင်မ ရေစီး ခေတ်ပေါ် ကဗျာတွေနဲ့ လုံးဝကင်း လွတ်ပြီး ဖြစ်လာတယ်လို့ မဆိုနိုင်ပါဘူး။ ဆက်စပ်၊ ဆန့်ကျင်ရင်း ကနေပဲ ထွက်ပေါ်လာတာ ဖြစ်တယ်။ ဆိုလိုတာက ဒီကဗျာတွေရဲ့ဖြစ်တည်မှုဟာ
အနောက်တိုင်း ပို့စ်မော်ဒန် ဖြစ်ခြင်း မဖြစ်ခြင်းနဲ့ နှိုင်းယှဉ်ပြောဖို့ သိပ် အဓိပ္ပါယ်မရှိသလို
ကဗျာရဲ့ အရည်အသွေးကို အဆိုး အကောင်း တန်ဖိုးဖြတ်ဖို့ စံထား ပြောနိုင်တာမျိုး မဟုတ်ဘူး။ အလွယ်ပြောရရင် ကဗျာကို ပျင်းစရာ မကောင်းအောင်
ပင်မရေစီး ကဗျာပုံစံနဲ့ ဆက်စပ်၊ ဆန့်ကျင်ရင်း ကိုယ့်နည်း ကိုယ့်ဟန်နဲ့ အသစ်ကြံဆောင်ကြတာပါပဲ။ အရင်လို ရိုးရှင်း လွယ်ကူမှုမရှိတော့တဲ့
ခေတ်ကြီးနဲ့ ကိုက်ညီတဲ့ ပိုမို ခက်ခဲနက်နဲ မြန်ဆန်လာတဲ့ အနုပညာတွေ ပေါ်ပေါက်လာရတာပါပဲ။

ဒီမှာ ကဗျာအဖွဲ့အစည်းအတွင်းက လူအများစုက အယ်လ်ပီ အုပ်စုရယ်လို့ လက်ခံတုံ့ပြန်နေကြတဲ့ ဇေယျာလင်း၊ မိုးဝေး၊ ဝင်းမြင့်၊ လူဆန်း စတဲ့ ကဗျာရေးသူတစ်ယောက်ချင်းစီရဲ့ကဗျာတစ်ပုဒ်ချင်းစီကိုလည်း
တုန်လှုပ်ခြောက်ခြားမှု ကင်းကင်း ရှင်းရှင်းနဲ့ လေ့လာကြည့်ရင် ပို့စ်မော်ဒန်/အယ်လ်ပီဆိုတာထက် သူ့အလှနဲ့သူ၊
သူ့Model နဲ့သူ သီးခြားရေးဖွဲ့ထားတဲ့ ကဗျာတွေအဖြစ် တွေ့နိုင်ပါသေးတယ်။
သူတို့ရေးဖွဲ့သမျှကို အယ်လ်ပီကဗျာတွေ၊ အယ်လ်ပီ အုပ်စုတွေလို့ တံဆိပ်တပ်
ပြောလို့ မရပါဘူး။

တကယ်တော့ ဒီပုံသဏ္ဌာန်ဆိုင်ရာ တီထွင်မှုဆိုတဲ့ ဇောနဲ့ ပေါ်ပေါက်ခဲ့တဲ့ ပို့စ်မော်ဒန်ဆိုတာ သူတို့ဆီက ပထမမျိုးဆက် ပို့စ်မော်ဒန်တွေရဲ့ အယူအဆ (ဝါ) အထက်စီး
ပို့စ်မော်ဒန် ဝါဒီအပေါ်မှာ အခြေတည် ရည်ညွန်းပြောဆို ထားတာတွေသာ ဖြစ်တယ်။
အဲဒီ ၉ဝခုနစ် အလွန်မှာ ပေါ်ပေါက်ခဲ့တဲ့ ပို့စ်မော်ဒန် အယူအဆနဲ့ အဓိက ကျတဲ့ အသုံးအနှုန်း တွေမှာ ပြဿနာ အများကြီး ရှိတယ်။
အဲဒီအသုံးအနှုန်း ဝေါဟာရတွေ အတော်များများက အနောက်လူ့အဖွဲ့အစည်းအတွင်းက
လူမှုရေးအနေအထားက ထွက်ပေါ်လာတာတွေဖြစ်သလို အဆင်ပြေသလို
ဆီလျော်အောင် ဘာသာပြန် အနက်ဖွင့်ဆို ထားရတာတွေ ဖြစ်တယ်။

(ဒါလည်း ကနဦးကတည်းက ပြဿနာတက်ရပေါင်းမနည်းဘူး။ ဥပမာ ဒီကွန်စထရပ်ရှင်းတို့
ကော်လေ့ခ်ျတို့ အသံထွက်တွေ ကလည်းအမျိုးမျိုး၊ အနက်ဖွင့်ဆိုပုံတွေကလည်း အမျိုးမျိုးနဲ့)
ဒီလိုပို့စ်မော်ဒန်ပါ အချက်အလက်တွေ ဝေါဟာရအသုံးတွေကို ဖွင့်ဆိုရှင်းလင်းခဲ့ကြပေမယ့်
အများအားဖြင့်တော့ ပုံသဏ္ဌာန်ဆိုင်ရာ အစွန်းရောက်တီထွင်မှုကို ဦးတည် နေခဲ့ တာတွေပါပဲ။

