သီအိုရီဆိုတာ​ကြောက်​စရာလား

သီအိုရီဆိုတာ ကြောက်စရာလား

Replies: 0
By: နေ အ ဝေး




ကဗျာနဲ့သီအိုရီတွဲပြောရင်ဒီက ကဗျာဆရာလို့ကိုယ့်ကိုကိုယ်ခံယူထားကြတဲ့သူတော်တော်များများ စိတ်လက်မအီမသာဖြစ်ရပါ တယ်။ ရွံ့ကြောက်ကနေ ရွံမုန်းအထိဖြစ်တတ်ကြပါတယ်။ အင်တာဗျူးတွေ ၊ စကားဝိုင်းတွေမှာ `ငါဒီလိုမေးရင်မင်းတို့ဒီလိုဖြေ´ ဆိုတဲ့ ကြိုတင် ဇာတ်တိုက် `သီအိုရီအပုပ်ချပွဲ´ လေးတွေကျင်းပကြတာလည်း ကြားရ ၊ ဖတ်ရပါတယ်။ ကျွန်တော်တို့အရပ်မှာ ကဗျာဆိုင်ရာ သိမှုအရွေ့ တစ်ခုရဲ့ ပုံမှန်အကျိုးဆက်တွေလို့ပဲသဘောထားလိုက်ပါတယ်။
`သီအိုရီ´ ဆိုတဲ့အဘိဓာန်ဖွင့်ဆိုချက်တွေကြည့်လိုက်ရင် ကျောင်းသားသုံး အင်္ဂလိပ် – အင်္ဂလိပ်/မြန်မာအဘိဓာန် ၊ စာမျက်နှာ 1391 မှာ ဒီလိုတွေ့ရှိရပါတယ်။ 2. the main principles and ideas in an art, science etc. as opposed to the practice of actually doing it: `အနုပညာ၊ သိပ္ပံပညာစသည်တို့တွင် ပဓါနကျသည့်စည်းမျဉ်းများ ၊ မူများ ၊ သဘောတရားများ´။ Webster’s New World Dictionary ၊ စာမျက်နှာ 1387 မှာ ပါရှိတာကတော့ 5. that branch of an art or science consisting in a knowledge of its principles and methods rather than its practice လို့တွေ့ရပါတယ်။ အင်္ဂလိပ် – အင်္ဂလိပ်/မြန်မာအဘိဓာန်ဖွင့်ဆိုချက်နဲ့ ကွဲတာ ကတော့ Knowledge (သိခြင်း ၊ အသိ ၊ အသိပညာ ၊ ပညာ ၊ ဗဟုသုတ) နဲ့ methods (နည်းလမ်း ၊ နည်း ၊ စနစ်) ဆိုတဲ့ စကားလုံးနှစ် လုံးထည့်သွင်းပါရှိတာတွေ့ရပါတယ်။ အဲဒီတော့ ၊ `သီအိုရီ´ လို့ပြောလိုက်ရင်သိပ္ပံပညာမှာသုံးတဲ့ `သီအိုရီ´ ရှိသလိုကဗျာအနုပညာမှာ သုံးတဲ့ `သီအိုရီ´ ဆိုတာလည်းရှိပါတယ်။ ကဗျာအနုပညာနဲ့ပတ်သက်လို့ `သီအိုရီ´ဆိုတာဟာ ကဗျာအမျိုးအစားတစ်ခုရဲ့ ပဓါနကျ သည့်စည်းမျဉ်းများ ၊ မူများ ၊ သဘောတရားများ ၊ သိမှု ၊ အသိပညာ ၊ ဗဟုသုတနဲ့ နည်းလမ်း ၊ နည်း ၊ စနစ်တို့ရဲ့စုပေါင်းအဓိပ္ပါယ်ဖြစ်ပါ တယ်။ ချုပ်ပြောရရင်တော့ ကဗျာသဘောတရားနဲ့ လက်တွေ့ (၀ါ) ကဗျာဗေဒဖြစ်ပါတယ်။
