ခေတ်ပေါ်လား ၊ ခေတ်ပြိုင်လား ၊ မြန်မာကဗျာ (ဇေယျာလင်း)
______________________________________________
ခုတလော “ခေတ်ပေါ်”ကဗျာနဲ့ “ခေတ်ပြိုင်”ကဗျာကို ဖလှယ်သုံးနေတာ သတိပြုမိပါတယ်။ ဒီကိစ္စနဲ့ပက်သက်ပြီး ခေါင်းစဉ်ငယ်(၃)ခုနဲ့ ဒီအခေါ်အဝေါ်နှစ်ခုကို ချဉ်းကပ်ကြည့်ပါမယ်။ (၁) “ခေတ်ပေါ်”ကဗျာနဲ့ “ခေတ်ပြိုင်”ကဗျာဟာ အတူတူပဲ။ (၂) “ခေတ်ပေါ်”ကဗျာနဲ့ “ခေတ်ပြိုင်”ကဗျာဟာ ကွဲပြားခြားနားတယ် (မတူဘူး)။ (၃) ကဗျာဟာ ကဗျာပဲ ၊ လေဘယ်တပ်စရာမလိုဘူး။
(၁) “ခေတ်ပေါ်” ကဗျာနဲ့ “ခေတ်ပြိုင်” ကဗျာဟာ အတူတူပဲ
________________________________________________
“ခေတ်ပေါ်” ကဗျာနဲ့ “ခေတ်ပြိုင်” ကဗျာကို ဖလှယ်သုံးခြင်းဟာအတူတူပဲဆိုတဲ့သဘောကို ပြနေတာဖြစ်ပါတယ်။ ကျွန်တော် လေ့လာမိသလောက်ပြောရရင် တစ်ချိန်တုန်းက “မော်ဒန်” ကဗျာဆိုတဲ့ အသုံးအနှုန်းရှိခဲ့ဖူးပါတယ်။ အစဉ်အလာ (လေးလုံးစပ်) ကဗျာကနေ ပုံသဏ္ဍာန်ရော၊ အကြောင်းအရာပါ ခွဲထွက်လာတဲ့ကဗျာအမျိုးအစား ဖြစ်ပါတယ်။ နောက်ပိုင်းမှာ၊ “မော်ဒန်”ကနေ “ခေတ်ပေါ်”လို့ ပြောင်းလည်းခေါ်ဝေါ်လာပြီး “ခေတ်ပေါ်”ကဗျာဆိုတာ ဖြစ်လာပါတယ်။ ဖြစ်လာတယ်ဆိုတာက ထူထောင်လာတယ်။ ဖွံ့ဖြိုးလာတယ်။ ပြန့်ပွားလာတယ်။ နောက်ဆုံး “ပင်မရေစီး”အထိ ဖြစ်လာတယ်လို့ ပြောတာပါ။ အလွယ်တကူ ဖြစ်လာတာတော့ မဟုတ်ပါဘူး။ အတိုက်အခိုက် ပေါင်းစုံကြားကနေ ထူမတ်လာတာဖြစ်ပါတယ်။ ၁၉၇၀ နဲ့ ၁၉၉၀(ဆယ်စုနှစ်နှစ်ခု)အတွင်းလို့ ပြောနိုင်ပါတယ်။
အဲဒီကာလာတုန်းက အစဉ်အလာ ကဗျာအရေးအသားက ကြီးစိုးတော့ “မော်ဒန်” “ခေတ်ပေါ်”ကဗျာဟာ မဂ္ဂဇင်းစာမျက်နှာတွေပေါ် ထင်ထင်ရှားရှားရောက်လာဖို့ အခွင့်အရေး ပြည့်ပြည့်၀၀ မရခဲ့ပါဘူး။ အစဉ်အလာ ကဗျာသမားတွေရဲ့ အကဲ့ရဲ့ ၊ အပုတ်ချခံရပါတယ်။ “မော်ဒန်”ဟာ ကဗျာမဟုတ်ဘူးလို့ န၀ခေတ်စမ်းကဗျာဆရာနှစ်ဦးက ကျွန်တော့်ကို ရန်ကုန်တက္ကသိုလ်၊ တောင်ငူဆောင်ကင်တီးန်၊ တောင်ပိန္နဲပင်အောက်မှာ အသေအချာ ပြောခဲ့ပါတယ်။ေ၉၈၆ လောက်ကလို့ ကျွန်တော်ထင်ပါတယ်။ အဲ့သလို အနေအထားကနေ “မော်ဒန်” “ခေတ်ပေါ်” ကဗျာဟာ ကဗျာစာရင်း ၀င်လာခဲ့ပါတယ်။ ကွယ်လွန်သူ ကဗျာဆရာ ဇောင်းထက် မကွယ်လွန်မီပြောခဲ့တာလည်းရှိပါတယ်။ “မော်ဒန်” “ခေတ်ပေါ်”ကဗျာကို သူတို့သိရှိတာ နောက်ကျတယ်တဲ့။ အဲ့ဒီတုန်းက “တိုက်ပုံဝတ်နှလုံးသား”နဲ့ “ငါ့ကို ဇန္န၀ါရီပြန်ပေး” ကဗျာဆရာတွေဟာလည်း အစဉ်အလာ ကဗျာဘောင်ထဲမှာပဲ ရှိခဲ့ကြပါသေးတယ်။ “လမ်းသရဲ” ကဗျာလို့ ခေါ်ဝေါ်ခဲ့ကြတဲ့ “မော်ဒန်” “ခေတ်ပေါ်” ကဗျာဘက် ရောက်မလာကြသေးပါဘူး။ အဲ့ဒီသမိုင်းကို ပြန်ဖော်ထုတ်ပြီး စေ့စေ့ငုငုရေးကြရင် ၂၀ရာစုနှောင်းပိုင်း မြန်မာကဗျာရှုခင်းဟာ မြူတွေကြားေ၀၀ါးနေမှာ မဟုတ်တော့ပါဘူး။ ပညာရပ်ပိုင်းလည်း ၀င်လာတော့ တက္ကသိုလ်ပညာရှင်တွေပါ ၀ိုင်းဝန်းပြုစုကြရင် အဆိုးတော့ ဖြစ်စရာအကြောင်း မရှိပါဘူး။
“ခေတ်ပေါ်” ကဗျာဟာ အဲ့ဒီလောကရဲ့ ပင်မရေးစီးဖြစ်တဲ့ အစဉ်အလာကဗျာကနေ ခွဲထွက်လာတာဖြစ်ပါတယ်။ သီးခြား ကဗျာအမျိုးအစားတစ်ရပ်အနေနဲ့ ထူထောင်လာတာဖြစ်ပါတယ်။ ဒီနေရာမှာ “ခေတ်ပေါ်”ကဗျာ အသုံးအနှုန်းမှာ ကျွန်တော် မျက်တောင်အဖွင့်သုံးထားတာ သတိပြုမိမှာပါ။ ကဗျာအမျိုးအစားတစ်ရပ်ရဲ့ အခေါ်အဖြစ် အသိအမှတ်ပြုတဲ့သဘောပါ။ “ခေတ်ပေါ်”ကဗျာဆိုတာ ဧကန်မုချရှိတယ်။ အဲ့ဒီကဗျာမျိုး ရေးသူတွေဟာလည်း သူတို့ကိုယ်သူတို့ “ခေတ်ပေါ်” ကဗျာဆရာတွေအဖြစ် ခေါ်ဝေါ်သတ်မှတ်ကြတယ်။ ကဗျာဆုပေးတဲ့ ကိစ္စတွေမှာလည်း “ခေတ်ပေါ်” ကဗျာဆုလို့ အမည်တပ်ပြီး ကဗျာတွေ ရွေးချယ်ဆုပေးကြပါတယ်။ ကဗျာဝေဖန်ရေးဆောင်းပါးတွေမှာလည်း “ခေတ်ပေါ်”ကဗျာဆိုပြီး အမည်တပ်ရေးကြပါတယ်။ “ခေတ်ပေါ်” ကဗျာရဲ့ စရိုက်လက္ခဏာတွေဟာ ဘာလဲဆိုရင် အစဉ်အလာကဗျာနဲ့ ကွဲပြားခြားနားမှုအစုအဝေးပဲ ဖြစ်ပါတယ်။ “ခေတ်ပေါ်” ကဗျာရဲ့ အများလက်ခံမှု အနေအထားကို ကြည့်ရင် ဆရာဝင်းငြိမ်းရဲ့ “ရွှေအမြူတေ”နှစ်စဉ်ကဗျာဆုဟာ “ခေတ်ပေါ်” ကဗျာဆရာတွေကို ပေးတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။
