#နီယိုမော်ဒန်ကဗျာ ၊ မြန်မာနိုင်ငံကထုတ်လုပ်တယ် (အောင်ရင်ငြိမ်း )
ကဗျာဆရာတွေနဲ့ အသိအမြင် အပြောင်းအလဲ
မြန်မာကဗျာဆရာတွေဟာ စစ်အာဏာရှင် အစိုးရ အုပ်စိုးမင်းမူနေတဲ့ အမှောင်ခေတ်ကာလအတွင်းမှာတောင် မြန်မာကဗျာယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်အောင် စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်နိုင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။
အမှောင်ခေတ်ကာလအတွင်း လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်အပါအ၀င် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေးအဆင့်အတန်းတွေ မှောင်မိုက်နိမ့်ကျခဲ့ပေမဲ့ ကဗျာဆရာတွေရဲ့ အနုပညာနဲ့ ခေတ်စနစ်အပေါ် အသိအမြင်တွေကို မျက်လုံးဖွင့်ထားနိုင်ခဲ့တာကြောင့် အစိုးရ အားပေးထောက်ခံတဲ့ ဆိုရှယ်လစ်သရုပ်မှန် စာပေအနုပညာ အယူအဆတွေနဲ့ စာပေစိစစ်ရေးရဲ့ ဆင်ဆာဖြတ်တောက်မှုတွေကို ဆန့်ကျင်တော်လှန်ပြီး ခေတ်ပေါ်ကဗျာယဉ်ကျေးမှုဟာ ပုံမှန် ရွေ့လျားစီးဆင်းနိုင်ခဲ့ပါတယ်။
အနုပညာလက်ရာတွေရဲ့ အပြင်ပန်း ပုံသဏ္ဍာန်နဲ့ အတွင်းသား အကြောင်းအရာကို နိုင်ငံရေးနဲ့ ခေတ်စနစ်ရဲ့ အရိပ်သြဇာ လွှမ်းမိုးသက်ရောက်ပြီး အဲဒါတွေက အနုပညာ လမ်းကြောင်း အပြောင်းအလဲကို ဆုံးဖြတ်ပြဌာန်းတယ်ဆိုတဲ့ အစဉ်အလာ တွေးခေါ်ယူဆခဲ့ကြတဲ့ အသိအမြင်တွေ ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ မြန်မာကဗျာဆရာတွေဟာ အဲဒီ အစဉ်အလာ အယူအဆကို ဆန့်ကျင်တော်လှန်နိုင်ခဲ့ကြပါတယ်။
စစ်အစိုးရက ၂၀၀၈ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြဌာန်းပြီး ၂၀၁၀ ပါတီစုံ ရွေးကောက်ပွဲနဲ့ နောက်ဆက်တွဲ နိုင်ငံရေး အပြောင်းအလဲတွေ မလုပ်ခင် ၂၀၀၅-၂၀၀၇ ၀န်းကျင်ကတည်းက မြန်မာကဗျာယဉ်ကျေးမှုဟာ ပင်မရေစီးေ ခတ်ပေါ်ကဗျာကို ဆန့်ကျင်ဖောက်ထွက်ပြီး အမေရိကန် ဘာသာစကား ကဗျာ၊ နီယိုမော်ဒန်၊ ကွန်ဆက်ခြူရယ်၊ စမ်းသပ်ကဗျာ၊ စကားပြေကဗျာ စသဖြင့် ကဗျာလမ်းကြောင်းသစ်တွေဆီ ဦးတည်ရွေ့လျားဖို့ ကဗျာအယူအဆရေးရာ အသိအမြင် အသစ်တွေ၊ ပဋိပက္ခ အသစ်တွေနဲ့ လှုပ်ရှား သက်ဝင်နေခဲ့ပါတယ်။