စာပေအနုပညာမှာ `သီအိုရီ´လို့ ချုံပြောပေမယ့် နောက်ခံ သီအိုရီတွေ ၊ အသိတွေ ၊ အယူအဆတွေ ၊ သဘောတရားတွေစု ပေါင်းပါဝင်နေကြတာတွေ့ရပါတယ်။ Literary Theory ဆိုတဲ့ `စာပေသီအိုရီ´မှာကိုပဲ New Criticism ၊ Formalism ၊ Russian Formalism ၊ Structuralism ၊ Post-Structuralism ၊ Marxism ၊ Feminism ၊ Post-colonialism ၊ Deconstruction ၊ Reader-responce criticism ၊ Psychoanalytic criticism စတဲ့သီးခြားသီအိုရီ/အယူအဆ/သဘောတရားတွေ အကျုံးဝင်နေပါတယ်။ တစ်ဖန် ၊ Post-Structuralism မှာ ဆိုရင် ဒယ်ရီဒါ ၊ ဖူးကိုး ၊ ခရစ္စတီဗာ ၊ လာကောန် ၊ ဒီလူဇ် နဲ့ ဂေါ့တာရီတို့ရဲ့ အယူအဆတွေရှိနေပြန်ပါတယ်။ Contemporary Literary Theory အကြောင်းပြောရင် မလွဲမသွေထည့်ပြောရမယ့် ကိစ္စတွေက `အဓိပ္ပါယ် ရဲ့ အဓိပ္ပါယ်´ ၊ `ပဋိလူသားဝါဒ´ ၊ `သစ္စာ/အမှန်တရားရဲ့ သမုတိသဘော´ ၊ `လူနဲ့လူ့လောကအဆောက်အအုံထဲပါဝင်ချယ်လှယ်ပြဌာန်းတဲ့ ဘာသာ စကားရဲ့သဘော´ ၊ `text/စာသား´ ၊`interextuality/ စာသားများအပြန်အလှန်ဆက်နွယ်မှု´ ၊ `ယဉ်ကျေးမှုဖြစ်စဉ်´ ၊ `စိတ်ဖြစ်စဉ်´ ၊ `လူမှုလက်တွေ့နဲ့ဖြစ်စဉ်´ စတဲ့ နွယ်ယှက်မှုတွေဖြစ်ပါတယ်။
အွန်လိုင်းမှာတက်ပြီး Poetry နဲ့ Theory ကိုတွဲရိုက်ထည့်လိုက်ရင်ကျလာတဲ့ website တွေ webpage တွေ blog တွေဟာ အများကြီးပါပဲ။ Theory of Poetry ဆိုတဲ့ `ကဗျာသီအိုရီ´ကအစ Theory into Poetry ၊ Poetry in Theory ၊ The Theory and Techniques of Surrealist Poetry ၊ ……စတဲ့ ၊ စတဲ့ကဗျာနဲ့ သီအိုရီဆက်နွယ်မှုအကြောင်းတွေ ဖတ်ပါလေ့။ Theory of Poetry ဆိုတဲ့ ကဗျာဖြစ်နိုင်ချေအယူအဆက အစ ကဗျာဗေဒတစ်ခုခု (ဥပမာ ၊ LANGUAGE POETRY) နဲ့အကျုံးဝင်တဲ့နောက်ခံသဘောတရားတွေကို စုံစုံလင်လင်ဖတ်ရှုလို့ရပါတယ်။ Theory ဆိုတဲ့စကားလုံးကို Philosophy နဲ့လည်း ယှဉ်တွဲသုံးတတ်ကြတာကိုပါတွေ့မြင်နိုင်ပါတယ်။ သိမှု အစုအဝေးပါပဲ။
