သက်ရှိအားလုံးရဲ့ ကိုယ်ပိုင်နံပါတ်
ခေတ်ပေါ်ကဗျာတွေ အားကောင်းပြီးနောက်ပိုင်း ပရင့်ပေါ်မှာပဲဖြစ်စေ၊ အွန်လိုင်းပေါ်မှာပဲဖြစ်စေ၊ လက်ရှိခေတ်နဲ့အပြိုင်ရေးသားနေကြတဲ့ ကဗျာအများစုကို
ခေတ်ပြိုင်ကဗျာတွေလို့ အကြမ်းဖျင်းပြောဆိုသတ်မှတ်ကြသူတွေရှိသလို၊
ဘာသာစကားဖလှယ်မှုမလုပ်ပဲ Contemporary လို့ပဲသတ်မှတ်ပါဆိုပြီး တစိုက်မတ်မတ်ပြောဆိုရေးသားနေတာတွေလည်းရှိပါတယ်။
ဆယ်စုနှစ်များစွာ ကြီးစိုးလာခဲ့တဲ့ ခေတ်ပေါ်ကဗျာထဲကနေ ရုန်းကန်ဆန့်ထွက်လာတဲ့ ကဗျာအမျိုးအစားတွေကို ခေတ်ပြိုင်လို့ အလွယ်တကူ သတ်မှတ်ကြတာဖြစ်သလို၊
ခေတ်ပေါ်နောက်ပိုင်း Experimental စမ်းသပ်ကဗျာတွေအားလုံးကို Contemporary လို့ သတ်မှတ်ကြတာလည်းဖြစ်ပါတယ်။
ဆရာဇေယျာလင်းကတော့ " ခေတ်ပြိုင်ကဗျာ ခေါင်းစဉ်အောက်မှာ ခေတ်ပေါ်ကဗျာ နဲ့  ကွန်တမ်ပိုရာရီ ကဗျာတို့ ရှိကြတယ် " ဆိုပြီး သုံးသပ်ပြထားတယ်။
ခေတ်ပေါ်လား၊ Contemporary လား။
ဘယ်လိုပဲဖြစ်စေ ခေတ်အဆက်ဆက်ကို ကိုယ်စားပြုနိုင်တဲ့၊ ကိုယ်စားပြုနေမယ့်ကဗျာတွေကတော့
ခေတ်အဆက်ဆက်ကတည်းက ထွက်ပေါ်လာခဲ့ပြီးဖြစ်သလို၊ ဆက်လက်ထွက်ပေါ်နေဦးမှာ အမှန်ပါပဲ။
ပင်မရေစီးခေတ်ပေါ်ကဗျာထဲကနေ လမ်းသွယ် လမ်းမွှာအနေနဲ့ ဖောက်ထွက်လာတာပဲဖြစ်စေ၊ တစ်သီးတခြား တည်ထောင်ထားတာဖြစ်စေ၊
ခေတ်ပေါ်ကဗျာဖြစ်စေ၊ အားလုံးကို ခေတ်ပြိုင်ကဗျာလို့ သတ်မှတ် သုံးစွဲလို့ရတယ်ဆိုရင်၊ ခေတ်ပြိုင်ကဗျာတစ်ပုဒ်ကို ကျွန်တော် ခံစား၊ သုံးသပ်ချင်ပါတယ်။
ကျွန်တော်ရွေးချယ်လိုက်တဲ့ ကဗျာကတော့ ခေတ်ပေါ်ကဗျာခေတ်ကြီးထဲမှာ နေရာတစ်နေရာ အခိုင်အမာရပြီးဖြစ်သလို၊
လက်ရှိ Contemporary ကဗျာခေတ်ကြီးထဲမှာလည်း ခေတ်နဲ့အညီ ရေးမြဲ ရေးဆဲ၊ တစ်သားထဲ စီးဝင်နေဆဲ
ကဗျာဆရာမောင်ဖီလာရဲ့ " ကြေးစားနံပါတ် တစ်ဆယ့်သုံး " ဆိုတဲ့ ကဗျာပါပဲ။
ကဗျာချဉ်းကပ်ခံစား ဝေဖန်မှု လုပ်ကြတဲ့အခါ၊ တန်ဖိုးထား နားလည်ခံစားမှု Appreciation နဲ့ ကောင်းဆိုး ဝေဖန် ချဉ်းကပ်သုံးသပ်မှု Criticize ဆိုပြီး နှစ်မျိုးနှစ်စားရှိရာမှာ၊
ကျွန်ာတော့်အနေနဲ့ ပညာရှင်ဆန်ဆန် ကောင်းဆိုး ဝေဖန် ချဉ်းကပ်သုံးသပ်မှု Criticize ဆိုတဲ့ ကဗျာသီအိုရီပိုင်းဆိုင်ရာကနေ ချဉ်းကပ်ဖို့အတွက်
တော်ရုံဝမ်းစာနဲ့ မဖြစ်နိုင်တာမို့၊ Appreciation ဆန်ဆန် တန်ဖိုးထား၊ ခံစားလိုက်ပါတယ်။
" ကြေးစားနံပါတ် တစ်ဆယ့်သုံး "
မိန်းမတွေက စစ်ကိုရှုံးစေတယ်
ငါတို့ဆွဲတဲ့ ဓားကို သူတို့မျက်ရည်နဲ့ ဖယ်ရှားရဲ့
ကဗျာ စ အဖွင့်မှာတင်ပဲ ကြေးစားနံပါတ် တစ်ဆယ့်သုံးဟာ ကျွန်တော့်စိတ်ကို ခပ်ကြမ်းကြမ်း ဆောင့်ဆွဲပစ်လိုက်တယ်။
" မိန်းမတွေဟာ စစ်ကိုရှုံးစေတယ်