ခေတ်ပေါ်ကဗျာအလွန် ခေတ်ပြိုင် မြန်မာကဗျာယဉ်ကျေးမှုအသစ်ဟာ နိုင်ငံရေး အပြောင်းအလဲတွေရဲ့ သြဇာရိုက်ခတ်မှုကြောင့် အစဉ်အလာအတိုင်း ဖြစ်ပေါ်လာတာမျိုး မဟုတ်ဘဲ နိုင်ငံရေး အပြောင်းအလဲတွေထက် အချိန်ကာလ ( ၅) နှစ်လောက်စောပြီး ဖြစ်ပျက်ခဲ့တာပါ။ ကဗျာဆရာတွေ အနေနဲ့ ယဉ်ကျေးမှု အသစ်တစ်ခုဆီ ပြောင်းလဲရွေ့လျားဖို့ အတွက် အသိအမြင် နောက်ကျလေ့ မရှိ၊ အပြောင်းအလဲအတွက် လိုအပ်တဲ့ အသိအမြင်ကို စောစောစီးစီး ရလေ့ ရှိတယ်လို့ ဆိုနိုင်ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲ အလွန် ဒီမိုကရေစီ အရပ်သား အစိုးရ ပေါ်ထွက်လာပြီး မြန်မာနိုင်ငံရေး အခင်းအကျင်း ပွင့်လင်းလှုပ်ရှားလာတဲ့ အချိန်မှာတော့ ၂၀၀၇-၂၀၀၈ အတွင်းက ထိပ်တိုက်ပြသနာ ဖြစ်ခဲ့ကြတဲ့ အမေရိကန် ဘာသာစကားကဗျာနဲ့ နီယိုမော်ဒန် ကဗျာလှုပ်ရှားမှုတို့ရဲ့ ကဗျာအယူအဆရေးရာ ပြသနာတွေဟာ ပြန်လည်ငြိမ်သက်ပြီး သူ့လမ်းကြောင်းနဲ့ သူ၊ သူ့အုပ်စုနဲ့ သူ ကွင်္ဲပြားခြားနားစွာ သီးခြားရပ်တည်နိုင်တဲ့ အခြေအနေကို ရောက်ရှိနေခဲ့ကြပါပြီ။
ခေတ်ပြိုင် မြန်မာကဗျာများ
၂၀၁၂ အတွင်းမှာတော့ ခေတ်ပြိုင်မြန်မာကဗျာ ယဉ်ကျေးမှုရဲ့ ရှေ့တန်းမျက်နှာစာမှာ နေရာယူထားနိုင်တဲ့ ဘာသာစကားကဗျာ၊ နီယိုမော်ဒန်၊ ကွန်ဆက်ခြူရယ် ကဗျာအမျိုးအစားတွေ အပြင် အွန်လိုင်းက နောက်ဆုံးမျိုးဆက်သစ် လူငယ်ကဗျာဆရာတွေရဲ့ Flarf Poetry , Digital Poetry စတဲ့ နည်းပညာ အခြေခံ ကဗျာအမျိုးအစားသစ်တွေလည်း ပေါ်ထွက်လာတာ တွေ့ရပါတယ်။
အွန်လိုင်း PEN SKOOL အဖွဲ့က လူငယ်ကဗျာဆရာတွေ ရေးဖွဲ့ကြတဲ့ Flarf Poetry ကဗျာအကြောင်းတွေကို ဆရာသစ္စာနီနဲ့ ကိုဇေယျာလင်းတို့ မိတ်ဆက်ဆောင်းပါးတွေ ရေးခဲ့ကြပါတယ်။ Digital Poetry အကြောင်းကို တော့ အွန်လိုင်းကဗျာဆရာ ဟံလင်းက သူ့ facebook မှာ စာတမ်းငယ်တချို့ရေးပြီး မိတ်ဆက်ပေးခဲ့ပါတယ်။
၂၀၁၀ ခုနှစ်အလွန် ခေတ်ပြိုင် မြန်မာကဗျာ အခင်းအကျင်းမှာ " ခေတ်ပြိုင် ကဗျာ " ဆိုတဲ့ ဝေါဟာရနဲ့ ပတ်သက်ပြီး သဘောထားအမြင် ကွဲလွဲမှု တချို့ ရှိနေကြတာကိုလည်း တွေ့ရပါတယ်။
ကျွန်တော် အပါအ၀င် တချို့ကဗျာဆရာ တွေက " ခေတ်ပြိုင် ကဗျာ " ဆိုတဲ့ စကားရပ် နယ်ပယ်အတွင်းမှာ ခေတ်ပေါ်ကဗျာလွန် ကဗျာအမျိုးအစားသစ်တွေ ဖြစ်တဲ့
ဘာသာစကား ကဗျာ၊ နီယိုမော်ဒန်၊ ကွန်ဆက်ခြူရယ်၊ စမ်းသပ်ကဗျာ၊ စကားပြေကဗျာ၊ Flarf & Digital Poetry တွေ ပါဝင်တယ်လို့ ယူဆကြတယ်။ ခေတ်ပြိုင်ကဗျာဆိုတာ ဘာသာစကားကဗျာ၊ နီယိုမော်ဒန်၊ ကွန်ဆက်ခြူရယ် စသဖြင့်တို့လို သီးခြားကဗျာအမျိုးအစား တစ်ခု မဟုတ်ဘဲ ခေတ်ပေါ်ကဗျာလွန် ကဗျာအမျိုးအစားသစ်တွေကို ယေဘုယျသဘော ခြုံငုံခေါ်ဝေါ်တဲ့ ကဗျာပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခုလို့ပဲ သတ်မှတ်ကြပါတယ်။
တချို့ကဗျာဆရာတွေကတော့ " ခေတ်ပြိုင်ကဗျာ " ကို သီးခြားကဗျာအမျိုးအစားသစ် အဖြစ် ယူဆကြသလို ဘာသာစကားကဗျာ၊ ကွန်ဆက်ခြူရယ်နဲ့ အခြား ပို့စ်မော်ဒန် ခေါင်းစဉ်အောက်မှာ အကျုံးဝင်တဲ့ ကဗျာအမျိုးအစားတွေကသာ " ခေတ်ပြိုင် " ဖြစ်ပြီး တခြားကဗျာ ( အထူးသဖြင့် နီယိုမော်ဒန် ) တွေက " ခေတ်ပြိုင် " မဖြစ်ဘူးလို့ မျက်လုံးစုံမှိတ်၊ တစ်ဖက်စောင်းနင်း ငြင်းဆန်ကြပါတယ်။ ဒါပေမဲ့ အဲဒီ အယူအဆ ရှိသူ ကဗျာဆရာတွေက " ခေတ်ပြိုင် ကဗျာ " ဟာ ဘာသာစကားကဗျာ၊ နီယိုမော်ဒန်၊ ကွန်ဆက်ခြူရယ် စတဲ့ ကဗျာတွေနဲ့ ကွဲပြားခြားနားတဲ့ နောက်ခံအယူအဆရှိတဲ့ သီးခြားကဗျာအမျိုးအစားတစ်ခု ဖြစ်တယ်ဆိုတာကို ကဗျာနောက်ခံအယူအဆ၊ ကဗျာတက္ကနစ်နဲ့ သွင်ပြင်လက္ခဏာတွေ အရရော ကဗျာအနုပညာ အရပါ လက်တွေ့သက်သေ မပြနိုင်တဲ့ အပြင် နီယိုမော်ဒန်ဟာ ဘာကြောင့် ဘယ်လို " ခေတ်ပြိုင် " မဖြစ်ဘူးဆိုတာကို အချက်အလက် အခိုင်အလုံနဲ့ အကြောင်းအကျိုးပြ ဆန့်ကျင် ငြင်းဆန်နိုင်ခြင်း မရှိခဲ့ပါဘူး။
မြန်မာနိုင်ငံက နီယိုမော်ဒန်
နီယိုမော်ဒန် ကဗျာလမ်းကြောင်းဟာ ၂၀၀၆ ခုနှစ်အတွင်း ကျွန်တော်နဲ့ ရန်ကုန် အခြေစိုက် ကဗျာဆရာတချို့ ( ပိုင်၊ တိုးနှောင်မိုး၊ ၀ိုင်ချို၊ ကေမျိုးငြိမ်း၊ စိုးမင်းအောင်၊ ဘုန်းနေသွန်း စသဖြင့် ) ရဲ့ လက်ဖက်ရည်ဆိုင် စကားဝိုင်းတွေမှာ စတင် မြစ်ဖျားခံခဲ့ပြီး ၂၀၀၇ မတ်လ ၂၁ ရက် ကမ္ဘာ့ကဗျာနေ့မှာ " မြန်မာ ခေတ်ပေါ်ကဗျာသစ် ကြေညာစာတမ်း - ၂၀၀၇ " ဆိုပြီး တရားဝင် ထွက်ပေါ်လာခဲ့ပါတယ်။
အဲဒိ အချိန်တုန်းက နီယိုမော်ဒန်ဆိုတဲ့ ဝေါဟာရအပေါ် ပြသနာရှာခဲ့ကြသူတွေ ရှိသလို နီယိုမော်ဒန် ကြေညာစာတမ်းအပေါ် လက်ခံကြိုဆိုသူ၊ ဝေဖန်ကန့်ကွက်သူတွေလည်း ရှိခဲ့ကြပါတယ်။ ဆရာ သစ္စာနီနဲ့ ပျဉ်းမနား ကဗျာဆရာ အိုအောင်က " နီယိုမော်ဒန်နဲ့ ပို့စ်မော်ဒန်ဟာ အတူတူပါပဲ " လို့ ပြောဆိုခဲ့ကြဖူးပါတယ်။ ကျွန်တော်က သူတို့ အမြင်နဲ့ မတူဘဲ " နီယိုမော်ဒန်ကဗျာဟြာ မန်မာပင်မရေစီးခေတ်ပေါ်ကဗျာ၊ ပို့စ်မော်ဒန် မြန်မာကဗျာတွေနဲ့ အမေရိကန် ဘာသာစကားကဗျာ အယူအဆတွေကို ဆန့်ကျင်ငြင်းဆန်ရာက အသစ် ဖြစ်ပေါ်လာတဲ့ ကဗျာလမ်းကြောင်းသစ်တစ်ခု ဖြစ်တယ်လို့ ပြန်လည် ပြောဆိုခဲ့ဖူးပါတယ်။
