Main Menu
นาย มังกร ชัยชะนะวรรณ์ with ဒီ ဒီး and 51 others
33 mins ·
More options
("မှော် ၂၁")
အိပ်မက်ကိုအရောင်ဆိုး
မရိုးနိုင်နိုင်တဲ့သွေးပျက်သီချင်းနဲ့
ငါ..နိုးခဲ့ပြီ ။
အမှောင်မျက်လုံးကိုဖွင့်လော့
လင်းကျင်းသောအမြင်တရားတို့ဖြင့်ကြည့်လျှင်
ငါ့ကိုယ်ငါမြင်ရလိမ့်မည် ။
ကန်းခဲ့ပြီးသောနားတို့ကိုစွင့်လော့
တိုးတိတ်လွန်းသဖြင့်ပင်ပီသလာခဲ့သော
ငါ့သီချင်းတို့ကိုငါကြားရလိမ့်မည် ။
သေဆုံးပြီးသောဝင်သက်ထွက်သက်တို့ကိုနှိုးလော့
အဖန်ဖန်ရှင်ပြန်ထမြောက်ခြင်းဖြင့်
အန္တိမအသက်ကိုငါရလိမ့်မည် ။
အလင်းအရှိန်
စက်ကြိုးအိမ်ယန္တယား
ဇောတိခန္ဓာ
မှော်ဝင်အိပ်မက်များ
အဆုံးမဲ့မျှော်လင့်ချက်များဖြင့်မှော်ဆရာ
ကိုယ့်ရုပ်အလောင်းကိုကိုယ်ထမ်း
အလင်းလမ်းသို့...
ပြန်လာနိုင်ခဲ့လိမ့်မည်ထင်ပါသည် ။ ။
("မှော် ၂၂")
ငါ့ငြိမ်းချမ်းရေးနံပါတ်ကဘယ်လောက်လဲ
ဟိုမှာ...
အလဲလဲအပြိုပြိုငါ့မြို့ကိုမြင်ပြီ ။
မှတ်တိုင်အဟောင်းတွေတဝီးဝီးဖြတ်ပျံသွားကြ
သုည...
အလင်းဖွဲ့ဂီတ
ဆူဝေအုံကြွမှုများ..
မန္တာန်တစ်ပုဒ်တည်းနဲ့ကောင်
စကြာဝဠာတစ်ထောင်နေရစ်ခဲ့ ။
မြေဆီမြေသားအသစ်တွေနဲ့
ကောင်းကင်အသစ်ကိုပြုစားဖို့
တံခါးကလေးကိုတိုးဖွင့်
နားစွင့်ဖူးတဲ့သီချင်းတိုးသဲ့သဲ့ကိုသတိရတယ်
အဲဒီအလင်းကြယ်ဟာ
သူဖုန်းစားတို့ကောင်းကင်မှာလည်း
ဝင့်ဝေခွင့်ရှိမယ် ယုံတယ် ။
ဟိုးဝေးဝေးက
ငါ့ရဲ့လက်သည်းချွန်မြကလေးရေ
လေပြေအသစ်တွေကိုပွေ့ဖက်လိုက်
ငါ့ငြိမ်းချမ်းရေးသီချင်းကိုကုတ်ခြစ်လိုက်
ပြီးတော့....
လရောင်ကြယ်ရောင်တွေနဲ့
ငါ့ကိုလက်ယက်ခေါ်လိုက်ပေရော့ ။
ငြိမ်းချမ်းသောစိတ်ဖြင့်
သင့်ဆီ...