ငါတို့ဆွဲတဲ့ ဓားကို သူတို့မျက်ရည်နဲ့ ဖယ်ရှားရဲ့ " တဲ့။
ဒါ Gender ခွဲခြားမှုလား၊ မိန်းမတွေကြောင့် စစ်ရှုံးနေကြရသလား။
ဒွိဟဖြစ်စေတဲ့ ကဗျာအဖွင့်ဟာ ကျွန်တော့်စိတ်ကို ခပ်ကြမ်းကြမ်းပုတ်နှိုးလိုက်တယ်။
သဘာဝနိယာမအရ မိန်းမတွေဟာ အားနည်းသူ၊ အားနွဲ့သူတွေလို့ ကဗျာဆရာက ညွှန်းဆိုလိုက်တာလား။
ကျွန်တော် ဒွိဟစိတ်တွေနဲ့ပဲ ကဗျာကို ဆက်ဖတ်လိုက်တယ်။
" မှောင်မည်းပြီး သဲနဲ့ရှပ်ရှပ် ဘ၀ရဲ့နံရံကို
အနမ်းတွေနဲ့ ပက်ချ
ငါ့ခေါင်းပေါ်က တိမ်တွေကို သူတို့စိမ်းစိုစေခဲ့တယ်"
ပါဒဆုံးတာနဲ့ အံ့သြဝမ်းသာစိတ် အလိုပြည့်စိတ် ကြည်နူးစိတ်တွေက ကျွန်တော့်ကိုယ်ခန္ဓာတစ်ခုလုံးပေါ် ဖြန့်ကြဲချလိုက်သလိုပါပဲ။
မိန်းမတွေဟာ စစ်ကိုရှုံးစေတာမဟုတ်ပဲ မိခင်လောင်းတွေပီပီ မိခင်မေတ္တာစိတ်နဲ့ စစ် ဆိုတဲ့ အမိုက်မှောင်၊ စစ် ဆိုတဲ့ အနိဌာရုံ၊
စစ် ဆိုတဲ့ သားသတ်ကွင်းကို ဆန့်ကျင်ဖယ်ရှားပြီး၊ အနာဂတ်မျိုးဆက်တစ်ခုလုံးအတွက် ကြည်လင် တောက်ပ စိမ်းစိုစေခဲ့တာကြောင့်ပါပဲ။
ဘဘာဝကိုယ်ခန္ဓာတည်ဆောက်ပုံအရ နုနယ်ပေမယ့် ကျောက်စိုင်ကျောက်သားထက်စိတ်ဓာတ်မာကျောတဲ့ မိန်းမတွေရှိသလို၊
ကျောက်စိုင်ကျောက်သားထက် စိတ်ဓာတ်မာကျော ခက်ထန်တဲ့ ယောင်္ကျားသားတွေအပေါ် နူးညံ့တဲ့မေတ္တာတရားနဲ့ ညွှတ်ပျောင်းသိမ်မွေ့စေတဲ့
မိန်းမတွေရှိနေတာကြောင့်လည်း ကမ္ဘာကြီးဟာ အနိဌာရုံတွေကြားထဲမှာကိုပဲ ဖြေသိမ့်စရာအလှတရားတွေနဲ့ ဟန်ချက်ညီညီ ရှေ့ဆက်နေတာပဲမဟုတ်လား။
အယူဝါဒကြောင့်ဖြစ်စေ၊ အသားအရောင်ကြောင့်ဖြစ်စေ၊ နယ်မြေချဲ့ထွင်လိုမှုကြောင့်ဖြစ်စေ၊
ဘာအတွက်ကြောင့်ပဲဖြစ်ဖြစ် လူကြောင့်ဖြစ်တဲ့စစ်ဟာ လူတွေကိုပဲ သေကြေထိခိုက် ပျက်စီးစေတာပါ။
ကဗျာဆရာဟာ သူ့သိစိတ်အလျင်ထဲစိုက်ဝင်လာတဲ့ အတွေး / စာသားကို မော်ဒန်ခေတ်ထဲဖြတ်သန်းလာသူပီပီ၊
လိုရင်းကိုတည့်တည့် တိုက်ရိုက်မပြောပဲ ကဗျာဖတ်သူရဲ့စိတ်နှလုံးကို ဗြုန်းခနဲဆွဲဆောင့်ခေါ်ယူလိုက်ပြီးမှ
ညင်ညင်သာသာနဲ့ သူလိုရာကို အလိုအလျောက် ဖြောင့်ဖြောင့်မတ်မတ် ကျင်းဝင်စေခဲ့ပါတယ်။
" နှင်းမှုံလေးတစ်မှုံတောင် ကျောချခွင့်မရတဲ့
ဟော့ဒီ ကြက်မတစ်ဝပ်စာကျယ်တဲ့ ရင်ခေါင်းပေါ်
ယောကျာင်္းရင့်မာကြီး မျက်ရည်နဲ့ရက်လုပ်ထားတဲ့
အနုပညာရှိတယ် "
မော်ဒန်ကဗျာခေတ်မှာ စကားလုံးတင်စားမှုနဲ့ ရက်ဖောက်ထားတဲ့ကဗျာတွေ ကျွန်တော်တို့ အများကြီးဖတ်ခဲ့ရ မြင်ခဲ့ရဖူးပါတယ်။
အချို့ကဗျာတွေ ကဗျာထဲ စိတ်နယ် ကျွံဝင်သွားပြီး၊ စကားလုံးဝေးကွာ စိတ်မွှာမှု၊ ဆိုလိုရင်း ဝေဝါး လမ်းများမှုတွေကြောင့်၊
အားထုတ်ထားတာချင်းအတူတူ၊ ကဗျာဖတ်သူရဲ့စိတ်ထဲ လျှောလျှောလျှူလျှူ ဝင်ရောက်သွားအောင် မပို့နိုင်ခဲ့တာတွေ အများကြီးပါ။