နီယိုမော်ဒန် ဆိုတဲ့ ဝေါဟာရကို ကျွန်တော့် စိတ်ကူးနဲ့ ကျွန်တော် တွဲစပ်ပြီး ကိုယ်ပိုင် အဓိပ္ပာယ် ဖွင့်ဆိုချက်နဲ့ နီယိုမော်ဒန် ကြေညာစာတမ်းမှာ သုံးစွဲခဲ့တာပါ။ ကြေညာစာတမ်းထွက်ပြီး ၂၀၀၈ ခုနှစ်ထဲရောက်မှ ၁၉၉၁ ခုနှစ်ထုတ် ( ပင်လယ် ) စာပေ မဂဇင်းထဲက ဆရာ ဒဂုန်တာရာရဲ့ စာပေဆောင်းပါးတစ်ပုဒ်ထဲမှာ " နီယိုမော်ဒန် " ဆိုတဲ့ စကားလုံးကို ( အဓိပ္ပာယ် ဖွင့်ဆိုချက် မပါ၊ စကားလုံးသက်သက် ) သုံးစွဲခဲ့ဖူးတယ်ဆိုတာ ပြန် ရှာဖွေ ဖတ်ရှုမိလို့ သိခဲ့ရပါတယ်။ အဲဒီ တုန်းက ၂၀၀၇ နောက်ပိုင်း အမေရိကန် ဘာသာစကားကဗျာနဲ့ နီယိုမော်ဒန်ကဗျာ အယူအဆရေးရာတွေ ထိပ်တိုက် ပဋိပက္ခ ဖြစ်နေကြတဲ့ ကာလတွေအထိ အနောက်ဥရောပမှာ နီယိုမော်ဒန် အနုပညာ လှုပ်ရှားမှု ရှိတယ် ဆိုတာ ကျွန်တော် လုံးဝ ( လုံးဝ ) မသိခဲ့ဘူးလို့ ရိုးရိုးသားသား ၀န်ခံချင်ပါတယ်။
၂၀၁၀ ဇွန်လဆန်းမှာ ရန်ကုန်စာပေလောကကို ကျွန်တော် ဒုတိယအကြိမ် ပြန်ရောက်လာတော့ အင်တာနက်တွေ ဘာတွေ သုံးတတ်နေပါပြီ။
ကျွန်တော်နဲ့ ပုဂိုလ်ရေး နီးစပ်ခင်မင်တဲ့ လူငယ်ကဗျာဆရာမောနွေက နီယိုမော်ဒန်နဲ့ ကွန်ဆက်ခြူရယ် ကဗျာအယူအဆတွေကို စိတ်ဝင်စားလေ့လာနေတဲ့ လူငယ်တစ်ယောက်ပါ။ သူက အွန်လိုင်းကနေ နီယိုမော်ဒန်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ စူးစမ်း ရှာဖွေရင်း ကျွန်တော့် ကိုပါ စူးစမ်းရှာဖွေကြည့်ဖို့ တိုက်တွန်းလှုံ့ဆော်ပေးခဲ့ပါတယ်။ အဲဒီမှာ ပြင်သစ်နဲ့ အင်္ဂလန်က နီယိုမော်ဒန် လှုပ်ရှားမှုတွေကို ကျွန်တော် စတင် ထိတွေ့မိခဲ့ပါတယ်။
အနောက် ဥရောပက နီယိုမော်ဒန် လှုပ်ရှားမှု
Google Search Box ထဲမှာ Neomodern ဒါမှ မဟုတ် Neomodernism လို့ ရိုက်ထည့်ပြီး ရှာဖွေကြည့်ုလိုက်ရင် Neomodernism Manifesto( 2001) , Neomodern Artist Group, Neomodern Architecture စတဲ့ အကြောင်းအရာတွေကို တွေ့ရပါလိမ့်မယ်။ ဒါပေမဲ့ Neomodern Poetry ဒါမှမဟုတ် Neomodern Poets လို့ စာလုံးရိုက်ရှာရင်တော့ ဘာကိုမှ တွေ့ရမှာ မဟုတ်ပါဘူး။ ဆိုလိုတာက နီယိုမော်ဒန် ကဗျာဆိုတာ မြန်မာတစ်နိုင်ငံတည်းမှာပဲ ရှိပြီး အနောက်တိုင်း အနုပညာ ယဉ်ကျေးမှုနယ်ပယ်အတွင်းမှာ နီယိုမော်ဒန် ကဗျာလှုပ်ရှားမှု လုံးဝ မရှိဘူးလို့ ပြောချင်တာပါ။