အလင်းမှုန်တစ်စက်အဖြစ်
ငါ..ပြတ် ရွေ့လွင့် မျော လာမည် ။ ။
("မှော် ၂၃")
အလင်းဆုံးရယ်သံတို့
ငါ့ရင်မှာတောက်စားခဲ့ပြီးပြီ ။
ဘယ်မွှေးရနံ့နဲ့
ငါနိဂုံးချုပ်ရမလဲ
ကိုယ်ပိုင်နံပါတ်တို့
ငါ့ကိုစကားဆိုပါ ။
ဧဝလက်ဖျစ်တီးရုံနဲ့
အာဒံရင်ဘတ်မှာ
မီးထတောက်ခဲ့ဖူးသလား
ဟော...ဟိုမှာ
ငါ့ရဲ့မန္တာန်တစ်ပုဒ်
မင်းရဲ့စကားတစ်ခွန်းနဲ့
မီးခိုးတလူလူထွက်ခဲ့ပြီ ။
အော်မြည်ရင်းနဲ့သေဆုံးသွားတဲ့
ပုစဉ်းရင်ကွဲကောင်လို
မင်းကိုချစ်တယ်
မင်းကိုချစ်တယ်..
မင်းကိုချစ်တယ်...လို့
မှော်ဆရာက
တစ်ပုဒ်တည်းသောမန္တယားကိုရွတ်အံ
စောင်းကြိုးပြတ်သံတွေတစ်ထောင်းထောင်း
နွေရာသီသီချင်းထဲမှာ
မီးဖိနပ်စီးတဲ့သောကြာကြယ်ကလေး
ချမ်းမြေ့ပါရဲ့လားကွယ် ။
အို...
ငါ့ရဲ့မင်ရည်ကျဲမလေးရယ်
ဘယ်လိုစိတ်နဲ့နှိုးနှိုး
အအိပ်ဆတ်တဲ့မှော်ဆရာကနိုးပါတယ် ။
ခြေလှမ်းကျဲနဲ့လိုက်မှမှီမယ်ဆိုရင်လည်း
ခြေစုံရပ်ပြီးရင်ကွဲခံမယ်
ခောတ်သစ်ပယောဂကုထုံးတွေထဲမှာ
ငါ့ရဲ့မက်ဂျစ်စကွဲယားတွေမထည့်ထားဘူး
ဒီတိုင်းကလေးပဲငြိမ်
မှော်ဆရာရဲ့ရင်ကွဲအိမ်မှာ
စုတ်ချက်ကြမ်းကြမ်းတွေမပါဘူးကွယ် ။ ။
("မှော် ၂၄")
ဗလာနယ်ထဲမှာ
စိတ်တွေလမ်းလျှောက်ဖို့ကြိုးစားတော့
နိုဝင်ဘာအသစ်စက်စက်က
ငါ့ကိုမျက်ထောင့်နီနဲ့ကြည့်တယ် ။
mistic raysအကြောင်း
ငါပြောပြလိုက်ပါတယ် ။
ရေခဲခောတ်မှာ
ငါ့ကိုယ်ငါဖွက်ထားတယ်
အေးစက်ဆိတ်ငြိမ်မှုဆိုတာ
မပြောင်းလဲခြင်းရဲ့အစိတ်အပိုင်းတစ်ခု
ငါရောငါ့အချစ်တွေရော
အန္တိမအသက်ကိုရဖို့
မင်းရဲ့အပြုံးတစ်ဝက်လိုတယ် ။
လေတွေကိုခုတ်ပိုင်းမိတော့
ဓားကလေးရဲ့ရင်ဘတ်တွေနာသွားသလား
သီဟစာ ဗျဂ္ဃစာ ဘယ်လိုသွားသွား
နောက်ဆုံးတော့...
နိယတုံကျင့်ရင်းနဲ့ပဲငါတို့မှုန်ဝါးခဲ့
နက္ခတ်တွေအသွားအမှန်ခြင်းဟာ
ပြက္ခဒိန်အတွက်အပြစ်ဖို့စရာလား
ငါခုန်ဆင်းခဲ့တဲ့
ဘလက်ခ်ဟိုးက
သိပ်ကိုမာယာများကြောင်း
မှော်ဆရာရဲ့နှောင်းနောင်တတွေ
အလက်လက်အစိုစိုဖြစ်ခဲ့တယ် ။
အလင်းနှစ်သန်းပေါင်းများစွာက
ငါ့ရဲ့စကြာဝဠာကချေသည်မလေးရေ
လူနုံလူအတွေပြောတဲ့စကားကိုပဲ
ငါ့မန္တယားတစ်ခုအဖြစ်
ရင်ကွဲအောင်ရွတ်ပွားခဲ့တယ် ။
စူဠဂန္ဓာရီဖဲချပ်တွေက
ငါ့နှလုံးသားမှာအလဲလဲအပြိုပြို
အို...