ဆိုတော့ ဒီနေ့ထိ ‘ပို့စ်မော်ဒန်ကဗျာ’လို့ ဆိုလိုက်ရင် ပုံသဏ္ဌာန်ဆိုင်ရာ အစွန်းရောက်တီထွင်မှု မဟုတ်ရင် ပုံသဏ္ဌာန်ဆိုင်ရာ တီထွင်မှုကို အသားပေးတဲ့
ဖန်တီးမှု တစ်ရပ်အနေနဲ့ ထင်မြင်ယူဆမိဖို့ များတယ်။
ဒီအယူအဆနဲ့ ချဉ်းကပ် ကြည့်ရင်တော့ ပင်မ ရေစီးကဗျာနဲ့ အရှေ့က မိုးဝေ၊
ခေတ်စမ်း ကဗျာတွေကို ပို့စ်မော်ဒန်ကဗျာလို့ ထင်မှတ်နားလည်ဖို့
အကြောင်းမရှိတော့သလို ပုံသဏ္ဌာန်ဆိုင်ရာ စမ်းသပ်တီထွင်ရေးသားနေကြတဲ့
ကဗျာအားလုံးကတော့ ပို့စ်မော်ဒန်ကဗျာလို့ ထင်မှတ် နားလည် သွားကြဖို့ရှိတယ်။

ကျွန်တော်တို့ဆီမှာ ‘ပို့စ်မော်ဒန်ကဗျာ’ကို အဓိပ္ပါယ်ဖွင့်ဆိုပြီး နားလည် သိမှတ်ထားမှုမှာပါဝင်တဲ့ ယူဆချက်တွေ ရည်ရွယ်ချက်တွေ အလုပ်လုပ်ပုံ တွေကို
ကျွန်တော်တို့က ပို့စ်မော်ဒန်ကဗျာမဟုတ်ဘူးလို့ နားလည်ထားတဲ့
ကဗျာတွေ၊ ဆိုပါစို့ ‘ခေတ်ပေါ်ကဗျာ’လို့ဆိုတဲ့ ကဗျာ တွေမှာရော မတွေ့ရနိုင်ဘူးလား။
ဖော်ဝေး၊ မောင်ချောနွယ်၊ အောင်ချိမ့်တို့ရဲ့ ကဗျာတချို့မှာ ပို့စ်မော်ဒန် အခြေအနေတွေ မတွေ့ရနိုင်ဘူးလား။ ဒီနေ့ အယ်လ်ပီ မဟုတ် ကော်လေ့ခ်ျ မဟုတ် ပါဖောမင်း မဟုတ်တဲ့
(ပင်မ ရေစီး ကဗျာလို့ ထင်ရတဲ့) ကဗျာတချို့ကို ရေးဖွဲ့နေတဲ့ နေမျိုး၊ ခရမ်းပြာထက်လူ၊ နိုင်မွန်အောင်သွင်၊စိုင်းဝင်းမြင့်၊ ကိုရွေး၊
ဝေးခေါင်၊ ကြည်ဇော်အေး၊ သားဦး၊ သူရနီ၊ မျိုးတေဇာမောင်၊ လင်းခါး၊
လွန်းဆက်နိုးမြတ်၊ ဥာဏ်လင်းမင်း၊ အေးချမ်းအောင်၊ အွန်လိုင်းမှာတွေ့ရတဲ့
(ပုံသဏ္ဌာန် ဆိုင်ရာ တီထွင်မှုကို အလေးမပေးတဲ့) မိုးဆတ်၊
မောင်ဖုန်းမြင့် ၊ တောကျောင်းဆရာတို့ရဲ့ ကဗျာလက်ရာတွေဟာ ပို့စ်မော်ဒန် မဖြစ်နိုင်ဘူးလား။

ပို့စ်မော်ဒန်မဖြစ်လို့ ခေတ်ပေါ်ဖြစ်နေတာပေါ့လို့ ဆိုလာရင် ကျွန်တော်တို့ ‘ပို့စ်မော်ဒန်(ကဗျာ)’ကို ဘယ်လို နားလည်ထားသလဲ ဘယ်လောက်ထိ
နားလည်ထားသလဲဆိုတာ ပြန်သုံးသပ်ဖို့ လိုအပ်လာပြီ။
တကယ်လို့ မိမိကဗျာရဲ့အရည်အသွေးကို ပို့စ်မော်ဒန် ဖြစ်ခြင်း မဖြစ်ခြင်းအတွင်းမှာ တိုင်းတာဆုံးဖြတ်မယ် ဆိုရင်ပေါ့လေ။ ဒီလိုပြောရတာကလည်း
ကျွန်တော်တို့ ဆီမှာ ‘ပို့စ်မော်ဒန်’ဆိုတာ တန်ဖိုးသတ်မှတ်မှု မြင့်မားတဲ့
အနုပညာ လက်ရာ တစ်ရပ်လို့ သိသိသာသာ ဖြစ်ဖြစ် မသိမသာ ဖြစ်ဖြစ် နားလည်
သတ်မှတ်ထားကြတာ တွေ့ရလို့ပါပဲ။ ပို့စ်မော်ဒန်လက်ရာတွေကို ခါးခါးသီးသီး ငြင်းဆန်နေတဲ့ သူတွေတောင်မှ တကယ်တော့
ပို့စ်မော်ဒန် လက်ရာတွေကို အဆင့်မြင့်အနုပညာ တစ်ရပ်အနေနဲ့
ပိုပိုသာသာ ထင်မှတ်ထားတဲ့ ခံစားချက်မျိုးရှိလို့ ဒီလို တုံ့ပြန်နေကြတာပါပဲ။
ကဗျာရေးသူတစ်ယောက်အနေနဲ့က ပို့စ်မော်ဒန်တွေ ပို့စ်-ပို့စ်မော်ဒန်တွေ စတဲ့
ဝေါဟာရတွေ စိတ်မဝင်စားဘဲ ကိုယ်ခံစားယုံကြည်သလို
ရေးဖွဲ့ဖန်တီးနေဖို့ကများတယ်လို့ ကျွန်တော်နားလည်ထားပေမယ့်
အသစ်ပြုလုပ်ခြင်း၊ ပို့စ်မော်ဒန်လက်ရာနှင့် တန်ဖိုးဖြတ်မှုဆိုတဲ့ ဒီနေ့ ကြာလေ ရှုပ်ထွေးလေ ဖြစ်လာတဲ့ ဆက်နွယ်ပတ်သက်မှုတစ်ခုကို ကျွန်တော် စိတ်ဝင်တစား မေးခွန်းထုတ်ချင်မိလို့ပါပဲ။