nolvadex online buy-buy cheap nolvadex-online nolvadex buy
ကျွန်တော်တို့ဆီမှာ ကျွန်တော်တို့ပေါ်အနီးကပ်ဆုံးလွှမ်းမိုးဖိစီးတဲ့ ခေတ်ပေါ်ကဗျာကိုပဲကြည့်ကြပါစို့။ ခေတ်ပေါ်ကဗျာဆရာ တော်တော်များများပြောတတ်ကြတာကတော့ ကဗျာဆိုတာခံစားမှုအနုပညာဖြစ်တယ်။ ခံစားမှုပဲလိုတယ်။ ခံစားမှုစစ်မှန်ဖို့ပဲလိုတယ်။ လွတ်လွတ်လပ်လပ်ရေးဖို့ပဲလိုတယ်။ ဘာသိမှု တတ်မှုမှမလိုဘူး။ သီအိုရီဆိုတာ ကဗျာရဲ့ရန်သူပဲ။ သီအိုရီဟာ ကဗျာကိုဖျက်ဆီးတယ်။ … စသည်ဖြင့်။ စဉ်းစားကြည့်ရင်ဒီစကားတွေဟာလည်း ခေတ်ပေါ်ကဗျာဆိုင်ရာခံယူချက် (အချို့)ဖြစ်ပါတယ်။ ဒီခံယူချက်တွေဟာ ခံစား မှုကလာသလား ၊ သိမှု (တည်ဆောက်မှု)က လာသလားဆိုတာ စဉ်းစားကြည့်ရင်သိနိုင်ပါတယ်။ တစ်နည်းပြောရရင် ဒီစကား တွေဟာ ခေတ်ပေါ်ကဗျာဆိုင်ရာ နောက်ခံသိမှုအချို့ဖြစ်ပါတယ်။ ဒီနောက်ခံသိမှုတွေကို အကြမ်းဖျဉ်းတောင်မသိပဲ ခေတ်ပေါ်ကဗျာဘယ်လိုရေး မလဲ။ ပုံတူကူးရေးရင်တောင်မှ အကြောင်းအရာရွေးချယ်ပုံ ၊ ပန္နက်ချပုံ ၊ ဗဟိုချက်ယူပုံ ၊ လိုင်းစီပုံ ၊ စကားလုံးရွေးပုံ ၊ နိမိတ်ပုံ/သင်္ကေတ တွေသုံးစွဲပုံ ၊ ပိတ်ပုံ ၊ စတာ တွေကို ဆင်ခြင်ကောက်နှုတ်သင်ယူလေ့ကျင့်တည်ဆောက်ယူရတဲ့ သိမှုကိစ္စတွေဖြစ်ပါတယ်။ ခေတ်ပေါ် ကဗျာရေးဖို့ ဘာမှသိစရာမလို ဘူးဆိုတာဟာ ခေတ်ပေါ်ကဗျာရဲ့ ဂုဏ်အင်္ဂါတွေနဲ့ အတူကဗျာရေးခြင်းအလုပ်ကိစ္စကိုပါ မထီမဲ့မြင်ပြောရာ ဆိုရာရောက်ပါတယ်။
ခေတ်ပေါ်ကဗျာနဲ့ပတ်သက်လို့ ကျွန်တော့်အမြင်/အယူအဆ/တွေးဆဆင်ခြင်မှုကို စမ်းတင်ပြကြည့်ချင်ပါတယ်။ ခေတ်ပေါ် ကဗျာရဲ့ သမိုင်းအစနဲ့ တစ်ရွေ့ရွေ့ဖြစ်ပေါ်တိုးတက်မှုမှာ အယူအဆ/သဘောတရား/ သီအိုရီနှစ်ခုတွေ့ရှိရပါတယ်။ Realism နဲ့ Romanticism ၊ သရုပ်မှန်ဝါဒနဲ့ ရောမန္တိက၀ါဒတို့ဖြစ်ကြပါတယ်။ ခေတ်ပေါ်ကဗျာအစမှာ တစ်ဘက်မှာ စာပေသစ်ရဲ့ ဩဇာ ၊ `တော်လှန် ကဗျာ´ ၊ `မိုးဝေကဗျာ´ တို့ရဲ့ဩဇာ ၊ လက်ဝဲနိုင်ငံရေးသဘောတရား ၊`နိုင်ငံတကာကဗျာဝါဒ´ တို့ရှိကြသလိုအခြားတစ်ဘက်မှာ `မော်ဒန်´ လို့စတင်ခေါ်ဝေါ်ခဲ့ကြတဲ့ ရောမန္တိကအရောင်အသွေးတွေတွေ့ရပါတယ်။ လက်ဝဲအယူအဆမှာ Realism ရဲ့ပကတိအရှိ တရားကို ထင်ဟပ်ဖို့ ၊ လူမှုစီးပွားရေးဘ၀ထဲက အဖိနှိပ်ခံ/နင်းပြား/အောက်ခြေလူတန်းစားရဲ့ နေ့စဉ်စားဝတ်နေရေးဘ၀ကို ထင်ဟပ်ဖို့ ၊ `ပြည်သူ့ဘ၀´ ကိုထင်ဟပ်ဖို့ ၊ လက်ဝဲဒီမိုကရေစီနိုင်ငံရေးစနစ်ဆီဦးတည်ဖို့ ၊ ကဗျာကိုနိုင်ငံရေးလက်နက်အဖြစ်သုံးဖို့ ၊ စတဲ့အခြေခံ သဘောထား/သဘောတရားတွေ တွေ့ရပါတယ်။ `မော်ဒန်´/ရောမန္တိက၀ါဒကတော့ လစ်ဘရလ် လူသားဝါဒ အိုက်ဒီယော်လော်ဂျီနဲ့ `ငါ´ ဗဟိုပြု ၊ခံစားချက်ဖွင့်ဟဖေါ် ထုတ်မှု ၊ လစ်ရစ်က်ကဗျာရဲ့ ကဗျာရေးသူရဲ့ ပင်ကိုယ်ခံစားမှုအစစ်အမှန်ကို ရိုးသားစွာဖေါ်ပြမှုတို့ တွေ့ရပါတယ်။ ဒီမှာ `မော်ဒန် ဆင်ဆဘလစ်တီ´ ဟာ Realism နဲ့ Romanticism တို့ကို ပေါင်းစပ်ကြည့်ဖို့ ကျိုးစားတာဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်။ တစ်ဘက် မှာ `ပြည်သူ´ ၊ တစ်ဘက်မှာ `ငါ´။ တစ်ဘက်မှာ ကဗျာဆရာရဲ့ ပြင်ပလောက/ရုပ်ပတ်ဝန်းကျင်/ လူမှုစီးပွားအဆောက်အအုံ ၊ တစ်ဘက်မှာ ကဗျာဆရာရဲ့စိတ်တွင်း/အဇျတ္တ/ခံစားမှု။
၁၉၉၀ နောက်ပိုင်းမှာ Realism ရဲ့ အားဟာနည်းလာပြီး Romanticismရဲ့ `ငါ´ဗဟိုပြု ဟာ ပိုအားသန်လာတယ်လို့မြင်ပါတယ်။ မောင်ချောနွယ်ရဲ့ ကဗျာတွေကြောင့်ထင်ပါတယ်။ ကဗျာထဲက `ငါ´ဟာ ကဗျာဆရာကိုယ်တိုင် ဖြစ်လာတဲ့အထိပါပဲ။ ဒီကဗျာထဲက `ငါ´ နဲ့ ကဗျာဆရာထပ်တူကျမှုကို အခြေပြုပြီးခံစားချက်စစ်မှန်မှု (Authenticity) ၊ ပင်ကိုယ်ဖြစ်မှု (Originality) ၊ ရိုးသားဖြောင့်မတ်မှု (Sincerity) ဆိုတဲ့ Romanticism ရဲ့ ပင်မထောက်တိုင် ၃ခုဟာ ခေတ်ပေါ်ကဗျာရဲ့ အခြေခံမဏ္ဍိုင် တွေဖြစ်လာတဲ့အထိပါပဲ။ ကဗျာ ထဲက `ငါ´ဟာ တစ်ဘက်မှာ ခေတ်ရဲ့ အနှိပ်စက်ခံ ၊ ခေတ်ရဲ့သားကောင်လည်းဖြစ်နေတာတွေ့ရပါတယ်။ ဆုံးရှုံးနာကျင်မှုကို အသားပေး ဖွင့်ဟထုတ်ဖေါ်တာတွေ့ရပါတယ်။ ဒီဆုံးရှုံးနာကျင်နေရမှုကိုဖေါ်ပြရာမှာလည်း ပြင်ပလူမှုစီးပွားရေးလောက/ခေတ်စနစ်ကို ဇောင်းမပေးပဲ ရင်တွင်းနာကျင်ခံစားမှုကို