Neomodern ဆိုတာ ပန်းချီ/ အနုပညာမှာ အသစ်ဖြစ်တဲ့ ရိုးရှင်းလွယ်ကူမှုကို ဖော်ပြဖို့နဲ့ ပို့စ်မော်ဒန် ဗိသုကာနဲ့ Electicism ( ရွေးချယ်မှုဝါဒလို့ပဲ အကြမ်းဖျဉ်းဘာသာပြန်ပါမယ် ) ရဲ့ ရှုပ်ထွေးေ၀၀ါးမှုကို ခြားနားတုံ့ပြန်ရာမှာ သုံးစွဲတဲ့ ဝေါဟာရ အသုံးအနှုန်း တစ်ခုပါ။ ခေတ်ပြိုင်ကာလကို ကိုယ်စားပြုဖို့လည်း နီယိုမော်ဒန် ဝေါဟာရကို အသုံးပြုပါတယ်။
Neomodernism ဆိုတဲ့ ဝေါဟာရကိုတော့ မော်ဒန်ဝါဒမှာ အခြေခံထားတဲ့ အတွေးအခေါ်၊ အယူအဆသစ်တွေကို ဖော်ပြဖို့ တစ်ခါတလေ သုံးစွဲတတ်ပါတယ်။ ဒါပေမဲ့ ပို့စ်မော်ဒန်က မော်ဒန်ကို ဝေဖန်တဲ့ ဝေဖန်ချက်တွေကို ဆင်ခြင်သုံးသပ်တဲ့ နေရာမှာတော့ အဲ ဒီဝေါဟာရကို မသုံးပါဘူး။
Neomodernism ဟာ Agnes Heller နဲ့ Carlos Escude တို့ရဲ့ အယူအဆ/ လက်ရာတွေနဲ့ ဆက်နွှယ်နေပြီး ပို့စ်မော်ဒန် အတွေးအခေါ်တွေကို ပြစ်တင်ဝေဖန်တဲ့ Habermas ရဲ့ ဝေဖန်ရေး အနုပညာတွေမှာ အခိုင်အမာ အခြေပြုထားပါတယ်။ Habermas အဓိက ဝေဖန်တာက " Universalism နဲ့ ဝေဖန်ရေး အတွေးအမြင်တွေဟာ လူ့အခွင့်အရေးရဲ့ မရှိမဖြစ် အခြေခံအချက် နှစ်ချက် ဖြစ်တယ်၊ လူ့ အခွင့်အရေးဟာ တချို့ ယဉ်ကျေးမှုတွေက တခြားယဉ်ကျေးမှုတွေထက် သာလွန်မြင့်မြတ်တယ်ဆိုတဲ့ အမြင်ကို ဖြစ်စေတယ်၊ ဆိုလိုတာက တန်းတူ ညီမျှမှု ( Equality ) နဲ့ နှိုင်းရ၀ါဒ ( Relativism ) တို့ဟာ အပြန်အလှန် ဆန့်ကျင်နေတယ် " ဆိုတဲ့ ပို့စ်မော်ဒန် အမြင်တွေကိုပါ။
Agnes Heller ကတော့ မော်ဒန်ဝါဒအပေါ် ပို့စ်မော်ဒန်ဝါဒရဲ့ ဝေဖန်ရေး အမြင်တချို့ကို လက်ခံပါတယ်။ အထူးသဖြင့် " မော်ဒန်ဝါဒဟာ သြဇာလွှမ်းမိုးကြီးစိုးတဲ့ အုပ်စုတွေရဲ့ ကမ္ဘာ့အမြင်ကို ယေဘုယျ အမှန်တရား အဆင့်မျိုး ရောက်အောင် မြှင့်တင်ပေးတယ်၊ မော်ဒန်ဝါဒဟာ အမျိုးသမီးတွေနဲ့ လူနည်းစု တိုင်းရင်းသားလို Subaltern အုပ်စုဝင်တွေရဲ့ အမြင်တွေကို ဖော်ပြဖို့ ပျက်ကွက်ခဲ့တယ် " ဆိုတဲ့ ပို့စ်မော်ဒန် ဝေဖန်ရေး အမြင်ကို သူမက လက်ခံပါတယ်။