လိုရင်းပြောရရင် ကျွန်တော်တို့ဆီမှာ ပို့စ်မော်ဒန် ကဗျာရယ်လို့ ကျွန်တော်တို့ သိမှတ် နားလည်ဖတ်ရှုနေတဲ့ ၂ဝဝဝခုနှစ် နှောင်းပိုင်း (ပုံနှိပ်နဲ့ အွန်လိုင်း မီဒီယာ နှစ်ခု စလုံးပေါ်က)
ကဗျာတွေဟာ ပုံသဏ္ဌာန် ဆိုင်ရာ အစွန်းရောက်တီထွင်မှု လမ်းကြောင်းပေါ်
ရောက်ရောက် သွားကြတာ တွေ့ရတာပဲ။
တကယ်တော့ ပုံသဏ္ဌာန်ဆိုင်ရာ တီထွင်မှုကို ရှေ့တန်းတင်ပြီး
ဘာသာစကားကို ကစားတာတို့ အဆက်စပ်မဲ့အောင် လုပ်တာတို့ ဟာလည်း မြင်းစိုင်းသူများလောက် အစွန်းရောက်တီထွင်မှုမဟုတ်ပေမယ့်
(style)ဟန်တစ်ခု အသွင်ပြန်ဆောင်လာနိုင်သလို ဒီလိုဟန် တစ်ခုအနေနဲ့
ရေးဖွဲ့ထားတဲ့ကဗျာဟာ မော်ဒန်ဝါဒရဲ့ ပုံသဏ္ဌာန် ဒါမှမဟုတ် ပုံသဏ္ဌာန်ဝါဒ ဘက်ကိုတောင် ပြန်ရောက် သွားစေနိုင်တယ်။

အရင်က ကျွန်တော်ရေးခဲ့တဲ့ ကဗျာ ဆောင်းပါးတွေမှာ ကျွန်တော်က အကြောင်းအရာနဲ့ ပုံသဏ္ဌာန်ကို တစ်ခုစီလို့ ခွဲခြား ထင်မှတ်မှု နဲ့ ရေးသားခဲ့ တာတွေဖြစ်သလို
အကြောင်းအရာ အသားပေး ရေးဖွဲ့ခဲ့/ရေးဖွဲ့ဆဲ ကဗျာတွေက
ခေတ်ပေါ်ကဗျာ/ပင်မရေစီးကဗျာလို့ ရည်ညွှန်းခဲ့ပြီး ပုံသဏ္ဌာန်/ ဘာသာ စကားရဲ့
ရုပ်ပိုင်း ဆိုင်ရာကို ကိုင်တွယ် ရေးဖွဲ့ထားတဲ့ ကဗျာတွေကိုတော့ ပို့စ်မော်ဒန်ကဗျာ တစ်နည်း ပြောရရင် ကဗျာသစ်အဖြစ် ကျွန်တော်က ဦးတည်
ပြောဆိုချင်ခဲ့တာ ဖြစ်တယ်။ အခု ပြန်လည် ဖြည့်စွက်ခဲ့တဲ့ ပုံသဏ္ဌာန်အပေါ် အမြင်အရပုံသဏ္ဌာန် အပြောင်းအလဲ သက်သက်က ကဗျာသစ်အဖြစ်
မခေါ်ဆို နိုင်သလို အကြောင်းအရာနဲ့ ပုံသဏ္ဌာန်ကို ခွဲခြားပြီး
ပြောဖို့လည်း ထင်သလောက် မလွယ်ကူတာ တွေ့ရတယ်။
အထူးသဖြင့် အယ်လ်ပီကဗျာဗေဒကို လေ့လာကြည့်ရင်
ဒီသဘောတရားကို တွေ့နိုင်တယ်။