ဇောင်းပေးလာတာတွေ့ရပါတယ်။ တစ်နည်းပြောရရင်`မိမိအတ္တ´ကို ထုတ်ဖေါ်တာဖြစ်ပါတယ်။ `မိမိအတ္တ´ နဲ့ခေတ်ကိုယှဉ်တွဲဖေါ်ပြတဲ့နေရာမှာ အောင်ချိမ့်ရဲ့ `တောလား´ ဟာ ဂန္တ၀င်ပါပဲ။ ဒီလိုကဗျာဆရာကိုယ်တိုင်ဟာ ကဗျာထဲ မှာ `ငါ´ အဖြစ်ဝင်ရောက်ပါဝင်ပြောဆိုဖွင့်ဟတာဟာ autobiography ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိကဗျာမျိုးဖြစ်နိုင်သလို Confessional `ပုဂ္ဂိုလ်ရေး အတွင်းရေးများဖွင့်ဟ၀န်ခံတဲ့ကဗျာ´မျိုးလည်းဖြစ်သွားနိုင်ပါတယ်။ `ငါ´ဗဟိုပြု လစ်ရစ်က်ကဗျာရဲ့ ကြုံတွေ့ရတတ်တဲ့ အန္တာရာယ်ပါ။ ပုဂ္ဂလိကခံစားချက်ထုတ်ဖေါ်ပြရုံသက်သက်အထိယုတ်လျော့သွားနိုင်ပါတယ်။
ခေတ်ပေါ်ကဗျာကို ဒီနေ့အထိ Romantic – Realism လို့ကျွန်တော်မြင်တာဟာ ကျွန်တော့်အမြင်/အယူအဆ/သီအိုရီပေါ့။ Self – expression မိမိခံစားမှုဖွင့်ဟဖေါ်ထုတ်မှုနဲ့ Reflection/Representation ထင်ဟပ်မှု/ပြန်လည်ဖေါ်ပြမှုဆိုတဲ့ ကဗျာဗေဒ ၂ခုကို ရော နှောထားတာဖြစ်ပါတယ်။ ခေတ်ပေါ်ကဗျာဆုပေးပွဲအခမ်းအနားတစ်ခုမှာ `ခေတ်ကိုထင်ဟပ်တဲ့ကဗျာ´ စံနဲ့ရွေးချယ်ချီးမြှင့်တာဖြစ်တယ် လို့သိရပါတယ်။ `စောင့်ကြည့်´ဂျာနယ် (၂၇/၇/၂၀၁၁) မှာဖေါ်ပြပါရှိတဲ့ (ဆရာ) မောင်သာနိုးရဲ့ `ကဗျာဆရာတို့ရဲ့ဝိုင်း´ဆောင်းပါးမှာ အောင်ချိမ့်ရဲ့ ကဗျာနဲ့ပတ်သက်လို့ (ဆရာ) မောင်သာနိုးမှတ်ချက်ပေးတာက `ဒါကဗျာနဲ့ကဗျာရေးသူထပ်တူကျတာပဲ။ ကဗျာထဲမှာ သူ့ personality ,originality ပေါ်နေတာပဲ။ တကယ့်ကဗျာဆရာရဲ့ ဂုဏ်အင်္ဂါတစ်ပါးဖြစ်တယ်´။ ရုပ်ရှင်တေးကဗျာ (ဩဂုတ်-စက်တင်ဘာ၊ ၂၀၁၁) ၊ လင်းဇော်ရဲ့ `မန္တလေးမြို့က ကဗျာဆရာတချို့နဲ့ စကားစမြည်´မှာနေမျိုးပြောတာက `ကဗျာနဲ့ ပတ်သက်ပြီးထည့်သွင်းစဉ်းစား စေလိုတဲ့ အချက်တွေ ကျွန်တော့်မှာရှိတယ်။ (၁) လူပီသခြင်း (ခံစားမှုကိုအရင်းအတိုင်းထုတ်ဖေါ်ခြင်း ၊ ရိုးဖြောင့်မှုကို နှစ်လိုဖွယ်ရာအဖြစ် ရှုမြင်ခြင်း ၊ စာနာစိတ်ထားရှိခြင်း)။ (၂) အသစ်ဖန်တီးခြင်း (ရှိနှင့်ပြီးသားဂန္တ၀င်လက်ရာများကို