သူပုန်ထတဲ့ကြယ်အိုစစ်မင်းတွေက
ကောင်းကင်တော်မှာ...ငို..။ ။
("မှော် ၂၅")
ငါ့တောအုပ်မှာ
အခုဆိုရင်
အရှေ့အရပ်ကထွက်တဲ့နေ
အရှေ့အရပ်ကိုပဲပြန်ဝင်ပြီ ။
မီးခိုးရောင်မိုးတိမ်တွေ
ရင်ဘတ်မှာရွှဲနစ်
တစ္ဆေရဲ့မျက်ရည်မြစ်ဟာ
ဇာတာအဖတ်မှားတဲ့ပုရောဟိတ်ရဲ့
ညနေခင်းအမှာစကားပဲ ။
ကြိုးညှိရင်းအရည်ပျော်ကျသွားတဲ့
ရေခဲဂစ်တာတစ်လက်ကိုပိုက်ပြီး
မှော်ဝင်သီချင်းတွေအသံမထွက်ပဲဟစ်အော်
ငါမျှော်နေတဲ့မြစိမ်းရောင်တောအုပ်ကလေး
ဟိုး...ဝေးဝေးဆီမှာ
ကောင်းကင်အသစ်တွေထွန်းပလို့
မင်းပျော်ပါရဲ့လား ။
လေပြေကူးတို့တွေသယ်ဆောင်လာတဲ့
ကြယ်ရနံ့တွေ...
စကြာဝဠာအသစ်တစ်ခုရဲ့
အမှာတော်စကားတွေ....
ဗြဟ္မအိမ်မှာသိမ်းဆည်းဖို့
ဒီတစ်ခါမင်းသနပ်ခါးလိမ်းပြီးရင်
နှီးပြားကလေးနဲ့ခြစ်ချပြီးငါ့ကိုပေးပါ ။
မှော်ဆရာရေ
မှော်ဆရာကိုလမ်းမှာတွေ့ရင်
မှော်ဆရာအကြောင်းကိုပဲပြောပြလိုက်ပါတော့
စက်ကြိုးယန္တယားတွေနဲ့လူဆိုတာ
နောက်ဆုံး....
ဘယ်အရပ်ကပဲနေဝင်ဝင်
ရင်တစ်ခုလုံးပူရတာပါပဲ ။ ။
("မှော် ၂၆")
စက္ကူကြိုးကြာငှက်တွေ
စကြာဝဠာဆီပျံတက်ဖို့
အတောင်ပံတဖြန်းဖြန်းရိုက်ခတ်ကြ ။
ဆန္ဒနဲ့ဘဝ...
ထပ်တူကျတဲ့မျဉ်းဖြောင့်တွေ
ဗလာနယ်မှာတီးတိုးစကားတွေဆိုကြ ။
မှတ်တိုင်တွေအလဲလဲအပြိုပြို
ရင့်ကျက်ခြင်းတွေကိုဆွတ်ခူးဖို့
မှော်ဝိညာဉ်တစ်ခုသေဆုံးသွား
ဖျပ်ခနဲ...
ဝိုးခနဲဝင်းခနဲပြန်လည်မွေးဖွား
အခါခါပြန်လည်ကျဆုံးသွား
သုညအိမ်အလင်းတံခါးများ
အမှောင်တွေနဲ့ဆိတ်ငြိမ်
၉ဂဏန်းတွေတန်းစီချိတ်ထားတဲ့
အဲဒါမှော်ဆရာရဲ့အိမ်ပေါ့ ။
နာကျင်ခြင်း
ရက်စက်ခြင်း
နူးညံ့ခြင်း
မာကျောခြင်းတွေနဲ့
အင်္ဂါဂြိုဟ်စစ်နတ်ဘုရားရဲ့တံဆိပ်
ငါ့ရင်ဘတ်မှာခပ်နှိပ်
မမှိတ်မသုန်မျက်လုံးတွေနဲ့
ကောင်းကင်ကိုတစ်ရွက်ခြင်းလှန်ဖတ်လိုက်တော့
အရူးတစ်ယောက်ကိုပြန်တွေ့ခဲ့ရ ။
အဲဒီမှာ...