“ခေတ်ပေါ်”ကဗျာကို “ခေတ်ပြိုင်”ကဗျာ(မျက်တောင်အဖွင့်အပိတ်ကိုကျေးဇူးပြု၍ သတိပြုပါ)နဲ့ ဖလှယ်သုံးနေတာ ဖတ်ရ၊ ကြားရတော့ စူးစမ်းချင်စိတ်နဲ့ (ဂလို)အောင်ချိမ့်ကို အရပ်စကားသဘောမျိုးနဲ့ မေးလိုက်တော့ “အတူတူပါပဲ”လို့ ဖြေပါတယ်။ ဆရာဒဂုန်တာရာကလည်း “ခေတ်ပေါ်” နဲ့ “ခေတ်ပြိုင်”ကို အတူတူပဲလို့ ပြောခဲ့တာ ထပ်သိရပါတယ်။ ကာလတစ်ခုရဲ့ သဘောနဲ့ ပြောရင်တော့ ခေတ်ပေါ်(Modern)နဲ့ ခေတ်ပြိုင် (Contemporary) ဟာ အတူတူပါပဲ။ ကဗျာဗေဒနဲ့ ပြောရင်တော့ အဓိပ္ပာယ်တစ်မျိုးဆောင်မယ် ထင်ပါတယ်။ ဥရောပ modernism ဟာ contemporary-ism မဟုတ်ပါဘူး။ ဒါပေမယ့် “ခေတ်ပေါ်”ကဗျာဟာ ခေတ်ပြိုင်ကာလအကြောင်းတွေ ရေးတဲ့အတွက် “ခေတ်ပြိုင်”နဲ့အတူတူပဲလို့ ယူဆလို့ရပါတယ်။ ဒီနေ့ရေးနေကြတာတွေဟာလည်း ဒီနေ့ ၊ ဒီခေတ်သဘောနဲ့ဆိုရင် “ခေတ်ပေါ်”ကို “ခေတ်ပြိုင်” နဲ့ ဖလှယ်သုံးလို့ရပါတယ်။ အဲသလိုဆို “ခေတ်ပေါ်”နဲ့ “ခေတ်ပြိုင်”ဟာ အတူတူပါပဲလို့ ပြောလို့ရပါတယ်။ ဒါပေမယ့်၊ မေးခွန်းနှစ်ခု ထွက်လာပါတယ်။ ပထမမေးခွန်းက “ခေတ်ပေါ်” နဲ့ “ခေတ်ပြိုင်” ဟာ အတူတူပဲဆိုရင် ဘာဖြစ်လို့ “ခေတ်ပေါ်”ကဗျာလို့ခေါ်ခဲ့ပြီး “ခေတ်ပြိုင်”ကဗျာလို့ မခေါ်ခဲ့ကြတာလဲ။ ဒုတိယမေးခွန်းက “ခေတ်ပေါ်”ကဗျာဟာ လုပ်ယူခဲ့ရတဲ့ ကဗျာအမျိုးအစားပါ။ လုပ်ယူပြီးမှ ကဗျာဗေဒတစ်ခုအဖြစ် ထူထောင်တည်ဆောက်ခဲ့ကြတာပါ။ ဒါဆိုရင် “ခေတ်ပြိုင်”ကဗျာဟာလည်း ကဗျာဗေဒတစ်ခုလား။ “ခေတ်ပေါ်”ကဗျာဗေဒနဲ့ “ခေတ်ပြိုင်” ကဗျာဗေဒတွေဟာ အတူတူပဲလား။ ဒါဆိုရင် အခု “ခေတ်ပေါ်” ကဗျာဆရာတွေဟာ သူတို့ကိုယ်သူတို့ “ခေတ်ပြိုင်”ကဗျာဆရာတွေလို့ ပြောင်းခေါ်ကြမလား။ စဉ်းစားစရာပဲ။
(၂) “ခေတ်ပေါ်”ကဗျာနဲ့ “ခေတ်ပြိုင်”ကဗျာဟာ ကွဲပြားခြားနားတယ်