အခု ကြေးစားထဲမှာ ကျွန်တော်ဖြတ်တောက်ထားတဲ့ ၃ ပိုဒ်မြောက်အထိတော့ ဒါကို မကြုံရသေးပါဘူး။
ဒီတတိယမြောက်အပိုဒ်ကစပြီး ကဗျာဆရာဟာ သူကိုယ်တိုင်ဖြစ်စေ ကဗျာဖတ်သူအနေနဲ့ဖြစ်စေ၊ လောကအတွင်းနဲ့
ဝန်းကျင်အနီးမှာ ဖြစ်တည် ရှိနေတဲ့ လောကနိယာမ ဓမ္မနိယာမ သဘာဝနိယာမနဲ့ အတွင်း / အပြင်၊ အမှန် / အမှား၊
စပ်ဆက် / ပြတ်တောက်မှုတွေကို တစ်ကြောင်းချင်းစီ တစ်ပိုဒ်ချင်းစီ တစ်ဆင့်ချင်း တစ်ထစ်ချင်း ကဗျာဖတ်သူရင်ထဲ
ဖြေးဖြေးမှန်မှန် ရိုက်သွင်းသွားတာကိုတွေ့ရပါတယ်။
စိတ်နဲ့ကိုယ်အတွက် အေးချမ်းမှု တစ်စက်ကလေးမှ ခံစားရယူခွင့်မရှိတဲ့ နှလုံးသားထဲမှာလည်း
ယောင်္ကျားရင့်မကြီးမျက်ရည်နဲ့ ရက်လုပ်ထားတဲ့ အနုပညာရှိသတဲ့။
ဟုတ်တာပေါ့။
နပိုလီယံ၊ ဟစ်တလာ၊ မူဆိုလီနီ အေဒီအမင် အစရှိတဲ့ စစ်အာဏာရှင်တွေရဲ့ နှလုံးသားထဲမှာလည်း
အနုပညာရှိနေတာပဲ မဟုတ်လား။
တည့်မတ်မှန်ကန်အောင် ထုတ်ဖော် အသုံးပြု၊ မပြုသာ ကွဲပြားသွားတာပါ။
မွေးရာပါဗီဇတစ်ခုအနေနဲ့ ရှိနှင့်နေပြီးသားအနုပညာကို ရုပ်၊ အသံ၊ စကားလုံးတွေကို အသုံးပြုပြီး
ဖော်ထုတ်တဲ့ အတတ်ပညာနဲ့ ပေါင်းစပ်လိုက်မှသာ နဂိုမူလအနုပညာဟာ အရောင်ထွက်လာရပါတယ်။
ကဗျာဆရာမြင်တွေ့လိုက်တဲ့ အနုပညာကတော့ ကျောက်မျက်ရတနာလို တန်ဖိုးကြီးတဲ့ အနုပညာမျိုးပါ။
လောကဓံရဲ့တိုက်စားမှုဒဏ်အောက်ကနေ မီးလျှံတဖွေးဖွေးနဲ့ ထိုးထွက်လာခဲ့တဲ့ အနုပညာမျိုးကို သူ တွေ့ရှိလိုက်တာပါ။
" ရေငတ်သမင်ကို သောက်နေတဲ့
စမ်းချောင်းကလေးတွေရှိတယ်
လမင်းကို ဆွဲပြားလေးလိုဆွဲထားတဲ့ ကောင်မလေးရှိတယ်
နိုင်ငံတစ်နိုင်ငံစာ တွေးခေါ်နေတဲ့ ယာခင်းတွေရှိတယ်
စက်ရပ်လောင်ကျွမ်း ပျက်ကျသွားတဲ့
ပါမောက္ခတစ်ယောက်ရှိတယ်
အနုပညာပေါ် ပီဆာမျှော်စင်ယိုင်သလို
ယိုင်နေတဲ့ လူငယ်တစ်ယောက်ရှိတယ် "
အခုအပိုဒ်ကိုတော့ ဝါကျ ၅ ကြောင်းကို တစ်ပိုဒ်အနေနဲ့ ကျွန်တော် ယူထားလိုက်တယ်။
ကဗျာစာသားတည်ဆောက်ပုံမှာ ပုံမှန်စကားပြေဝါကျတွေနဲ့မတူတဲ့ အားသာချက်တွေရှိတယ်။
အဲဒီ အားသာချက်တွေကို ဒီအပိုဒ်မှာ ထဲထဲဝင်ဝင်မြင်တွေ့ရမှာဖြစ်ပါတယ်။
အချို့စကားလုံးတွေဟာ စကားပြေဝါကျဆုံးတာနဲ့ အတွေးဆုံးသွားပေမယ့်၊
ကဗျာမှာတော့ ခေတ်အဆက်ဆက်တိုင်အောင်ကို အတွေးဆက်နေစေတတ်ပါတယ်။
ဒါ ကဗျာရဲ့ အားသာချက်ပါပဲ။
" စမ်းချောင်းကလေးကို သောက်သုံးနေတဲ့ ရေငတ်သမင်တွေရှိတယ် " ဆိုရင်
ဒါကတော့ သာမာန်ဝါကျတည်ဆောက်ပုံပါ။ ဖြစ်ရိုးဖြစ်စဉ်တစ်ခုမဟုတ်လား။
ဝါကျဆုံးတာနဲ့ အတွေးဆုံးသွားတာမျိုးပေါ့။
အခု ကဗျာဆရာက စကားပြေထက် အားသာတဲ့အချက်ဖြစ်တဲ့ နိမိတ်ပုံ/သင်္ကေတ၊
