မလင်းပြာ ဖတ်ဖို့ အလွမ်းစာ ၆
လင်းဆက်ပိုင်
မလင်းပြာရေ
ရာသီချို့ယွင်း ကောင်းကင်ခွင်လုံး အုံ့ခြိမ့်မည်းမှောင် နက္ခတ်တွေ ပျောက်တဲ့ လပြည့်ညပါပဲ
ငါ့ ဆေးပေါင်းခတဲ့ညက အဲ့သလို့လှပါတယ်...
မလင်းပြာကိုချစ်တယ်...(မဆီမဆိုင်စကား)
တကယ်ဆိုရင် ဘာမှမဆိုင်တာကိုကကြီးကျယ်တဲ့ ပတ်သက်မှု့ပါပဲ မလင်းပြာရယ်...
မလင်းပြာ မသိသလို မမြင်သလို နားမလည်သလိုနေပါ...နေချင်သလိုနေပါ
ကျနော် မလင်းပြာကို ချစ်တာပါပဲ (မဆိုင်တာများပြောခြင်း)
မလင်းပြာ ဘာဆိုဘာမှ မသိပါစေနဲ့
ကျနော်ချစ်တာ လွမ်းတာ တီတာခွန်းချို တေးဖွဲ့ချင်တာတွေ ....
တစ်စုံတစ်ခု မလင်းပြာ သိမှာ ဆိုးတယ်...
မလင်းပြာရေ သူစိမ်းတွေလို ဆက်ဆံပါ ဂြိုလ်သားတစ်ကောင်လို ဆက်ဆံပါ...ချစ်တယ် မလင်းပြာ (မဆိုင်သောအဆိုတင်သွင်းခြင်း)
မလင်းပြာရေ ....
အချစ်ဆိုတာ ဟော့ဒီ့ ၀ဠာတိုက်တစ်သောင်းမှာ
ဘယ်သူမှ နားမလည်ခဲ့တဲ့ ခံစားမှု့ပဲဖြစ်လိမ့်မယ်
အချစ်ဆိုတာ မသိမှု့တစ်ခုပါပဲ
ဘာမှမသိပဲ မလင်းပြာကို ချစ်လိုက်မိပြီလေ
ဟုတ်တယ်....အရာအားလုံး မမြင်နိုင်လောက်အောင်ကို ချစ်တယ်...
(အသိအမှတ်ပြုလိုပြုညားပြောကြည့်ခြင်း)
Posted via Blogaway
Comments
Post a Comment