ဒါပေမဲ့ Agnes Heller ရဲ့ အမြင်အရ နီယိုမော်ဒန်ဝါဒဟာ ပို့စ်မော်ဒန် ၀ါဒကို တချို့ အကြောင်းအရာတွေမှာ ဆန့်ကျင် ငြင်းပယ်ခဲ့ပါတယ်။
အဲဒါတွေကတော့ - လူသားကမ္ဘာအတွက် အသုံးကျတဲ့ အသိပညာ ဗဟုသုတတွေ ဖြစ်စေတဲ့ သိပ္ပံပညာရဲ့ စွမ်းဆောင်နိုင်ရည်တွေကို " သိပ္ပံနည်းကျ ၀ါဒ" အဖြစ် လက်မခံနိုင်ဘူး၊ လူထုဆက်သွယ်ရေး မီဒီယာတွေက လူမှု အကြောင်းခြင်းရာတွေ ဘာကြောင့် ဘယ်လို ဖြစ်ပျက်နေကြတာလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဘယ်လို ရှင်းလင်းချက်မျိုးမှ မပေးနိုင်ဘူး၊ အချိန်နဲ့ နေရာဒေသတွေကို ကျော်လွန် ဖြစ်ပျက်နေတဲ့ Patterns တွေကို အမှန်အတိုင်း လက်ခံဖို့ မဖြစ်နိုင်ဘူး ဆိုတဲ့ အကြောင်းအရာတွေမှာ ငြင်းဆန်တာပါ။
( အထက်ပါ ၀ါကျမှာ ဘာသာပြန် အားနည်းချက် ရှိနိုင်ပါတယ်။ အင်္ဂလိပ်ဘာသာစကား မကျွမ်းကျင်မူကို နားလည်ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်)
၁၉၈၂ ခုနှစ်မှာ Victor Grauer ဆိုတဲ့ ပုဂိုလ်က အသစ်ဖြစ်ခြင်းပေါ်ပြူလာ ယဉ်ကျေးမှု ဖက်ရှင်တွေကို ဝေဖန်တိုက်ခိုက်ခဲ့ပြီး ဗဟုဝါဒထက် ပို နှစ်သက်လက်ခံချင်စရာ ကောင်းတဲ့၊ လေးနက်ခမ်းနားတဲ့ အသေးစိတ် အချက်အလက်တွေ အပေါ်မှာ အခြေခံထားတဲ့ နီယိုမော်ဒန် လှုပ်ရှားမှုတစ်ခု ပေါ်ထွက်လာခဲ့ပြီလို့ အဆိုပြုခဲ့ပါတယ်။ ဒါ့ အပြင် ပို့စ်မော်ဒန်ဟာ မော်ဒန်ဝါဒအပေါ် အဖျက်သဘော တိုက်ခိုက်မှု သက်သက်ဖြစ်ပြီး ပို့စ်မော်ဒန်မှာ မော်ဒန်နဲ့ ကွဲပြားခြားနားတဲ့ အနာဂတ် မရှိ၊ မော်ဒန်အတွေးအခေါ် ပညာရှင် အများစု ကိုင်စွဲထားတဲ့ အမြင်တွေပဲ ဖြစ်တယ်လို့  V.G က ငြင်းခုံပြောဆိုခဲ့ပါတယ်။
နီယိုမော်ဒန် ဗိသုကာက ၂၀ ရာစုနဲ့ ၂၁ ရာစုတွေအတွင်း အထူးသဖြင့် ကော်ပိုရေးရှင်း အဆောက်အအုံပုံစံတွေမှာ သြဇာလွှမ်းမိုးခဲ့တဲ့ မော်ဒန်ဗိသုကာပုံစံကို ဆက်ခံချဲ့ထွင်ပါတယ်။ အဆောက်အအုံတွေရဲ့ သီးခြား အစိတ်အပိုင်းတွေအတွက် နီယိုမော်ဒန် နည်းစနစ်နဲ့ ဗိသုကာပုံစံတွေကို အသုံးပြုလေ့ ရှိပါတယ်။ အိမ်ရာ အဆောက်အအုံပုံစံတွေမှာလည်း Neo- historical နဲ့ Neo- electic ဟန်တွေ ပါဝင်လေ့ ရှိပါတယ်။