ပင်မရေစီးကဗျာတွေက ဘာသာ စကားကို မီဒီယာတစ်ခု အဖြစ်ကလွဲရင်
(သင်္ကေတနဲ့ အလင်္ကာတွေကို ယုံယုံကြည်ကြည်နဲ့ ထပ်ကွပ်ညွှန့်တဲ့ အထိ) ဘာမှထပ်စဉ်းစားစရာ မလိုဘဲသုံးစွဲ
ရေးဖွဲ့ခဲ့ပေမယ့် အယ်လ်ပီနဲ့ ဆက်နွယ်နေတဲ့ ဘာသာစကား
အခြေပြု ကဗျာရေးဖွဲ့လာသူတွေက ဘာသာစကားဟာ ရေးသူနဲ့ ဖတ်သူကြား
အလွယ်တကူ ဆက်သွယ် ပေးနိုင်တဲ့ မီဒီယာသက်သက်လို့ မမြင်တော့ဘဲ
ဘာသာစကားရဲ့ အလုပ်လုပ်ပုံကို ပြန် ကိုင်တွယ်လာခဲ့တယ်။ ဘာသာ စကားဟာ လူ့အဖွဲ့အစည်း အတွင်းမှာ အပြန်အလှန် ဝင်ရောက် ခြယ်လှယ် အလုပ် လုပ်နေတာလို့
ယူပြီး ကဗျာရေးသူရဲ့ခံစားမှု ကဗျာရေးသူပြောချင်တဲ့ အကြောင်းအရာတွေ
ကိုယ်နှိုက်က ဘာသာစကား တည်ဆောက်ချက်တွေ တစ်နည်း ကဗျာရေးသူပြောချင်တဲ့
အကြောင်းအရာကို ပြဌာန်းနေတဲ့ အရာရာတိုင်းကိုက ဘာသာစကားနဲ့ ချိတ်ဆက်ပြီး အလုပ်လုပ်နေတာလို့ ယူတာဆိုတော့ ကျွန်တော် အရင်က
(ကဗျာ အဟောင်းနဲ့ အသစ် ကွဲပြားအောင်) ခွဲခြားပြရာမှာ ပြုလုပ်ခဲ့သလို
အကြောင်းအရာနဲ့ ပုံသဏ္ဌာန်က တသီးတခြား စီခွဲခြားပြောဖို့ မဖြစ်နိုင် တော့ဘူး။ ၂ဝဝဝနှောင်းပိုင်းမှာ အယ်လ်ပီနဲ့ ကဗျာပုံစံသစ်ရယ်လို့ ရေးဖွဲ့နေသူတွေရဲ့လက်ရာတွေမှာ
ပို့စ်မော်ဒန် အမြင်ရှိတယ်လို့ တပ်အပ် မဆိုနိုင်သေးတောင်
အစဉ်အလာလက်ခံထားတဲ့စာပေဖြစ်မှု ပင်မရေစီးစာပေ/ကဗျာရဲ့ အထက်စီးပါဝါ သက်ရောက်မှုကနေ လွတ်ကင်းအောင်ကြိုးစားရုန်းထွက်ခဲ့တာတော့ အမှန်ပဲ။

ကဗျာအမျိုးအစားအသစ်တစ်ရပ်အနေနဲ့ ညွန်းဆို ပြတဲ့နေရာမှာ
ကဗျာ ပုံသဏ္ဌာန်သက်သက်ကို ကြည့်ပြီး ပြောဆိုလို့ မဖြစ်နိုင်တော့ဘဲ
ဒီအစဉ်အလာ လက်ခံထားတဲ့ (ရိုမန်တစ်၊ ဆိုရှယ်လစ်၊ မော်ဒန်) စာပေဖြစ်မှု ပါဝင်နှုန်း
အချိုးအဆ၊ ပင်မရေ စီးစာပေ/ကဗျာအပါအဝင် ခေတ်စနစ်နဲ့ ယဉ်ကျေးမှုမှာ
အထက်စီးပါဝါ သက်ရောက်နေတာတွေကို ဘယ်လောက်ထင်ဟပ် ဖေါ်ပြနိုင်သလဲ
ဆန်းစစ်နိုင်သလဲ မေးခွန်း ထုတ်နိုင်သလဲ ဆိုတဲ့ အယူအဆတွေ အပေါ်မှာသာ
ဆုံးဖြတ်သင့်တယ်လို့ ကျွန်တော့်အနေနဲ့ ယူဆတယ်။

တကယ်လို့ ဒီနေ့ ‘ကဗျာသစ်’ဆိုတဲ့ လက်ရာတွေ Experimental Poetry, အယ်လ်ပီ၊ ပီအယ်လ်ပီ၊ ကွန်ဆက်ကျူရယ်၊ Flarf Poetry, Cyber Poetry, Visual Poetry,
Talk Poetry, Hybrid Poetry, Identity Poetry, Anti-Poetry, Digital Poetry
ဆိုတာတွေဟာ ပင်မ ရေစီးကဗျာတွေရဲ့ တွေးခေါ် ယူဆပုံတွေနဲ့ မတူ ကွဲပြားလာသည့်တိုင်
ဒီလိုမတူကွဲပြားမှုဖြစ်စေတဲ့ အချက်က ပို့စ်မော် ဒန် လောကအမြင်/ မေးခွန်းထုတ်ခြင်း/ သရော်ခြင်းစတာတွေ အသားပေးထားခြင်းကြောင့် မဟုတ်ဘဲ
၉ဝခုနစ်တွေက ပို့စ်မော်ဒန် သမားတွေလို ဗဟို ချက်မဲ့ခြင်းတို့၊ ဖျင်/နွှာ/ခွာခြင်းတို့၊
ပိုင်းစ စိတ်မြွာခြင်းတို့၊ အဆက်အစပ် မဲ့ခြင်းတို့၊ ယောက်ယက်ခပ် ခုန်ကျော်ခြင်းတို့၊ စိတ်အလျဉ် စီးကြောင်း အတိုင်း ရေးခြင်း/စိတ်ထဲ ပေါ်ပေါက်လာသမျှ
စောင့်ယူ ရေးသားခြင်း စတဲ့ ပုံသဏ္ဌာန် အသားပေး စမ်းသပ်ရေးဖွဲ့မှုကြောင့်
ကွဲပြားမှု (ကွဲပြား သယောင်) ဖြစ်စေတာဆိုရင် ဒါဟာပို့စ်မော်ဒန် ကဗျာလို့အတတ်
ခေါ်ဆိုဖို့ မဖြစ်နိုင်တော့သလို ကဗျာသစ်လို့ ခေါ်ဆိုဖို့လည်း မဖြစ်နိုင်တော့ဘူး။
‘အသစ် ပြုလုပ်ခြင်း’ လို့ မဆို နိုင်တော့ဘူး။ ‘အသစ်တော့ အသစ်ပဲ
ဒါပေမယ့် စက်မှုဇုံထုတ်’ ဖြစ်နေမှာပဲ။