_________________________________________________________
မြန်မာကဗျာဖွံ့ဖြိုးရေးနဲ့ ဖြစ်ပေါ်တိုးတက်မှုဖြစ်စဉ်မှာ “ခေတ်ပေါ်”ကဗျာရဲ့ အရှိတရားဟာ ကဗျာအတွက် ကောာင်းမွန်တဲ့ တွန်းအားတွေပေးခဲ့တယ်ဆိုတာ ငြင်းလို့ မရပါဘူး။ အထက်မှာ ပြောခဲ့သလိုပါပဲ။ “ခေတ်ပေါ်”ကဗျာဟာ ကဗျာအမျိုးအစားတစ်ရပ်၊ ကဗျာဗေဒတစ်ရပ်အနေနဲ့ တည်ဆောက်ယူခဲ့ရတာပါ။ အကယ်၍ “ခေတ်ပေါ်” ကဗျာအသုံးအနှုန်းမှာ “ခေတ်ပေါ်”ရဲ့ မျက်တောင် အဖွင့်အပိတ်တွေ ဖြုတ်လိုက်ရင် “ခေတ်ပေါ်” ကဗျာဆိုတဲ့သဘောကို ရရှိမှာဖြစ်ပါတယ်။ အဲသလိုဆို၊ “ခေတ်ပေါ်”ကဗျာဆိုတဲ့ သီးခြားကဗျာ အမျိုးအစားထက် ခေတ်ပေါ် (၀ါ) ခေတ်ပြိုင်ကာလာထဲမှာ ရေးသားတဲ့ ခေတ်ပေါ်ကဗျာတွေလို့ အဓိပ္ပာယ်ကောက်ယူရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် “ခေတ်ပေါ်ကဗျာ”ထဲမှာ ခေတ်ပြိုင်ဖြစ်တဲ့ အစဉ်အလာ (ခေတ်စမ်း၊ န၀ခေတ်စမ်း)တို့လည်း ပါဝင်လာကြမှာ ဖြစ်ပါတယ်။ “ခေတ်ပေါ်ကဗျာ”ဟာ ဘာလဲလို့မေးရင် “ခေတ်ပေါ်”ကဗျာလည်းပါ၊ အစဉ်အလာကဗျာလည်းပါတော့ ဒါဟာ ဘာကဗျာအမျိုးအစားလဲဆိုတာ မေးရမှာပဲ ဖြစ်ပါတော့တယ်။ အကယ်၍ “ခေတ်ပေါ်ကဗျာ”ကို မျက်တောင်အဖွင့်အပိတ်ဖယ်လိုက်ရင် ခေတ်ပေါ်ကဗျာဆိုတာ ပိုပြီးလွင့်သွားပါတယ် -
အကယ်၍ “ခေတ်ပေါ်”ကဗျာဟာ သူ့သမိုင်းနဲ့သူ တည်ဆောက်လုပ်ယူရခဲ့ရတဲ့ ကဗျာအမျိုးအစားနဲ့ ကဗျာဗေဒဖြစ်ရင် (၀ါ) အစဉ်အလာကဗျာနဲ့ ကွဲပြားခြားနားရင်၊ “ခေတ်ပြိုင်”ကဗျာဟာလည်း သူ့ကဗျာ အမျိုးအစားနဲ့သူ ကဗျာဗေဒသပ်သပ် ဖြစ်ပါတယ်။ “ခေတ်ပေါ်” ကဗျာနဲ့ ကွဲပြားခြားနားအောင် တမင်လုပ်ယူ(ခွဲထွက်)တဲ့ ကဗျာအမျိုးအစား ဖြစ်ပါတယ်။ “ခေတ်ပေါ်”ကဗျာဟာ အစဉ်အလာကဗျာကနေ ခွဲထွက်သလို “ခေတ်ပြိုင်”ကဗျာဟာလည်း “ခေတ်ပေါ်”ကဗျာကနေ ခွဲထွက်တာပါပဲ။ ဒီသဘောမျိုးကို ငြိမ်းဝေရဲ့ဆောင်းပါးတွေမှာလည်း တွေ့ရပါတယ်။ “ခေတ်ပြိုင်”ကဗျာဆိုတာ သီးခြားရှိတယ်ပေါ့။ ကျွန်တော်ကိုယ်တိုင်လည်း “ခေတ်ပေါ်”ကဗျာရဲ့ “အခြား” ၊ “ခေတ်ပြိုင်” ကဗျာရဲ့သဘောတွေ ရေးခဲ့ဖူးပါတယ်။ “ခေတ်ပေါ်” ပင်မရေစီးထဲကနေ ခွဲထွက်တဲ့ ကဗျာအမျိုးအစား (စမ်းသပ်)တွေပေါ့။ ဒီသဘောတွေကိုချုပ်ရရင် “ခေတ်ပေါ်”ကဗျာနဲ့ “ခေတ်ပြိုင်”ကဗျာ ကွဲပြားခြားနားပါတယ်။ အဲ့ဒါနဲ့ လမ်းကြုံလို့ (ကို)ခင်အောင်အေးနဲ့ လှမ်း netလိုက်တော့ သူ့ဆီက ချက်ချင်းပဲ စကားထွက်လာပါတယ်။ “ခေတ်ပေါ်” ကဗျာနဲ့ “ခေတ်ပြိုင်”ကဗျာဟာ မတူဘူးတဲ့။ ဒါဆိုရင် “ခေတ်ပြိုင်”ကဗျာဆိုတာ ဘာလဲ။ “ခေတ်ပြိုင်”ကဗျာကို မျက်တောင် အဖွင့်အပိတ်တွေ ဖယ်လိုက်ရင် “ခေတ်ပြိုင်ကဗျာ”ဆိုတာ “ခေတ်မှာပေါ်လာသော အပြိုင်ကဗျာများ” ဆိုတဲ့ သဘောဆီ ရောက်မှာပါ။ ဒါဆိုရင် ခေတ်ပြိုင်ဆိုတဲ့ အသုံးအနှုန်းကို မျက်တောင် အဖွင့်အပိတ်နဲ့ အဓိပ္ပာယ်ကန့်သတ်မလား၊ မကန့်သတ်ဘူးလား။ မျက်တောင် အဖွင့်အပိတ်ရှိရင် အမည်နာမ ဝေါဟာရဖြစ်သွားမှာပါ။ မျက်တောင် အဖွင့်အပိတ်မရှိရင် ခေတ်ကာလ အတောအတွင်း ဘယ်ကဗျာ(ဗေဒ/အမျိုးအစား)မဆို အကျုံးဝင်ပါတယ်။ “ခေတ်ပေါ်”ကဗျာနဲ့ “ခေတ်ပြိုင်”ကဗျာ မတူကြဘူးဆိုရင် ကဗျာအမျိုးအစား(ဗေဒ)ရဲ့ ကွဲပြား ခြားနားမှုတွေဟာလည်း ရှိနေလို့ ဖြစ်မှာပေါ့။ ဒါပေမယ့်၊ “ခေတ်ပြိုင်”ကဗျာကို ကဗျာအမျိုးအစားတစ်ခုအဖြစ် သတ်မှတ်လိုက်မယ်ဆိုရင် ခေတ်ပြိုင်ကို မျက်တောင် အဖွင့်အပိတ်ထဲ ကွင်းခတ်လိုက်တာကော ဖြစ်မသွားနိုင်လား။ ဒါဆို “ခေတ်ပြိုင်”ဆိုတဲ့ အသုံးအနှုန်းဟာ ကျုံးသွင်းခံလိုက်ရသလိုများ ဖြစ်သွားမလား။ စကားလုံးကို ကျုံးသွင်းလို့ ရရင်ရမယ်။ Signifier ကိစ္စလေးပါ။ Signified ကတော့ လွတ်နေမှာပဲပေါ့။ အဲ့ဒီလွတ်နေတာကြီးကို ဘာနဲ့ နာမပညတ်ပြုမလဲ။ ဖြစ်နိုင်ခြေတွေကို ဖြစ်တည်ရှိခြင်းထဲကနေ ပယ်ထုတ်မလား။ “အချင်းချင်းပဲ၊ သူ့ဟာ ကိုယ်ဖတ်၊ ကိုယ့်ဟာသူဖတ်နဲ့ ဖွံ့ဖြိုးမလား” ။ “ခေတ်ပေါ်”ကဗျာအမျိုးအစားဟာ ခေတ်ပြိုင်ကာလကြီးထဲမှာ ကဗျာအမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ၂၁ရာစု ခေတ်ဦးကြီးထဲမှာ ကဗျာဆိုတာ “ခေတ်ပေါ်”ပဲလား။ အခြားကဗျာအမျိုးအစားတွေ ရှိခွင့်မရှိဘူးလား။ ဥပမာ၊ ကွန်ဆက်ပ်ခြူရလ်ကဗျာတွေ၊ Flast ကဗျာတွေ ၊ Language Dnnovative Poetry ကဗျာတွေ၊ Postခေတ်ပေါ်ကဗျာတွေ။ ခေတ်ပြိုင်ကဗျာဟာ pluratism ဗဟုသဘောဆောင်ဖို့အတွက် အပွင့်စနစ်နဲ့ထားမယ်ဆိုရင် ဘယ်လိုရှိမလဲ။ ဥပမာ၊ အင်တာနက်ကနေ PIW (Poetry International Web) ကို ဖွင့်ကြည့်လိုက်လို့ ခရိုအေးရှားကဗျာကိုဖတ်ပြီး “ကလစ်”လိုက်ရင် Contemporary Croatien Poetry ခေါင်းစဉ်နဲ့ ဖတ်လို့ရပါတယ်။ အဲဒီမှာတင်ထားတဲ့ ခရိုအေးရှား ကဗျာရေးသူတွေဟာ ၁၉၄၀ ကနေ ၁၉၈၀ ကျော်အထိ ရှိပါတယ်။ ဒါပေမယ့် အားလုံးဟာ ခေတ်ပြိုင် ခရိုအေးရှား ကဗျာသမားတွေပါပဲ။ တစ်ခတ်ထဲမှာပဲ အသက်အရွယ်၊ အယူဝါဒ၊ အတွေ့အကြုံ၊ အသိပညာ၊ စသည်တို့ကွဲပြားမှုအားဖြင့် ကဗျာတွေလည်း ကွဲပြားနေကြပါတယ်။ ဒါပေမယ့် Contemporary Croation Poetry ။ ခေတ်ပြိုင် ခရိုအေးရှား ကဗျာပါ။ ခရိုအေးရှား ခေတ်ပြိုင်ကဗျာ မဟုတ်ပါဘူး။ နာမ၀ိသေသနရဲ့ နေရာအထားအသိုဟာ ကွဲပြားတဲ့ အဓိပ္ပာယ်တွေပေးပါတယ်။ LP မဟုတ်ပါဘူး။ ဘာသာစကားသတိနဲ့ သိမှုပြုခြင်းပါ။
(၃) ကဗျာဟာကဗျာပဲ ၊ လေဘယ် တပ်စရာမလိုဘူး
___________________________________________
ဒါဟာ တတိယရှုထောင့်ပါ။ ကဗျာဟာကဗျာပဲ၊ ဘာလို့ ခေါင်းစဉ်တွေ တပ်နေလဲဆိုတဲ့ကိစ္စပါ။ ဟုတ်လည်း ဟုတ်ပါတယ်။ ဟုတ်လည်း မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ “ကဗျာ”လို့ပြောလိုက်ရင် ဘယ်လူ့အဖွဲ့အစည်း၊ ဘယ်ယဉ်ကျေးမှုမှာမဆို “ကဗျာ”ဆိုတာနဲ့ အနက်တွေဟာ နက်ပါတယ်။ အဲဒီမှာ ဘာသာပြန်ကဗျာကိစ္စကို အလျင်းသင့်လို့ ကျွန်တော်ပြောချင်ပါတယ်။ ဘယ်ကဗျာဘာသာပြန်ဆရာ မဆိုဟာ သူ့လက်ဝယ်ရောက်ရှိလာတဲ့ နိုင်ငံတကာကဗျာတွေကို ရွေးပြိး ဘာသာပြန်ကြတာ ဖြစ်ပါတယ်။ ဘယ်/ဘာပေါ်မူတည်ပြီး ဘာသာပြန်ကြသလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ ဆရာနိုးကို မေးရမလား။ မေးရင်ရော ဘယ်လိုအဖြေရရှိမလဲ။ ကဗျာဟာ ကဗျာပဲဆိုရင် “ကဗျာ”ဆိုတဲ့အရာမှာ သတ်မှတ်ထားတဲ့ လက္ခဏာတွေရှိမှာပေါ့။ အဲ့ဒီလက္ခာနဲ့ မကိုက်ညီရင် ကဗျာမဟုတ်ဘူးပေါ့။ “ကဗျာ”ဟာ သတ်မှတ်ချက်ပါပဲ။ “ခေတ်စမ်း” ၊ “တာရာ” ၊ “မိုးဝေး” ၊ “မော်ဒန်” ၊ “ခေတ်ပေါ်မဟုတ်သော” ။