အာရုံခံစားပုံနဲ့ ဘာသာစကားကို လိုအပ်သလိုအကွက်ချကစားမှု အစရှိတဲ့
စကားပြေထက်လွန်မြောက်နေတဲ့ အားသာချက်တွေကို အံဝင်ခွင်ကျ အသုံးချသွားတာတွေ့ရပါတယ်။
" ရေငတ်သမင်ကို သောက်နေတဲ့
စမ်းချောင်းကလေးတွေရှိတယ် " တဲ့။
အထူးပြုလုပ်ချက်တွေ လွန်လွန်ကဲကဲမပါဘဲနဲ့ လွှတ်လှနေတဲ့ ဝါကျတစ်ခုပါ။
ကျွန်တော်တို့ကမ္ဘာကြီးထဲ သက်ရှိလူသားတွေရဲ့ ကိုယ်ကျိုးလွန်ကဲမှုတွေကြောင့် ပျက်စီး ဆုတ်ယုတ်လာတဲ့
သဘာဝဆုံးရှုံးမှုတွေကို ကဗျာဆရာက သတိပြုမိပြီး၊ ကဗျာအတတ်ပညာနဲ့ လှလှပပ ချပြသွားပါတယ်။
ရေငတ်နေတဲ့ သမင်ကလေးတွေအတွက် ရေငတ်ပြေစေမယ့် ရေတစ်ပေါက်လောက်တောင်
မစီးဆင်းနိုင်တော့တဲ့ မြစ်တွေ၊ ချောင်းတွေ၊ စမ်းချောင်းတွေ ဘယ်လောက်တောင်ရှိနေပြီလဲ။
ဒါဟာ မဖြစ်မနေကို သတိပြုရမယ့် ပြုပြင်ရမယ့် အန္တရာယ်သတိပေး ခေါင်းလောင်းသံပါပဲ။
" လမင်းကို ဆွဲပြားလေးလိုဆွဲထားတဲ့ ကောင်မလေးရှိတယ် "
ကဗျာဆရာအနေနဲ့ဖြစ်စေ၊ ကဗျာဖတ်သူအနေနဲ့ဖြစ်စေ၊ အခုကဗျာစာသားထဲက ကောင်မလေးမျိုးကို
Dream Lover အဖြစ် ဘယ်သူမဆို တမ်းတ လိုချင်ရှာမှာပါ။
လတစ်စင်းလို အေးချမ်းမှုတွေနဲ့ ပြီးပြည့်စုံနေတဲ့ ကောင်မလေးတစ်ယောက်ကိုလည်း
ကဗျာဆရာကတွေ့ရှိထားပါတယ်။
အချစ်မရှိရင် ကမ္ဘာကြီးလည်းမရှိတော့ဘူး။
၅၂၈ ပဲဖြစ်ဖြစ်၊ ၁၅၀၀ ပဲဖြစ်ဖြစ်၊ ချစ်ခြင်းမေတ္တာကတော့ ရှိကိုရှိနေမှဖြစ်မယ်။
" နိုင်ငံတစ်နိုင်ငံစာ တွေးခေါ်နေတဲ့ ယာခင်းတွေရှိတယ် "
ဘယ်အသိုင်းအဝိုင်းမှာမဆို၊ ဘယ်အဖွဲ့အစည်းထဲမှာမဆို မြင့်မြတ် မြင့်မားတဲ့အတွေးကို
ပိုင်ဆိုင် တွေးခေါ်နေသူတွေရှိနေတတ်ကြပါတယ်။
ဆင်းရဲ ချမ်းသာ၊ အနိမ့် အမြင့်၊ အသားအရောင်၊ အယူဝါဒ ဘယ်နေရာမှာမဆိုပေါ့။
အခု ကဗျာဆရာတွေ့ရှိလိုက်တဲ့ တွေးခေါ်သူကတော့ ယာခင်းတွေ တဲ့။
နိုင်ငံတစ်ခုအတွက်ဖြစ်စေ၊ ကမ္ဘာကြီးတစ်ခုလုံးအတွက်ဖြစ်စေ၊ စိမ်းလန်း သစ်လွင်ပြီး
အညွန့်တလူလူနဲ့ လတ်ဆတ်တဲ့တွေးခေါ်သူတွေကို နိုင်ငံတစ်ခုအတွက်ဖြစ်စေ၊
ကမ္ဘာကြီးတစ်ခုလုံးအတွက်ဖြစ်စေ ကျွန်တော်တို့ အချိန်နဲ့အမျှ အလိုရှိနေရမှာပဲမဟုတ်လား။
" စက်ရပ်လောင်ကျွမ်း ပျက်ကျသွားတဲ့
ပါမောက္ခတစ်ယောက်ရှိတယ် "
ဘယ်သူမဆို အချိန်မတန်ခင် ပျက်ကျတတ်ကြတာပါပဲ။
ကဗျာဆရာမြင်တွေ့လိုက်တဲ့ ပျက်ကျသွားသူကတော့ သာမာန်လူတွေထက် ပိုပြီး နှမျောစရာကောင်းပါတယ်။
အတွေးအမြင်မှာဖြစ်စေ၊ တီထွင်ဖန်တီးမှုမှာဖြစ်စေ၊ နိုင်ငံရေးမှာဖြစ်စေ၊ လူသားကမ္ဘာအတွက် အကျိုးပြုနေတဲ့
စံပြ လူတစ်ယောက်ကို ကျွန်တော်တို့ ဆုံးရှုံးလိုက်ရတာပါ။
လူတော် လူကောင်း တစ်ယောက်ရဲ့တန်ဖိုးဟာ ကမ္ဘာတည်နေသ၍ ဆပ်မကုန် ပြောမကုန်အောင်
ခေတ်အဆက်ဆက် တည်ရှိနေတတ်ပါတယ်။