ကျွန်တော်တို့ဆီမှာ ကဗျာအမျိုး အစားသစ်တွေအနေနဲ့ ထင်မှတ် ဖတ်ရှုနေကြတဲ့ ကဗျာတွေမှာ ကျွန်တော်တွေ့ရသလောက်က သူတို့ဆီက ပထမ မျိုးဆက်/
ကျွန်တော်တို့ ဆီက ၉ဝခုနစ်အလွန် ပို့စ်မော်ဒန် အယူအဆတွေရဲ့
အငွေ့အသက်တွေ (ရည်ရွယ်လို့ ဖြစ်ဖြစ် မရည်ရွယ်ဘဲ ဖြစ်ဖြစ်)
ကပ်ညိ လိုက်ပါနေသလို တချို့ ကဗျာ အယူအဆတွေဆိုရင် (ဥပမာ နီယိုမော်ဒန်) အစဉ်အလာ ပင်မရေစီးအတွင်း လက်ခံထားတဲ့ စာပေ/ကဗျာဖြစ်မှုကနေ ရုန်းမထွက်နိုင်ဘဲ ဖြစ်နေတဲ့ အထိ တွေ့ရနိုင်တယ်။

ဒုတိယမျိုးဆက်ပို့စ်မော်ဒန်နဲ့ ငါတကယ်အိပ်ချင်နေပြီ

အနောက်တိုင်းက ပို့စ်မော်ဒန် ဒုတိယ မျိုးဆက်မှာတော့ မော်ဒန်ဝါဒနဲ့
ပထမ မျိုးဆက် ပို့စ်မော်ဒန်တွေရဲ့ ပုံသဏ္ဌာန် ခက်ခဲမှုကို လျော့ချခဲ့တယ်။
သရုပ်မှန်ရဲ့ ကိုယ်စားပြုခြင်း သဘောကို စိန်ခေါ်ဖို့၊ သရုပ်မှန်ဝါဒ
(ဝါဒကိုသာ ဆိုလိုတယ်)နဲ့ အစွန်းရောက် ပုံသဏ္ဌာန် ဝါဒကို ဆန့်ကျင်ဖို့
သရုပ်မှန် ပို့စ်မော်ဒန် ဝါဒနဲ့ ပို့စ်မော်ဒန်ဝါဒ အခြေခံသရုပ်မှန် လက်ရာ
(postmodernist realism) ဆိုတာ ပေါ်ပေါက် လာပြန်တယ်။
ဒါဟာ အစောပိုင်း ပို့စ်မော်ဒန်နဲ့ ပို့စ်မော် ဒန်ဝါဒကို လွန်သွားခဲ့ပြီဖြစ်တဲ့
ပို့စ်မော်ဒန် အလွန် post-postmodernism ပဲဖြစ်တယ်။

ဒီပို့စ်မော်ဒန်ဝါဒ အခြေခံသရုပ်မှန်လက်ရာတို့ ပို့စ်-ပို့စ် မော်ဒန်လက်ရာတို့ကို ဒီမှာပြောဖို့ စောနေသေးသလို ဖြစ်နေပေမယ့် တကယ်တော့ နောက်ကျနေပြီ
လို့တောင် ဆိုနိုင်တယ်။ ‘စောသေးတယ်’ဆိုတာ စာပေ/ကဗျာလက်ရာတွေ အားဖြင့်
ဒီမှာ မရှိသေးလို့ မဟုတ်ဘူး၊ ကျွန်တော်တို့ ပို့စ်မော်ဒန်/ပို့စ်မော်ဒန် စာပေ/ကဗျာ အယူအဆဆိုတာ တွေကိုတောင် အကျေအလည် မရှင်းလင်းသေးလို့ပဲ။
ဒီအခြေအနေမှာ ပို့စ်-ပို့စ်မော်ဒန် လက်ရာတစ်ပုဒ်ကို နမူနာအဖြစ် ထုတ်ပြလိုက်ရင်
ပြဿနာအများကြီး ရှိလာနိုင်တာ တွေးမိလို့ပါ။ ဒါပေမယ့် ကျွန်တော့်အနေနဲ့က ယနေ့ ကျွန်တော်တို့ ပြည်တွင်းမှာ ဖြစ်ရှိနေတဲ့ ခေတ်ပြိုင် ကဗျာအနေအထား အတွင်းမှာ အစောပိုင်း ပို့စ်မော်ဒန် အယူအဆတွေကနေ ကင်းလွတ်ပြီး
ဖန်တီးရေးဖွဲ့နိုင်ခဲ့တယ်လို့ ယူဆတဲ့ ကဗျာတွေကို ဖေါ်ပြချင်တာဆိုတော့ အနီးစပ်ဆုံး ကိုက်ညီတယ်လို့ ယူဆတဲ့ ကဗျာတွေကို ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။
တစ်ခုရှိတာက ဒီကဗျာကို ပို့စ်-ပို့စ်မော်ဒန် ကဗျာ၊ ပို့စ်မော်ဒန်ဝါဒ
အခြေခံသရုပ်မှန်လက်ရာ စသဖြင့် တိတိကျကျ သတ်မှတ်ဖို့ အထိတော့ မရည်ရွယ်ပါဘူး။
အစောပိုင်း ပို့စ်မော်ဒန် အယူအဆ တွေကနေ ကင်းလွတ်ပြီး ဖန်တီး ရေးဖွဲ့နိုင်ခဲ့တယ်လို့ ယူဆတဲ့ ကဗျာလက်ရာ တစ်ခုအဖြစ် ဖေါ်ပြချင်ရုံပါပဲ။
တစ်နည်းအားဖြင့် ဒီလိုမျိုးလည်း ပို့စ်မော်ဒန်ကဗျာ ဖြစ်တယ်လို့ ဆိုချင်တာပါပဲ။

