အမြစ်​ကျွတ်​တဲ့ သက္ကရာဇ်​ အလွမ်းများ

အမြစ်ကျွတ်နေတဲ့ သက္ကရာဇ် အလွမ်းများ

လင်းဆက်ပိုင်

ငါ အလွမ်းတွေထမ်းပိုရလွန်းလို့
မျက်ဝန်းကချွေးပြိုက်ပြိုက်ကျနေရပါတယ်
လူလည်း ပမ်းလျရိနုံးနေပါပြီ
အလွမ်းဆိုတာ အရွတ်များတဲ့ အသားစလား
ငါမြိန်ရှက်စွာ စားသုံးလိုက်တယ်...။

အလင်းနှစ်ချီအောင် အိပ်မက်ကလေးအကောင်အထည်ဖေါ်ဖို့
အစမှ အနန္တတိုင်အောင် အရှုံးပေးလိုက်ပါရစေတော့ကွယ်
အချစ်မှာ သန့်ပြန့်တဲ့ ဒြပ်စင်တွေပါတယ်ဆိုတာ ယုံကြည်မိသူပါ
ဘဝကအဲ့သလို မှိုင်းရည်ဝ ပျံ့တက်နေပါတယ်..။

ချစ်သူ ၀က်မှုံကူးခွင့်ရမယ့်နေ့က သံသရာရဲ့ ဘယ်ထောင့်မှာလဲ
သန်းခေါင်ကျော်အောင် အူကြောင်ကြောင်နဲ့ လင်းချင်နေတုန်းပါ
ညဥ့်နက်တယ်လို့မတွေးပဲ ရောင်နီလာတော့မယ်လို့ပဲ
ငါက တွေးတောမိတာ သွပ်သွပ်ခါနှမ်းတယ်ပဲ ထား ...။

ဂေါက်တောက်တောက် အယူနဲ့ လင်းဝေ့မူးရီနေသူပါ
အသံဖျောက်ထားတဲ့ မိုး ၊မင်း မကြားမိဘူးမို့လား
ငါ လျှပ်တွေ ၀င့်မစီးချင်ဘူးလေကွယ်...
ကဗျာတွေထဲမှာပဲ ရေပန်းလို့ဖြာကျလိုက်တော့တယ်
ချစ်သူ မဖတ်မိပါစေနဲ့ ....မင်းအအေးမိလို့မဖြစ်ဘူး...ကွယ့်။

ငါ့အဖြူရောင်မှာ ဘယ်အရိပ်တွေ ထိုးစိုက်နေပါသလဲ
မှုန်ရီဝေပုလဲသားနဲ့ သက်တံမပီတပီ အရောင်ကုန်မှိန်နေတယ်
ချစ်သူအပြုံးနဲ့ ငါ့ရာဇအိနြေ္ဒ ခန့်ထည်တည်ကြည်ချင်တယ်
စိတ်ရူးထမှု့တစ်ခု သာသာရယ်ပါ ။

အိပ်မက်တွေလန်းပွင့်ဝေဖို့ နွေရောင်ခြည်တိုင်းတံလျှပ်ထ
လန်းရွှင် ရွှင်လန်းဖို့ ကန္တာရ နှင်းဆီလို့ ရဲရဲတောက်ပွင့်ထားရင်
အာရုံတွေ တစိမ့်စိမ့် အငွေ့ပြန်လိုက်တယ်...
ငါ့ကောင်းကင် သင်္ဘောမှောက်တဲ့အကြောင်းများ.....
အမြစ်ကျွတ်တဲ့ သက္ကရာဇ် လို ယိုင်လဲကျခဲ့ပြီ ။


Posted via Blogaway

Comments