နှစ်သက်တန်ဖိုးထားခြင်း ၊ လက်ရှိခေတ် ကာလအတွက်လိုအပ်သော လူပညာလက်ရာကို ကောင်းစွာပြုလုပ်ခြင်း ၊ ကြည့်ရှုခံစားသူ၏ စိတ်အာရုံကို အထူးတလည်ဆွဲဆောင် နိုင်ရန် ကြိုးစားအားထုတ်ခြင်း)။ (၃) ပင်ကိုစစ်စစ်ဖြစ်ခြင်း (အခြားသော အနုပညာလက်ရာတစ်ခု၏ဩဇာလွှမ်းမိုးမှုကို မခံလိုခြင်း ၊ မိမိ၏ အတွေ့အကြုံများကို အခြေခံ၍ ဆင်ခြင်ကြံဆခြင်း ၊ကိုယ်ပိုင်သဘောသဘာဝတစ်ခုဖြင့် အသိအမှတ်ပြုခံရရန် ကြိုးပမ်းခြင်း (သို့မဟုတ်) ငါကို ဖေါ်ပြခြင်း)။´ လို့ဖြစ်ပါတယ်။ အဲဒီတော့ ၊ ကျွန်တော့်အမြင်အရတော့ ခေတ်ပေါ်ကဗျာဟာ ဆန့်ကျင်ဘက်တွေဖြစ်ကြတဲ့ Romanticism နဲ့ Realism တို့ကိုပေါင်းစပ်ထားတာဖြစ်ပါတယ်။ သို့ပေမယ့် `ဟ´နေတာလညှ်းရှိပါတယ်။ `ထင်ဟပ်မှု´နဲ့ `ဖွင့်ဟဖေါ် ထုတ်မှု´တို့ရဲ့ အဟ။ အဲဒီအဟမှာ တစ်ဘက်ဘက်ဆီအားသန်ကြတာတွေ့ရသလို ၊ ကြုံကြုံသလိုဘက်ပြောင်းတာလည်းတွေ့ရပါ တယ်။ အကောင်း ၊ အဆိုးဝေဖန်ခြင်းမဟုတ်ပါ။ အမြင်ကိုပြောပြရုံသက်သက်သာ။ ခေတ်ပေါ်ကဗျာရဲ့ `သီအိုရီ´ကိုစူးစမ်းကြည့်ခြင်းသာ။
သီအိုရီနဲ့ ကဗျာရေးလို့ရသလားဆိုတဲ့ ငေါ့မေးတာတွေလည်းကြားရ ၊ ဖတ်ရပါတယ်။ အထက်ပါဖေါ်ပြပါအတိုင်း ၊ `သီအိုရီ´ ကို နောက်ခံသိမှု/သဘောတရားတွေအဖြစ်ယူရင် အဲဒီ `သီအိုရီ´ သိမှုကို အခြေပြုပြီး ကဗျာရေးလို့ရတယ်လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ ခေတ်ပေါ်ကဗျာ `သီအိုရီ´နဲ့ ခေတ်ပေါ်ကဗျာရေးသလို ခေတ်ပေါ်ကဗျာ `သီအိုရီ´မဟုတ်တဲ့ အခြား `သီအိုရီ´၊ အခြားကဗျာဗေဒတွေ နဲ့လည်း ခေတ်ပေါ်ကဗျာမဟုတ်တဲ့ အခြားကဗျာတွေရေးလို့ရပါတယ်။ ဒီမှာ သတိပြုစေချင်တာက `သီအိုရီ´ဆိုတာ ကဗျာရေးနည်း မဟုတ်ခြင်းပါပဲ။ Webster အဘိဓာန်ဖွင့်ဆိုချက်မှာ Method (နည်းပညာ ၊ နည်း ၊ စနစ်) လို့ပါရှိပါတယ်။ ဒါပေမယ့် ဒီနည်းစနစ်ရဲ့ နောက်ကွယ်မှာ သီအိုရီရှိတယ်ဆိုတာမမေ့အပ်ပါဘူး။ ဥပမာ ၊ ကော်လာ့ဂ်ျရေးနည်းနောက်ကွယ်မှာ အာရုံခံယူမှု/အာရုံသိမှုဆိုတဲ့ Perception Theory နဲ့ လူ့အဖွဲ့အစည်းရဲ့ ပိုင်းဆစိပ်မွှာနေမှုဆိုတဲ့ Fragmentation Theory တို့ရှိပါတယ်။ ဘာသာစကားကဗျာရဲ့ Disjunctive Strategies ယုတ္တိဆက်စပ်မှုပြတ်တောက်အရေးအသားနောက်ကွယ်မှာ Semiotics အတ္ထဗေဒရှိပါတယ်။ ဒါဟာ အကြမ်း ဖျဉ်းပြောတာပါ။ ဆိုလိုတာကတော့ သီအိုရီနဲ့ ကဗျာဆက်စပ်မှုဖြစ်ပါတယ်။ ပန်းချီမှာလည်း ထိုနည်းလည်းကောင်း။ ဂီတမှာလည်း ထိုနည်းလည်းကောင်းပါပဲ။ သီအိုရီနောက်ခံနဲ့ လက်တွေ့ပြုလုပ်သလို လက်တွေ့ပြုလုပ်ထားတဲ့ လက်ရာကို သီအိုရီ (တည်ဆောက်မှု) ရှုထောင့်ကနေချဉ်းကပ်လေ့လာတာလည်းရှိပါတယ်။ ဥပမာ ၊ ဒူးရှော့မ်ပ်ရဲ့ `ရေပန်း´။
သီအိုရီဆိုတဲ့ နောက်ခံသိမှု/သဘောတရားတွေအခြေပြုပြီးကဗျာရေးတာရှိသလို သီအိုရီကို ထုတ်ပြချင်လို့ ကဗျာရေးတာလည်း ရှိပါတယ်။ ဘာသာစကားကဗျာမှာဆိုရင် ဘာသာစကားဆိုင်ရာ သီအိုရီတွေကို ကဗျာအဖြစ်ရေးပြတာတွေရှိပါတယ်။ အထူးသဖြင့် အမေရိကန် LP ရဲ့အစပိုင်းကဗျာတွေဟာ Post – structuralism ဘာသာစကားသီအိုရီကို ရေးသားဖေါ်ပြတာတွေဖြစ်တဲ့အတွက် သီအိုရီလွှမ်းမိုးမှုလွန်ကဗျာ/အရေးအသားတွေအဖြစ် ဝေဖန်ပုတ်ခတ်ခံခဲ့ရပါတယ်။ နောက်ခံသီအိုရီ(တွေ) မသိထားရင်ဘယ်လိုမှ ဖတ်လို့မရတဲ့ ကဗျာတွေဖြစ်ပါတယ်။ နောက်ပိုင်းမှာ သီအိုရီအားကိုးရေးတာနည်းပါးလာတာတွေ့ရပါတယ်။ တော်တော်လေးဖတ်လို့ `လွယ်´တဲ့ကဗျာတွေဖြစ်လာတာတွေ့ရပါတယ်။ Post – LP လို့ခေါ်တဲ့ ကဗျာတွေကျတော့ သီအိုရီကိုလုံးဝအားမကိုးကြတော့ပါဘူး။ သို့ပေမယ့် ၊ သီအိုရီကိုဖြတ်သန်းခဲ့ဘူးတဲ့ အတွေ့အကြုံနဲ့ ကဗျာကိုချဉ်းကပ်လာကြတာဖြစ်ပါတယ်။ ဥပမာ ၊ ဘာသာစကားကဗျာက ပယ်တဲ့ လစ်ရစ်က်ကဗျာကိုပြန်သုံးစွဲလာကြတာတောင်မှာ Post – LP ရဲ့ လစ်ရစ်က် ကဗျာထဲက `ငါ´ဟာ ရောမန္တိက `ငါ´မဟုတ်တော့ ပါဘူး။ သီအိုရီအမြင်ရှိတဲ့ `ငါ´ဖြစ်လာခဲ့ပါပြီ။ ဒီ `ငါ´မျိုးကို Mark Levine, Paul Gizzi စတဲ့ကဗျာဆရာတွေမှာတွေ့ရပါတယ်။ သူတို့ကို စာပေ ပညာရှင်အချို့က Post – LP လို့ခေါ်သလို အချို့ကလည်း Post – theory ၊ Post – avant ၊ Elliptical ၊ Hybrid စသဖြင့်ခေါ်ဝေါ် သတ်မှတ်လာကြတာတွေ့ရပါတယ်။ အမေရိကန်မှာတင်မဟုတ်ပဲ ၊ ဗြိတိန် ၊ ဩစတြေးလျတို့မှာလည်းဒါတွေ တွေတွေ့လာရပါပြီ။