ခရီးလမ်းမဆုံးခင် စက်ရပ်လောင်ကျွမ်း ပျက်ကျသွားတဲ့
လူတော် လူကောင်းတွေကို ကျွန်တော်တို့ကမ္ဘာကြီး ဘယ်လောက်အထိ ဆုံးရှုံးခဲ့ရပြီးပြီလဲ။
မဟတ္တမဂန္ဒီလား၊ သခင်အောင်ဆန်းလား၊ ဗင်းဆင့်ဗန်ဂိုးလား၊ မောင်ချောနွယ်လား၊
ရှိနေစဉ်မှာ တန်ဖိုးထားကြဖို့ တန်ဖိုးထားတတ်ဖို့ကို ကဗျာဆရာက မီးမောင်းထိုးပြထားတယ်လို့
ကျွန်တော် ရိုးရိုးသားသားမြင်မိပါတယ်။
ကဗျာဆရာရဲ့ ဆိုလိုရင်းဟာ ကျွန်တော်မြင်မိတဲ့အတိုင်းလား၊ ဒီထက်ပိုပြီး နက်ရှိုင်း ကျယ်ပြန့်သလား၊
ကျွန်တော်သိစရာ မလိုအပ်ပါဘူး။
ကျွန်တော်ရသလောက် ကျွန်တော်ယူနိုင်သလောက်အပေါ်မှာ တန်ဖိုးထားတတ်ဖို့သာ လိုရင်းမဟုတ်လား။
" အနုပညာပေါ် ပီဆာမျှော်စင်ယိုင်သလို
ယိုင်နေတဲ့ လူငယ်တစ်ယောက်ရှိတယ် "
လူငယ်ဟာ အနာဂတ်၊ လူငယ်ဟာ မီးပြတိုက်၊ လူငယ်ဟာ မျှော်လင့်ချက်၊ လူငယ်ဟာ မနက်ဖြန်
အစရှိတဲ့ လူငယ်တွေအပေါ် ကမ္ဘာကြီးက မျှော်လင့်တန်ဖိုးထားတဲ့ လူငယ်နဲ့ပက်သက်တဲ့ကဗျာတွေ
စကားပြေတွေ ကျွန်တော်တို့အများကြီးရင်းနှီးခဲ့ဖူးတယ်။
ဘယ်လောက်ကြီးကျယ်မြင့်မြတ်သူဖြစ်ပါစေ၊ လတ်ဆတ်ဥာဏ်ပညာနဲ့ ပေါ့ပါးစင်ကြယ်တဲ့ လူငယ်ဘဝလှေကားထစ်တွေကို
ဖြတ်သန်းခဲ့ဖူးကြတာပဲမဟုတ်လား။
ကဗျာဆရာမြင်တွေ့ခဲ့တဲ့ လူငယ်ကတော့ အနုပညာပေါ် ပီဆာမျှော်စင်ယိုင်သလို ယိုင်နေတဲ့ လူငယ်တစ်ယောက်တဲ့။
အနုပညာပေါ် စိတ်နှလုံးယိုင်နေတဲ့လူငယ်တွေ တစ်ယောက်ကနေ အများကြီးပေါ်ထွက်လာလေ ပိုကောင်းလေပါပဲ။
ဘယ်လိုယိုင်မလဲ။ ကဗျာဆရာမြင်ခဲ့တဲ့ လူငယ်ယိုင်သလို ယိုင်နေတာကတော့ အကောင်းဆုံးပေါ့။
၁၀၆၃ ခုနှစ်က စတင်အုတ်မြစ်ချခဲ့တဲ့ အီတလီနိုင်ငံ ပီဆာမြို့ရဲ့ ယိုင်နေတဲ့ နာမည်ကျော် ပီဆာမျှော်စင်ဟာ
တည်ဆောက်ကာလနှစ်ပေါင်း ၇၇၅ နှစ် ကြာမြင့်ခဲ့ပြီး၊ လက်ရှိအချိန်အထိ ကြံ့ကြံ့ခံရပ်တည်နေဆဲပါ။
အီတလီအတွက် ဂုဏ်ယူစရာ ရှေးဟောင်းအမွေအနှစ်ကြီး တစ်ခုပေါ့။
ကဗျာဆရာကလည်း သူမြင်ခဲ့ရတဲ့ လူငယ်တစ်ယောက်ကို အနုပညာအပေါ် အဲဒီလို ခိုင်ခိုင်မာမာ ယိုင်နေစေချင်ပုံပါပဲ။
" ချောင်းခြားချစ်သူဆီ ရောက်ဖို့
ဆံပင်တွေကြိုးကျစ်ပြီး တံတားခင်းနေတဲ့
ရထားတစ်စင်းရှိတယ်
မုတ်ဆိတ်ရိတ် ဓားတစ်ချောင်းကြောင့်
လွင့်စင်ထွက်ကျလာတဲ့ အသားစတစ်စကို
ကိုက်ဖမ်း ဆွဲဟပ်နေတဲ့
အာသာငမ်းငမ်း လခြမ်းပဲလည်းရှိတယ်
သောက်သုံးရေ အလုံအလောက်မရ
ခေါင်းငိုက်စိုက်ချ လက်မှိုင်ကျနေတဲ့
သစ်တောတွေလည်းရှိတယ် "
ဒီအပိုဒ်မှာတော့ ကျွန်တော့်စိတ်ကို ပြင်းပြင်းထန်ထန် ဆွဲဆောင်ထားတဲ့ ဝါကျတစ်ကြောင်းရှိတယ်။
" ချောင်းခြားချစ်သူဆီ ရောက်ဖို့
ဆံပင်တွေကြိုးကျစ်ပြီး တံတားခင်းနေတဲ့
ရထားတစ်စင်းရှိတယ် "