ရေးသူ လူဆန်း ကဗျာ စာအုပ်ပါ ကဗျာတစ်ပုဒ် ဖြစ်တဲ့ ‘တကယ် အိပ်ချင်နေပြီ’ဆိုတဲ့
ကဗျာဟာ ရုတ်တရက် ကြည့်လိုက်ရင် ခေတ်ပေါ်ကဗျာ/ ပင်မရေစီး ကဗျာတွေနဲ့
အတူတူလို့ ထင်ရပေမယ့် ကဗျာရေးသူက ပို့စ်မော်ဒန် အမြင်ပါ ရှိတဲ့ရသကို ရရှိဖို့
ပင်မရေစီး ရေးဖွဲ့ဟန်ကိုပဲ ပါးနပ်စွာနဲ့ အသုံးချ ရေးဖွဲ့ထားတာ ဖြစ်တယ်။
တစ်နည်း ပင်မရေစီး ရေးဖွဲ့ဟန်ကို ဆက်စပ်-ဆန့်ကျင်ရင်း ရေးဖွဲ့ထားတာလို့ ဆိုနိုင်တယ်။
လူဆန်းရဲ့ နောက်ပိုင်း ရေးဖွဲ့လာတဲ့ အထဲမှာ ပို့စ်မော်ဒန်ဝါဒ အခြေခံသရုပ်မှန် လက်ရာလို့
တောင်ဆိုနိုင်တဲ့ ကဗျာတချို့ တွေ့ရတယ်။ ‘ထင်းရောင်းတဲ့ အောင်စိန်’၊ ‘ဂေ’ွ၊ ‘ဒေသနဲ့ ရင်းနှီး ကျွမ်းဝင်အောင်’၊ စသဖြင့်။ ကျွန်တော်က လူဆန်းရဲ့ကဗျာတွေကို အမျိုးအစား ခွဲဖေါ်ပြနေသည့်တိုင် တစ်အုပ်လုံး ခြုံငုံ သုံးသပ်ကြည့်ရင် လူဆန်းရဲ့ကဗျာတွေ အမျိုးအစားတွေဟာ
ရေးသူလူဆန်းရဲ့ ကဗျာအမျိုးအစားတွေသာဖြစ်တယ်ဆိုတာ တွေ့နိုင်တယ်။
ရေးသူလူဆန်းရဲ့ ကဗျာအမျိုးအစား တွေအဖြစ်သာဖတ်ရှုနိုင်တယ်။
ရေးသူလူဆန်းရဲ့ ကဗျာ အမျိုးအစားတွေအဖြစ်သာ ခံစားနိုင်တယ်။
ရေးသူလူဆန်းရဲ့ ကဗျာ အမျိုးအစားတွေ အဖြစ်သာ အတွေးပွားနိုင်တယ်။

‘တကယ်အိပ်ချင်နေပြီ’

ငါတကယ်အိပ်ချင်နေပြီ။
ငါတကယ်အိပ်ချင်နေပြီကွာဆိုတဲ့ စကားစုကို အားမနာတမ်း
ရှောရှောရှူရှူဝင်အောင် ဘယ်လိုပြောရမလဲ
အဲဒါခက်တယ်။ ဒီမှာ အဲဒါ သိပ်ခက်တယ်
ငါတကယ်အိပ်ချင်နေပြီကွာဆိုတဲ့ စကားစုအပေါ်
မင်းတစ်မျိးတမည်ခံစားအဓိပ္ပါယ်ဖွင့်ဦးတော့မယ်
ငါသိတာပေါ့။ ကျီးကျီးချင်းသိသလို ငါသိတာပေါ့
တကယ်က ဘယ်လိုပစ်ခွာဖယ်ကျဉ်မှုမျိုးမှ မပါဘဲ
ရိုးရိုးပြောတာ။ တကယ်မျက်ခွံတွေလေးကျလာလို့
တကယ်အနားယူဖို့ လိုလာလို့ ငါ့ဘော်ဒီအတွင်းထဲက
ခေါင်းလောင်းသံတွေ ငါပြန်ဆိုလိုက်တာပါ
ငါကတယ်အိပ်ချင်နေပြီကွာ
၂ဝဝ၆