နီယိုမော်ဒန် ပန်းချီအုပ်စုကိုတော့ ပြင်သစ်မှာ အခြေစိုက်တဲ့ အင်္ဂလိပ် ခေတ်ပြိုင် ပန်းချီဆရာ နိုင်ငံတကာ Stuckism အဖွဲ့ဝင် Guy Denning ဦးဆောင်ပြီး ၁၉၉၇ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။ ကွဲပြားခြားနားတဲ့ ခေတ်ပြိုင်ပန်းချီ အမျိုးမျိုးဟာ ပန်းချီကျောင်း/ အဖွဲ့အစည်းတွေက အားပေးလက်ခံတဲ့ အနေအထားကြောင့် အသက်ရှူမွန်းကျပ်နေတယ်လို့ သူတို့ရဲ့ ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။ နီယိုမော်ဒန် ပန်းချီအုပ်စုမှာ သာမန်အစဉ်အလာရေးဟန်၊ လူသိများတဲ့ ရေးဟန်တွေနဲ့ မီဒီယမ်တွေ မပါရှိပါဘူး။ ဒါပေမဲ့ သူတို့က ရုပ်ပုံပန်းချီ ဆွဲတဲ့ ဘက်ကိုတော့ အလေးပေး ဘက်လိုက်မှု ရှိပါတယ်။
Guy Denning ဦးဆောင်တဲ့ နီယိုမော်ဒန် အုပ်စုမှာ Juno Doran, Antony Micallef, Ian Francis, Motorboy, Maya Kulenovic, Fran Williams , Ghislaine Howard နဲ့ Mark Demsteader တို့ ပါဝင်ကြပါတယ်။
သူတို့အုပ်စုက " အနုပညာ သေပြီ- ကြာရှည် ရှင်သန်တဲ့ အနုပညာ ၊ ပို့စ်မော်ဒန်ဝါဒ သေပြီ- ကြာရှည် ရှင်သန်တဲ့ နီယိုမော်ဒန် ၀ါဒ " ( Art is Dead- Long Live Art, Postmodernism is Dead- Long Live Neomodernism " လို့ ကြွေးကြော်ခဲ့ကြပါတယ်။
နီယိုမော်ဒန်ဝါဒ ကြေညာစာတမ်းကို ၂၀၀၁ ခုနှစ်မှာ အင်္ဂလန် ပန်းချီဆရာ Armando Alemdar Ara နဲ့ Andre Durand တို့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ( အင်္ဂလန် ပန်းချီဆရာတွေရဲ့ Neomodernism Manifesto ( 2001) မှာ နီယိုမော်ဒန် ပန်းချီရဲ့ အဓိကလက္ခဏာ ( ၁၇) ချက် ပါဝင်ပါတယ်။ နောင် အလျဉ်းသင့်တဲ့အခါ ဖော်ပြပေးပါ့မယ်။)
A.A.A နဲ့ A.D တို့ရဲ့ အယူအဆအရ Neomodernism ဆိုတာ ပန်းချီအနုပညာမှာ စိတ်ပိုင်းဆိုင်ရာ အတွေး/ ခံစားမှုနဲ့ ရသတန်ဖိုးတွေ ပါဝင်တာကို ထောက်ခံတဲ့ အနုပညာလှုပ်ရှားမှုတစ်ခုပါ။ သူတို့ အယူအဆနဲ့ ကျွန်တော်တို့ဆီက နီယိုမော်ဒန် ကဗျာမှာ ကဗျာဆရာရဲ့ တစ်သီးပုဂလအာရုံခံစားမှုတွေကို ( L.P နဲ့ Conceptual Artist တွေလို လုံးဝမျက်ကွယ်ပြု ဆန့်ကျင်တာမျိုး မဟုတ်ဘဲ ) အထိုက်အလျောက်လျှော့ချ၊ အတိုင်းအတာ တစ်ခုအထိ လက်ခံ၊ အခြားသူတွေရဲ့ အမြင်နဲ့ ခေတ်ပြိုင် အကြောင်းခြင်းရာတွေအပေါ် အမြင်တွေ ရောနှော၊ ကဗျာရသအလှဓာတ်နဲ့ အနုပညာမြောက်မှုတွေကို ဂရုစိုက်တန်ဖိုးထားတဲ့ အချက်တွေနဲ့ တိုက်ဆိုင်ညီညွတ်မှု ရှိတယ်လို့ ပြောလို့ ရနိုင်ပါတယ်။