အကယ်၍ ကဗျာဟာ လေဘယ်တပ်စရာမလိုဘူးဆိုရင် ဘာဖြစ်လို့ ကဗျာအမျိုးအစားတွေ ၊ ဘာဖြစ်လို့၊ “ခေတ်စမ်း” ၊ “မိုးဝေး” ၊ “မော်ဒန် / ခေတ်ပေါ်” လို့ ပြောနေကြတော့မှာလဲ။ ဘာဖြစ်လို့ အခု ခေတ်ပြိုင်မြန်မာကဗျာလောကမှာ LP တို့ ၊ နီယိုမော်ဒန်တို့ ၊ ကွန်ဆက်ခြူရယ်တို့၊ ပြောနေကြတာလဲ။ ဥပမာ၊ LP လို့ ပြောလိုက်ရင်ပဲ “ခေတ်ပေါ်”ရေစီးမှာ ရေစိမ်းဝင်သလို ၊ အဆိပ်ဝင်သလို ၊ မြန်မာပြည်အနှံ့သွားရောက်ပြီး တိုက်ခိုက်ရေးစည်းရုံးရသလို ၊ ကဗျာဟာ ကဗျာပဲလေ။ ဘာဖြစ်လို့ လေဘယ်တွေ တပ်နေသလဲ။ ကဗျာဟာ ကဗျာပဲလေ။ ဘာဖြစ်လို့ “ခေတ်စမ်း”တွေ ၊ “တာရာ”တွေ၊ “မိုးဝေး”တွေ၊ “မော်ဒန် / ခေတ်ပေါ်”တွေ ပြောနေကြတာလဲ။ ကဗျာဟာ ကဗျာပဲလေ။ “ခေတ်ပေါ်” ဖြစ်ဖြစ် ၊ LP ဖြစ်ဖြစ် ၊ အခြားဖြစ်ဖြစ်ပေါ့။ လေဘယ်တပ်တာဟာ အခုမှမဟုတ်ပါဘူး။ ဥရောပ modernism ကာတုန်းက “ငါတို့ဟာက - ism ၊ ညာ - ism” လို့ ဘာကြောင့် ပြောခဲ့ကြသလဲ။ အကယ်၍ “ကဗျာဟာ ကဗျာပဲဆိုရင်” ကဗျာဖြစ်ခွင့်အတွက် “မော်ဒန် ၊ ခေတ်ပေါ်” ဟာ အတိုက်အခိုက်နဲ့ ကြုံခဲ့မလား။
စဉ်းစားစရာတွေပါ။ ဒီအရပ်ဒေသရဲက ကဗျာရှုခင်းပေါ် ချစ်ခင်စွာနဲ့ ရေးတာပါ။ “ခေတ်ပေါ်” ကဗျာဟာ “ခေတ်ပြိုင်” ကဗျာနဲ့ အတူတူပဲလားဆိုတဲ့ မေးခွန်းကို ဘာသာစကားနဲ့ လှည့်လည်ကြည့်ရှုတဲ့ သဘောပါပဲ။ ကျန်တာကတော့ စာဖတ်သူရဲ့ ကိစ္စပါပဲ။ ခေတ်ပြိုင်မြန်မာကဗျာရဲ့ ရှေ့ရေးကိုတွေးရုံတင် မဟုတ်ပါဘူး။ လက်တွေ့လုပ်နေကြတယ်ဆိုတာ ဘယ်လိုခေါင်းစဉ် တပ်မရတော့အောင် ဖြစ်နေပါပြီ။ အဲ့ဒီတော့ ၊ “ခေတ်ပေါ်” ကဗျာဟာ “ခေတ်ပြိုင်”ကဗျာနဲ့ တစ်ထပ်တည်းလား။ ကျွန်တော်တို့ ကဗျာရေးသူ/ဖတ်သူ/ ချစ်သူတွေအတွက် ပွင့်လင်းမှုရဲ့လမ်းကြောင်းလား … ။
#ဇေယျာလင်း
၉ စက်တင်ဘာ ၂၀၀၉။
Comments
Post a Comment