ကဗျာဖတ်ကျင့်ရှိသူ မည်သူမဆို နားလည်လောက်တဲ့ အထက်ပါကဗျာဟာ ပို့စ်မော်ဒန်အမြင်ကို ထင်ဟပ်နိုင်တဲ့ ပို့စ်မော်ဒန်ကဗျာ တစ်ပုဒ်ပဲလို့ဆိုရင်
လက်ခံဖို့ ခက်ချင် ခက်နေလိမ့်မယ်။ ဒီကဗျာလေးဟာလည်း
ဖတ်ရ လွယ်ကူတယ် ဆိုပေမယ့် ခေတ်ပေါ်/ မော်ဒန်သမားတွေ လုပ်သလို
‘ငါ၊အတ္တ’ ရှေ့တန်းတင်ပြီး အတွေးအခေါ်၊ ခံစားမှု၊ ဝါဒတစ်ခုခုကို ကိုယ်စားပြုဖို့ ကြိုးစားထားတဲ့ ရိုးစင်းတဲ့ ကဗျာရေးဖွဲ့ဟန်တွေနဲ့တော့ မတူတာ အမှန်ပဲ။
ထို့အတူ ကျွန်တော်တို့ဆီက ခေတ်သစ် ကဗျာတွေ ရေးဖွဲ့နေတဲ့
ကဗျာရေးသူတွေရဲ့လက်ရာတချို့မှာ တွေ့ရသလို ဘာသာစကားကစားခြင်း၊
သဒ္ဒါ/ဝါကျ အဆက်အစပ် ပြတ်တောက်ခြင်း၊ ယောက်ယက်ခပ် ခုန်ကျော်ခြင်း၊
သိစိတ် အခုန်အတိုင်း လိုက်ခြင်း၊ နီးရာ စာသား ဆွဲသုံး ဖွဲ့စပ်ခြင်း၊ ကော်လေ့ခ်ျ လုပ်ခြင်း၊ ရောနှောခြင်း စသဖြင့် ပထမမျိုးဆက် ပို့စ်မော်ဒန် အယူအဆတွေရဲ့
အငွေ့အသက်မလွတ်တဲ့ခဲရာခဲဆစ်‘နည်း’တွေကနေကင်းလွတ်နေတာကိုလည်း
တွေ့ရမှာပဲ။ ဒါပေမယ့် ဒီနေရာမှာ သတိထား ကိုင်တွယ်ရမယ့် အချက်တစ်ခုက
ကဗျာဟာ စကားပြေ မဟုတ်တဲ့အတွက် စကားပြေ ထက်တော့ပိုပြီး နားလည်ရ ခက်မှု
ဖြစ်နိုင်ချေ ပိုရှိနေတာပဲ။ ကဗျာရဲ့ပင်ကို သဘောအရကိုက ဘာသာစကားနဲ့
ပြေပြစ်ချောမွေ့အောင် တိုက်ရိုက် ရှင်းလင်းခြင်းကို ငြင်းပယ်မှုနဲ့ ရသ ဖန်တီးမှု ပြုလုပ်ရတာဆိုတော့ ကဗျာဆီက လွယ်ကူ ရှင်းလင်းမှု ကိုတော့ စကားပြေနဲ့
တစ်တန်းစားတည်း ထားပြီး မမျှော်လင့် ကောင်းပါဘူး။

ဒါပေမယ့် ကျွန်တော် ဆိုလိုတာက မူလအစကတည်းက စကားပြေ လောက်
မရိုးစင်းခဲ့တဲ့ ကဗျာဘဝကနေ ဒီနေ့ ပေါ်ပေါက်နေတဲ့ ကဗျာတွေအထိ
ဆက်လက် ‘အသစ် ပြုလုပ်ကြတယ်’ ဆိုတိုင်းလည်း ခက်သထက် ခက်လာတဲ့
ကဗျာ အမျိုးအစားတွေ အဖြစ်နဲ့ အစွန်းရောက် ပုံသဏ္ဌာန် တီထွင်မှု လမ်းကြောင်း တစ်ခုတည်းပေါ် မရောက်ရှိသွားဖို့ပါပဲ။

မဟုတ်ရင်တော့ နီယို၊ ကော်လေ့ခ်ျ၊ ကွန်ဆက်ကျူရယ်၊ အယ်လ်ပီ၊ ပီအယ်လ်ပီ၊
ဟိုက်ဘရက်၊ ပို့စ်မော်ဒန် ဘယ်လိုခေါ်ခေါ် ကိုယ့်ရေးဖွဲ့မှုက ကိုယ် မမျှော်လင့်ဘဲ
(style)ဟန်တစ်ခု အသွင် ပြန်ဆောင်လာတဲ့ မော်ဒန် သမားတွေရဲ့ ပုံသဏ္ဌာန် ဝါဒဘက်
နောက်ပြန် လှည့်သွားမှာပါပဲ။ စကားပြေနဲ့ ဝတ္တုလို အရေးအသား တချို့မှာ ဝတ္တုဇာတ်လမ်း အဆောက်အအုံ၊ အကြောင်းအရာ၊ဇာတ်လမ်း၊ ဇာတ်ကွက် စတာတွေကို
ဖျက်ပြီး(သို့) ဖယ်ရှားပြီး ပုံသဏ္ဌာန် တီထွင်မှုနဲ့ ရေးဖွဲ့နေတာကို ပို့စ်မော်ဒန်
စာပေလက်ရာလို့ မှတ်ထင် ယူဆထားကြတာ ရှိသလို ကဗျာမှာလည်း အကြောင်း အရာတစ်ခု၊ ၄င်း အကြောင်းအရာနဲ့ ကိုက်ညီတဲ့ အာဘော် တစ်ခုခု ဆိုက်ရောက်အောင်
ရေးဖွဲ့ခြင်းမျိုးကို ရှောင်ရှားလာတဲ့ အပြင် ခေတ်ပြိုင် လူမှုပတ်ဝန်းကျင်၊
လူမှုရေး နိုင်ငံရေး ဆက်စပ်မှု၊ (ပါတီဆန်/ဝါဒဖြန့် နိုင်ငံရေးကိုမဆိုလို) ကိုယ့် လူ့အဖွဲ့အစည်း အတွင်းဖြစ်ရှိနေတဲ့ လွတ်လပ်မှု၊
တရားမျှတမှု ဆိုင်ရာ အခြေခံတွေနဲ့ယှဉ်တဲ့ ရေးဖွဲ့ ဖန်တီးမှုမျိုးကိုပါ လျစ်လျူရှုလိုက်ပြီး ဘာသာစကား/စာသား သက်သက်ကစားရင်း ရေးဖွဲ့ ဖန်တီးနေတာမျိုးကို ပို့စ်မော်ဒန် ကဗျာလို့ ထင်မှတ် ကောင်းထင်မှတ် နေနိုင်ပါတယ်။