၂၀၀၁ ခုနှစ်ထဲက ဒီကဗျာကို အချိန်အထိမေ့လို့မရသေးတဲ့ အချက်များစွာထဲက တစ်ချက်ပေါ့။
ဘာအတွက်ကြောင့်ပဲဖြစ်ဖြစ်၊ အကြောင်းအမျိုးမျိုးကြောင့် ဝေးကွာနေရတဲ့ချစ်သူတွေအတွက်တော့
ဒီစာသားဟာ ခေတ်အဆက်ဆက် လင်းလက်နေဦးမှာပါပဲ။
အဝေးက ချစ်သူဆီရောက်ဖို့ ဒါမှမဟုတ် ချစ်သူနဲ့နီးရဖို့၊ ကိုယ့်ရဲ့အမွန်မြတ်ဆုံးအရာတွေကို အသုံးပြုပြီး၊
ရထားတစ်စင်းလို အားကောင်းမောင်းသန် တန်းတန်းမတ်မတ် နင်းဖြတ်ခဲ့တဲ့သူတွေ ရှိနေခဲ့၊ ရှိနေဆဲမဟုတ်လား။
ဒါကို ကဗျာဆရာက တိတိပပဖွဲ့ဆိုထားတော့ ကျွန်တော်လည်း ၁၅ နီးပါးအချိန်အထိ အလွတ်ရနေခဲ့တာပေါ့။
" မုတ်ဆိတ်ရိတ် ဓားတစ်ချောင်းကြောင့်
လွင့်စင်ထွက်ကျလာတဲ့ အသားစတစ်စကို
ကိုက်ဖမ်း ဆွဲဟပ်နေတဲ့
အာသာငမ်းငမ်း လခြမ်းပဲ့လည်းရှိတယ်"
အမြီးကျက် အမြီးစား၊ ခေါင်းကျက်ခေါင်းစား၊ နူရာဝဲစွဲ၊ လဲရာသူခိုးထောင်း၊ ရေနစ်သူဝါးကူထိုး၊ မြေနိမ့်ရာလှံစိုက်၊
ဒီလိုပါပဲ။
လူ့အဖွဲ့အစည်းအတွင်းက လူစိတ်ပျောက်နေတဲ့လူတွေကို လူတိုင်းတွေ့ဖူး ကြုံဖူးခဲ့ကြပြီးသားမဟုတ်လား။
မတူကွဲပြားခြင်းတွေ အများကြီးထဲမှာ ကျွန်တော်တို့အလိုအပ်ဆုံးက လူမှန်ရင် လူပီသဖို့ တစ်ခုတည်းပါပဲ။
" သောက်သုံးရေ အလုံအလောက်မရ
ခေါင်းငိုက်စိုက်ချ လက်မှိုင်ကျနေတဲ့
သစ်တောတွေလည်းရှိတယ်"
သဘာဝဘေးအန္တရာယ်ကို အကောင်းဆုံးကာကွယ်နိုင်တာ၊ ရာသီဥတုကို ဟန်ချက်ညီအောင် အတိကျဆုံး
သဘာဝအလျောက် လုပ်ဆောင်ပေးနိုင်တဲ့ သစ်ပင်၊ သစ်တောတွေ။
အခုတော့လည်း ပြောင်သလင်းခါနေပါပြီ။
သဘာဝတရားကို ချစ်မြတ်နိုးသူတွေထဲမှာ ကဗျာဆရာပါဝင်လာတာ သိပ်ကောင်းတဲ့ကိစ္စပါ။
" လူတွေဟာ မျောက်ကနေဆင်းသက်လာသတဲ့
ဒါဖြင့် လက်ရှိမျောက်တွေက ဘာကြောင့် လူဆက်မဖြစ်သလဲ
အဲဒီလို ထိုးထိုးထောင်ထောင် စိတ်ကူမျိုးတွေနဲ့ပေကျံ
အလယ်လတ်တန်းစား မေးခွန်းတွေထဲလူးလှိမ့်
မိန်းမ၊ စကြ၀ဠာ၊ ငွေစက္ကူ
ပန်းကလေးတွေရဲ့ သန်မာတဲ့ရနံ့ဟာ
ကမ္ဘာနဲ့ ကျွန်တော်တို့ကို စိုက်ပျိုးတယ် "
ရိုးရိုးလေးနဲ့ လွှတ်လှနေတဲ့ မေးခွန်းပေါ့။
ကမ္ဘာကျော် ချားလ်စ်ဒါဝင်ရဲ့ နားရွက်ကို မြန်မာပြည်က ကဗျာဆရာက တံတွေးလှမ်းဆွတ်လိုက်သလိုပါပဲ။
ပြီးတော့ ကဗျာဆရာက ကိုယ့်ကိုယ်ကို နှိမ့်ချစွာ မှတ်ချက်ပြန်ပေးပါတယ်။
" အဲဒီလို ထိုးထိုးထောင်ထောင်စိတ်ကူးမျိုးတွေနဲ့ပေကျံ
အလယ်လတ်တန်းစား မေးခွန်းတွေထဲလူးလှိမ့်" တဲ့။
ရုပ်ပိုင်းဆိုင်ရာ တိုးတက်လာနဲ့အမျှ စိတ်ပိုင်းဆိုင်ရာ ချွတ်ခြုံကျလာတဲ့ လူ့အဖွဲ့အစည်းထဲမှာ၊
အယူအမျိုးမျိုး ဝါဒအဖုံဖုံနဲ့ လမ်းအသွယ်သွယ်ထဲ မေးခွန်းတွေမီးခိုးကြွက်လျှောက်၊
ကျမ်းကိုးတွေ ရွက်ကျပင်ပေါက်။