တစ်ခု ကွဲပြားခြားနားတာက သူတို့ဆီမှာ နီယိုမော်ဒန်နဲ့ ပတ်သက်ပြီး အတွေးအခေါ်၊ ရုပ်ရှင်၊ ပန်းချီ၊ ဗိသုကာ ပညာရပ်တွေ သီးခြား ရှိပေမဲ့ နီယိုမော်ဒန်ကဗျာဆိုပြီး သီးခြား မရှိတာပါပဲ။ ကျွန်တော်တို့ဆီမှာ ကျတော့ ရုပ်ရှင်၊ ပန်းချီ၊ ဗိသုကာ၊ စကားပြေ ပညာရပ်တွေမှာ နီယိုမော်ဒန်ရယ်လို့ သီးခြား မရှိဘဲ ခေတ်ပြိုင်ကဗျာယဉ်ကျေးမှု နယ်ပယ်အတွင်းမှာသာ နီယိုမော်ဒန် ကဗျာလှုပ်ရှားမှုဆိုပြီး ခွဲထွက် ဖြစ်ပေါ်နေခဲ့တာပါ။ နီယိုမော်ဒန်ကဗျာဟာ တစ်ကမ္ဘာလုံးမှာ ဘယ်နိုင်ငံမှာမှ မရှိဘဲ မြန်မာနိုင်ငံမှာ စတင်ဖြစ်ထွန်းတဲ့ ကဗျာယဉ်ကျေးမှု အသစ်/ လမ်းကြောင်းသစ်တစ်ခုလို့ ယူဆနိုင်ပါတယ်။
နီယိုမော်ဒန်ကဗျာ- မြန်မာနိုင်ငံက ထုတ်လုပ်တယ်
ပြင်သစ်၊ အင်္ဂလန် စတဲ့ အနောက်ဥရောပနိုင်ငံတွေမှာ ပို့စ်မော်ဒန်ကို ဆန့်ကျင်တဲ့ နီယိုမော်ဒန်အတွေးအခေါ်နဲ့ အနုပညာတွေ ပေါ်ထွက်နေတဲ့ ခေတ်ပြိုင်ကာလအတွင်းမှာပဲ မြန်မာနိုင်ငံရဲ့ ပင်မရေစီး ခေတ်ပေါ်ကဗျာ၊ အနောက်က ပုံတူကူးထားတဲ့ ပထမမမျိုးဆက် ပို့စ်မော်ဒန် အတွေးအခေါ်/ အနုပညာလက်ရာတွေနဲ့ ဆန့်ကျင်ကွဲလွဲတဲ့ နီယိုမော်ဒန် ကဗျာလှုပ်ရှားမှု ပေါ်ထွက်လာခဲ့တာ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ နီယိုမော်ဒန်ဆိုင်ရာ အနုပညာလှုပ်ရှားမှုတွေသူတို့ဆီမှာ ဖြစ်နေတာနဲ့ ကျွန်တော်တို့ဆီမှာ ( ၆ ) နှစ်လောက် နောက်ကျပြီး ဖြစ်နေတာဟာ ကြုံကြိုက်တိုက်ဆိုင်မှု သက်သက်ပဲ ဖြစ်ပါတယ်။
နီယိုမော်ဒန်ကဗျာကို မြန်မာနိုင်ငံက စတင် ထုတ်လုပ်တယ်။
နီယိုမော်ဒန်ကဗျာဟာ အနောက်တိုင်းက ပုံတူကူးယူတင်သွင်းလာတဲ့ အနုပညာဆိုင်ရာ အသိဥာဏ်ပစ္စည်းတစ်ခု မဟုတ်ပါဘူး။
ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ အတွေးအခေါ်၊ စိတ်ပညာ၊ ဘာသာရေး၊ နိုင်ငံရေးစနစ်၊ ကဗျာအနုပညာ အရာရာမှာ တခြားနိုင်ငံတွေဆီက အယူအဆ အသိအမြင်တွေကို အခြေခံ မှီငြမ်းဆင့်ပွားပြီး ခေတ်အဆက်ဆက် လေ့လာသင်ယူခဲ့ကြရတယ်။
နီယိုမော်ဒန် ကဗျာနဲ့ ပတ်သက်ရင်တော့ နိုင်ငံတကာက လူတွေ ကျွန်တော်တို့ဆီကနေ ပြန်လည် လေ့လာ သင်ယူရလိမ့်မယ်လို့ ပြောချင်ပါတယ်။
#အောင်ရင်ငြိမ်း
13th Dec' 2012
Comments
Post a Comment