တကယ်တော့ ဒါဟာ ကဗျာရဲ့အစိတ် အပိုင်း သေးသေးလေး တစ်ခုဖြစ်တဲ့
ဘာသာစကား ကစားခြင်း တက်ကနိတစ်ခုသာ ဖြစ်သလို ပို့စ်မော်ဒန်နဲ့လည်း မဆိုင်လှပါဘူး။ ထို့အတူ မိမိ လူ့အဖွဲ့အစည်းအတွင်း ဖြစ်ရှိနေတဲ့
အခြေအနေနဲ့ တည်ရှိနေတဲ့ ဘာသာဗေဒ သဘောတရားတွေကို
ယတိပြတ် ငြင်းပယ်ပြီး တစ်ကိုယ်တော် သာယာမှုရှာတဲ့
ရေးဖွဲ့ ဖန်တီးမှုဆိုတာ အရင်က အစွန်းရောက် မော်ဒန်ဝါဒီတွေ လုပ်ခဲ့တာထက်
ဘာမှ ပိုထူးမှာ မဟုတ်ဘူး။ ဒါမှမဟုတ် မိမိကဗျာနဲ့ လူ့အဖွဲ့အစည်းကို `ရှော့ခ်´ရ အောင်လုပ်မယ်`နိုးအောင် လုပ်မယ်´ဆိုတဲ့ အသစ်တီထွင် ရေးဖွဲ့မှု
ဆိုတာတွေဟာ စကားလုံးနဲ့ ဘာသာစကားတွေကို ပုံသဏ္ဌာန် ဆိုင်ရာ တီထွင်မှု လုပ်ရင်း ဘာအဓိပ္ပါယ်မှ မထွက်အောင်၊ ရေးသူ တစ်ဦးတစ်ယောက်က လွဲရင်
ဖတ်သူ တစ်ဦးတစ်ယောက်မှ နားမလည် နိုင်အောင် ဖန်တီး ရေးဖွဲ့နေတာတွေ
သက်သက်ပဲလား။

တကယ်တော့ ဒီနေ့မှာ ပေါ်ပေါက်နေတဲ့ ပို့စ်မော်ဒန်နဲ့ ပို့စ်မော်ဒန် အမျိုးအစားဖြစ်တဲ့ ဘာသာစကား ကဗျာနဲ့တကွ အဆောက်အအုံလွန် ဝါဒ အခြေခံရေးဖွဲ့
နေသူတွေရဲ့ ကဗျာတွေမှာ တီထွင်ဆန်းသစ်မှုတွေ (ပို့စ်မော်ဒန်ရဲ့အရသာဖြစ်တဲ့)
အထက်စီးကနေလွမ်းမိုးကြီးစိုးပြီး ကြိုးကိုင် ခြယ်လှယ်နေတဲ့ အယူဝါဒနဲ့
အင်စတီ ကျူးရှင်း ပို့ချမှုတွေကို သရော်ခြင်းတွေ၊ ရောနှော ပြခြင်းတွေ၊
မေးခွန်း ထုတ်ခြင်းတွေ၊ ပုံသေ သတ်မှတ်ထားတဲ့ သီးခြား
အမှတ်လက္ခဏာ(Fixed identity) ကနေ ကင်းလွတ်အောင် ရေးသားဖို့
‘ဖြစ်နိုင်ခြေ’ကို ကြိုးစားရှာဖွေတာတွေစတဲ့ ကောင်းကွက်တွေ အများကြီး တွေ့ရပါတယ်။
ဆယ်စုနှစ် တစ်ခုကျော်ကျော် တဝဲလည်လည် ဖြစ်နေတဲ့(ခေတ်ပေါ်) ကဗျာတွေနဲ့ စာရင် အများကြီး ကြိုဆိုထိုက်တဲ့ ကဗျာ အမျိုးအစားတွေပါပဲ။
ဒါပေမယ့် ကျွန်တော်တို့ဆီမှာ အံ့သြစရာ ကောင်းလောက်အောင် အုံနဲ့ ကျင်းနဲ့ ဆန့်ကျင်
ရှုံ့ချ ကြတာတွေ့ရတော့ ကျွန်တော်တို့ဆီက အနုပညာသည် တချို့ရဲ့
စိတ်ဓါတ်ချွတ်ခြုံကျမှု၊ အသစ်အဆန်းနဲ့ ပညာတတ်ဆန်မှုကို ရင်ဆိုင်ကြည့်ရမှာ ကြောက်လှန့်မှုစတာတွေ ကြောင့်လည်း ဖြစ်နိုင်သလို
ကျွန်တော် အကြိမ်ကြိမ်ပြောခဲ့တဲ့ အစောပိုင်း ပို့စ်မော်ဒန် အယူအဆတွေအပေါ်
သံသယ စိတ်ကြောင့်လည်း ဖြစ်နိုင်တယ်လို့ ယူဆပါတယ်။

‘တကယ် အိပ်ချင်နေပြီ’ ကဗျာမှာ အစောပိုင်း ပို့စ်မော်ဒန်သမားတွေရဲ့ ခဲရာခဲဆစ် ကဗျာအတတ်တွေ တစ်ခုမှ မပါရှိပေမယ့် (ကဗျာ)အနုပညာရဲ့ အရေးကြီးဆုံး
အလုပ်ဖြစ်တဲ့ (ကျွန်တော် တစ်ယောက်တည်းရဲ့ အယူအဆ)
ဘာသာစကားကို မေးခွန်းထုတ်ခြင်း၊ သရော်ခြင်း၊ ဘာသာစကားက လူ့အဖွဲ့အစည်းတစ်ခုအတွင်းဝင်ရောက် အလုပ်လုပ်နေပုံ၊
ဘာသာစကားနဲ့ အရှိတရားကြား အဆက်စပ်မဲ့မှုနဲ့ မသေချာမရေရာမှု
စတာတွေကို ဖေါ်ပြ နိုင်ခဲ့တာပဲ မဟုတ်ပါလား။

မောင်ယုပိုင်
၂ဝ၁၁


Comments