ဒီနေ့ကျွန်တော်တို့ရောက်ရှိနေကြတဲ့ ၂၁ရာစုကြီးမှာ ဘယ်နေရာကြည့်ကြည့် ၊ သီအိုရီနဲ့မကင်းတာတွေ့ရပါတယ်။ နိုင်ငံရေး သီအိုရီ ၊ စီးပွားရေး သီအိုရီ ၊ လူမှုရေး သီအိုရီ ၊ ယဉ်ကျေးမှု သီအိုရီ ၊ စိတ္တဗေဒ သီအိုရီ ၊ စကြာဝဠာဗေဒ သီအိုရီ ၊ သမိုင်းသီအိုရီ … ဘယ်နယ်မှာမဆို သီအိုရီတွေရှိကြပါတယ်။ လူ့လောကမှာ ကျင်လည် လည်ပတ်နေကြတဲ့ ဒီသီအိုရီတွေဟာ ဂလိုဘယ်လိုက်ဇေးရှင်း အားဖြင့် တိုင်းပြည်နယ်နိမိတ်တွေကို ကျော်ပြီး သိမှု နယ်နိမိတ်တွေအပေါ်ဧကန်မုချ လာအကျိုးသက်ရောက်နေကြမှာဖြစ်ပါတယ်။ ဒါကို ရှောင်လွှဲလို့မရပါဘူး။ အကယ်၍ ကဗျာကိစ္စကို လူ ၊လောက ၊နဲ့ ဘာသာစကားတို့ရဲ့ သုံးပွင့်ဆိုင်ကိစ္စလို့မြင်ရင် အဲဒီကဗျာ သီအိုရီမှာ လူဆိုင်ရာ သီအိုရီတွေ ၊လောကဆိုင်ရာ သီအိုရီနဲ့ ဘာသာစကားဆိုင်ရာ သီအိုရီတွေ မလွဲမသွေရှိနေကြမှာပါပဲ ။ မတူညီတဲ့ သီအိုရီ တွေလည်း ရှိနေကြမယ်ဆိုတာ အငြင်းပွားစရာမလိုပါဘူး။ သဟဇာတဖြစ်ပြီး ရှေ့နောက်ညီညွတ်ကြတာတွေ ရှိသလို အချင်းချင်း ပဋိပက္ခအနေအထားမှာ ဟန်ချက်တစ်ခုခုယူထားတာမျိုးလည်းရှိပါတယ်။ နောက်ဆုံးတော့လည်း သီအိုရီဆိုတာ သိမှု (၀ါ) စဉ်းစား တွေးခေါ်ကြံဆခြင်းရဲ့ ရလာဒ်ကို ပြန်စဉ်းစားတွေးခေါ်ကြံဆကြည့်တာပဲဖြစ် ပါတယ်။ ကဗျာမှာလည်းဒီအတိုင်းပါပဲ။ ကျွန်တော်တို့လက်ခံ ရရှိကြတဲ့ ကဗျာအယူအဆ ၊ ကဗျာဗေဒ ၊ ကဗျာအသိနဲ့ ကဗျာပြုလုပ်နည်း ဆိုင်ရာ သိမှုတွေကို စူးစမ်းဆင်ခြင်ဝေဖန်သုံးသပ်တာပဲဖြစ်ပါ တယ်။ ဒါဟာလည်း သီအိုရီတစ်ခုခုရဲ့ ခိုင်လုံမှုနဲ့ သက်တမ်းကုန်ဆုံးတဲ့အထိပေါ့။ ကဗျာမှာ သီအိုရီကို အမြဲမှန်ကန်တဲ့ အမှန်တရား/ သစ္စာတရား ၊ ပုံသေနည်း ၊ တသဝေမတိမ်းလိုက်နာရမယ့်တရား/ ပြဌာန်းချက် ၊ စတာတွေလိုမမြင်ပဲ သိမှုအခြေခံ ငြမ်းလို့မြင်တာဟာ မယုတ်မလွန် ၊ သင့်လျော် တဲ့ အမြင်လို့ ကျွန်တော်ထင်ပါတယ် . .
ဇေယျာလင်း
17 – Aug – 11


Comments