မတူကွဲပြားခြင်းတွေကို သဘာဝတရားတစ်ခုလို့ မမြင်နိုင်တဲ့ခေတ်ကြီးထဲ
အမြင်တစ်ခုအတွက်ကြောင့်၊ ခင်ဗျား/ကျွန်တော် အပါအဝင် ဘယ်သူမဆို အသက်နဲ့ ဘဝကို စွန့်လွှတ်ရနိုင်သလို၊
စွန့်လွှတ်နေကြရသူတွေလည်း ဒုနဲ့ဒေးမဟုတ်လား။
ကဗျာဆရာရဲ့ အနှေးပြကွက်ထဲ ကျွန်တော်လည်း အလူးလူးအလှိမ့်လှိမ့်ပါပဲ။
ကဗျာကို ဆက်ဖတ်လိုက်တော့မှ ကဗျာဆရာနဲ့အတူ အဲဒီမွန်းကြပ်မှုတွေထဲကနေ ကျွန်တော်လွတ်မြောက်ခဲ့ရတယ်။
လူ့အဖွဲ့အစည်းအတွက်
"မိန်းမ၊ စကြာဝဠာ၊ ငွေစက္ကူနဲ့
ပန်းကလေးတွေရဲ့ သန်မာတဲ့ရနံ့ဟာ
ကမ္ဘာနဲ့ ကျွန်တော်တို့ကို စိုက်ပျိုးတယ်" တဲ့။
ကဗျာထဲကနာကျင်မှု၊ ရုန်းကန်မှု၊ သဘာဝနိယာမ၊ ဓမ္မနိယာမ၊ ချစ်ခြင်းမေတ္တာ၊ အနုပညာ၊
အရာအားလုံး ကျွန်တော်တို့ကို စိုစွတ်စေခဲ့ပါတယ်။
စိတ်ကြောင့်ဖြစ်လာတဲ့ အနိမ့်အမြင့် အတက်အကျမှန်သမျှကို စိတ်နဲ့ပဲထိန်းကွပ်ရမှာမဟုတ်လား။
ကဗျာရဲ့ရိုက်ခတ်မှုကြောင့်ဖြစ်လာတဲ့စိတ်ခံစားမှုတွေကိုတော့ သူ့အတိုင်းလေးပဲ ကြည်ကြည်ဖြူဖြူ
ဖြန့်ခင်းချထားလိုက်ပါတယ်။
" နှစ်ရှည်လများ သိမ်းဆည်းထားတဲ့ ဒဏ်ရာတွေဟာ
အဖိုးတန်ကျောက်မျက်ရတနာတွေဖြစ်ပြီး
လောကဓံဟာ စိတ်ကူးကောင်းတဲ့ကဗျာဖြစ်တယ် "<p> </p>
ဘယ်လိုဒဏ်ရာမျိုးမဆို တန်ဖိုးကြီးကြတာချည်းပါပဲ။
အထူးသဖြင့် နှစ်ငါးဆယ်လောက် နောက်ကျ ကျန်ရစ်ခဲ့တဲ့ ကျွန်တော်တို့နိုင်ငံထဲက ဒဏ်ရာတွေကတော့၊
ကဗျာဆရာ ညွှန်းဆို တင်စားလိုက်တဲ့ အဖိုးတန်ကျောက်မျက်ရတနာတွေဖြစ်တယ်ဆိုတာကို
ခင်ဗျားလည်း ငြင်းဆိုမှာမဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်ပါတယ်။
အဲဒီ လောကဓံတွေကြောင့်ပဲ မောင်ချောနွယ်ဟာ စိတ်ကူးကောင်းတဲ့ကဗျာဖြစ်ခဲ့တယ်။
ဖော်ဝေးဟာ စိတ်ကူးကောင်းတဲ့ကဗျာဖြစ်ခဲ့တယ်။
အောင်ချိမ့်ဟာ စိတ်ကူးကောင်းတဲ့ကဗျာဖြစ်ခဲ့တယ်။
လှသန်းဟာ စိတ်ကူးကောင်းတဲ့ကဗျာဖြစ်ခဲ့တယ်။
မြန်မာနိုင်ငံထဲက ကဗျာဆရာတိုင်းဟာ စိတ်ကူးကောင်းတဲ့ကဗျာဖြစ်ခဲ့တယ်။
ဒီလို ရိုးရိုးသားသား ကျွန်တော်ယုံကြည်ပါတယ်။
" အနှစ်သုံးဆယ်စာရာသီတွေကို စိမ်းလန်းမှုတစ်ခုပေါ်သွန်ချ
အနံ့အသက်ကလေး တချွင်ချွင်နဲ့
ကိလေသာဆိုတာမှာ တလှုပ်လှုပ်တယမ်းယမ်း
သိဒ္ဒတ္ထမင်းသားလည်း ဒီနွံမှာ ကျွံဝင်ခဲ့ဖူးတယ်လို့
ဖြေဆေးကို တစ်တောတစ်တောင်လုံး လိမ်းကျံ
ဘယ်လိုအနံ့အရသာနဲ့ စီးဆင်းရမယ်ဆိုတာ
ဆုံးဖြတ်လို့ မပြီးခင်
သေခြင်းတရားဟာ ၀တ်ကောင်းစားလှနဲ့ရောက်လာခဲ့ပေါ့ "
ဒီကဗျာကိုရေးဖြစ်ချိန်မှာ ကဗျာဆရာဟာ အသက်သုံးဆယ်ခန့်ဖြစ်မယ်ထင်ပါရဲ့။
သူ့ဘဝတစ်လျှောက်ဖြတ်သန်းခဲ့ပြီးသမျှကို သုံးသပ်လိုက်ချိန်မှာ၊
"အနံ့အသက်ကလေး တချွင်ချွင်နဲ့
ကိလေသာဆိုတာမှာ တလှုပ်လှုပ်တယမ်းယမ်း" တဲ့။
ကဗျာဆရာရဲ့ ရိုးသားမှု၊ ကိုယ်ရောက်နေတဲ့နေရာကို ကိုယ်သိမှု၊ မိမိကိုယ်ကို ပကတိအတိုင်း ရှုမြင်တတ်မှုနဲ့
လောကကိုအတည့်အတိုင်း သုံးသပ်တတ်မှု အစရှိတဲ့ရိုးဂုဏ်တွေကို ကျွန်တော် ထိစမ်းမိလိုက်တယ်။
သာမာန်လူတစ်ယောက်မရိုးသားရင် သူနဲ့စပ်ဆက်တဲ့ဝန်းကျင်ကိုသာ ထိခိုက်စေပြီး၊
နိုင်ငံခေါင်းဆောင်တစ်ယောက်မရိုးသားခဲ့ရင်တော့ ကမ္ဘာနဲ့ချီပြီးကို ထိခိုက်စေတတ်တယ်မဟုတ်လား။
ကဗျာဆရာက ကိလေသာထဲနစ်ဝင်နေတဲ့ သူ့ရဲ့အရှိတရားတွေကို အတည့်အတိုင်းရှုမြင်သုံးသပ်နေတာကတစ်ဖက်၊
"သိဒ္ဒတ္ထမင်းသားလည်း ဒီနွံမှာ ကျွံဝင်ခဲ့ဖူးတယ်လို့
ဖြေဆေးကို တစ်တောတစ်တောင်လုံး လိမ်းကျံ"
ဆိုပြီး၊
အလောင်းတော်မင်းသားတောမထွက်ခင်က မိသားစုနဲ့ ငွေကြေးနဲ့ အိမ်ယာနဲ့ အစရှိတဲ့ သာမာန်ပုထုဇဉ်တွေအတိုင်း
ကိလေသာလောကထဲ ကျွံဝင်ခဲ့ဖူးသေးတာကို လှမ်းကြည့်ပြီး ကိုယ့်စိတ်ကိုယ်ဖြေသိမ့်နေတာကတစ်ဖက်။
" ဘယ်လိုအနံ့အရသာနဲ့ စီးဆင်းရမယ်ဆိုတာ
ဆုံးဖြတ်လို့ မပြီးခင် "
ကဗျာဆရာဟာ လောကထဲ ဘယ်လိုဘဝမျိုးနဲ့ စီးဆင်းရမယ်၊ ဘယ်လိုစိတ်ထားမျိုးနဲ့ ဖြတ်သန်းရမယ်ဆိုတာကို
သူ့ရဲ့ဒွိဟစိတ်တွေနဲ့ တိတိကျကျ ဆုံးဖြတ်လို့မပြီးသေးခင်မှာပဲ၊
" သေခြင်းတရားဟာ ၀တ်ကောင်းစားလှနဲ့ရောက်လာခဲ့ပေါ့ " တဲ့။
ဟုတ်ပါတယ်။
အခု ကျွန်တော်နဲ့ ခင်ဗျားတို့ တွေ့မြင်လိုက်ရသလိုပါပဲ။
သိပ်ကိုနောက်ကျသွားပါပြီ။
အောင်မြင်မှုလား၊ ငွေကြေးလား၊ အနုပညာလား၊ အခွင့်အာဏာလား၊
တစ်ချို့လျှောက်ဆဲ၊ တစ်ချို့လျှောက်ခဲ့၊ တစ်ချို့ရောက်နိုင်၊ တစ်ချို့ပျောက်နိုင်၊
လမ်းမဖောက်ခင်မှာတင် လမ်းပျောက်နိုင်သေးတယ်မဟုတ်လား။
ကဗျာဆရာဟာ ကဗျာတစ်ပုဒ်လုံးကို အသံစီးဆင်းမှုပြေပြေပြစ်ပြစ်နဲ့ စီးဆင်းလာခဲ့သလို၊
သူ လွှင့်တင်ထားတဲ့ ခေါင်းစဉ်ကိုလည်း မမေ့ခဲ့ပါဘူး။
ကဗျာခေါင်းစဉ်ရဲ့ နိဂုံးအနားသတ်ကို ထင်ထားတဲ့အချိန်မှာပဲ ကွက်တိဆိုက်ရောက်လာခဲ့တယ် ဆိုပေမယ့်၊
လှလှပပနဲ့ တိတိကျကျကြီးကို ရောက်လာခဲ့တာပါ။
သိသိကြီးနဲ့ ဂိုးပေးလိုက်ရပေမယ့် အဲဒီဂိုးအတွက် ခင်ဗျားတို့ ကျွန်တော်တို့ ခေတ်အဆက်ဆက်
လက်ခုပ်တီးဖြစ်နေမှာ သေချာပါတယ်။
ပြီးတော့ ခင်ဗျား ကျွန်တော်နဲ့ သက်ရှိအရာများအားလုံးရဲ့ အမေ့ခံဖြစ်တဲ့၊
ကိုယ်ပိုင်နံပါတ်ကို ကဗျာဆရာက ခင်းကျင်းပြသလိုက်တဲ့အချိန်မှာတော့
ကျွန်တော်တို့ သိပ်ကိုနောက်ကျနေခဲ့ကြပြီလားဆိုတဲ့ မေးခွန်းဟာ ကျွန်တော့်စိတ်အလွှာထဲ ဓားလို
ထိုး စိုက် ဝင် သွား ခဲ့ ပါ တယ်။
" ဘုရားသခင်ဟာ ခင်ဗျားတို့ ကျွန်တော်တို့အတွက်
ကြေးစားနံပါတ် တစ်ဆယ့်သုံးကို စေလွှတ်ပေးခဲ့တယ်" ..။…။
ညီလင်းနိုင်
၂၀၁၅
Comments
Post a Comment