ကမ္ဘာမြေကိုပြောင်းပြန်လှန်ကြည့်လိုက်တော့
ပန်းတွေကကြယ်တွေဖြစ်
ကြယ်တွေကကျောက်စရစ်ခဲတွေလို
တဝုန်းဝုန်းပြိုကြ...
ကျည်ဆံတစ်တောင့်မြိုထားတဲ့
ငြိမ်းချမ်းရေးဝှက်ဖဲတစ်ချပ်
မီးလောင်ပြာကျ
စကြာဝဠာဆီအရောက်လှမ်းတဲ့ခြေလှမ်းတွေ
ယိုင်နဲ့နွမ်းလျ....
ငါ့မှာ....
သံပါတ်ကုန်သွားတဲ့အိပ်မက်တစ်ခုရှိတယ် ။ ။
("မှော် ၂၇")
တောင်ကုန်းကလေးရေ
ဒီတစ်ခါကောင်းကင်အသစ်ကို
ငါပြန်လည်မန်းမှုတ်ရင်
သစ်သီးတွေကိုမှည့်စေမယ့်
ကြယ်ရောင်အသစ်တွေပါမယ် ။
စက္ကူပန်းကြွေတွေက
ငှက်တွေအဖြစ်ထပျံသွားကြ
လှပမှုတွေအားလုံး
မန္တာန်တစ်ပုဒ်တည်းမှာပဲ
အကျုံးဝင်စေမယ်ကွဲ့ ။
စကြာဝဠာတစ်ခုလုံးကြားရစေမယ့်
တိုးတိတ်တဲ့စကားကို
ငါပြောခဲ့တယ် ။
ခြောက်ထောင့်ကြယ်တစ်ခုတည်းနဲ့
မပြုစားနိုင်မှန်းလည်းသိတယ် ။
နော်မန်တို့ရဲ့ကျူရိုးလှေပေါ်မှာ
ထာဝရရှင်သန်ခြင်းသီချင်းတဲ့
အကြိမ်ကြိမ်အန်ထုတ်ခဲ့
ကတိဆိုတာ....
နိမိတ်ကျမ်းတွေကိုပြောင်းပြန်လန်စေတဲ့
သစ္စာစကားတစ်ခုပေါ့
ရင်နှစ်ခြမ်းကွဲသွားတဲ့
မှော်ဆရာတစ်ယောက်
ကြယ်ရောင်တွေအောက်မှာ
လမ်းပျောက်နေတယ် ။
("မှော် ၂၈")
မင်းက..ကဗျာတစ်ပုဒ်လား
အစိမ်းရောင်ရယ်သံတွေကြားမှာ
ငါအခါခါသေဆုံးသွား...
မင်းကြားရဲ့လား
ဝုန်းခနဲ...
ငါ့ရနံ့တွေပေါက်ကွဲသွားတာ ။
ဘီလူးတစ်ကောင်ရဲ့ရင်ဘတ်ကို
ထိုးဖောက်ခွဲလှန်ကြည့်တော့
ဝေါခနဲထွက်ကျလာတဲ့
ငြိမ်းချမ်းရေးသီချင်းတွေ....
မာယာမပါတဲ့အလင်္ကာဆိုတာ
စိတ်တွေပြတ်ထွက်သွားတဲ့
တယောတစ်လက်ကွဲ့ သိရဲ့လား ။
မျှော်လင့်ချက်တွေမိုးချုပ်သွားတော့
သတိရခြင်းကငါ့ကို
တိုးတိုးကလေးငါကြားရုံ
ရင်ဘတ်ကိုဖနောင့်နဲ့မီးပွင့်အောင်ထပေါက်တယ်
ဘာမှထုတ်ပြစရာမလိုပဲ
သုညတစ်လုံးပီသအောင်နေပါတဲ့ ။
ဒီလိုနဲ့ပဲ.....
ဝတ်မှုံရွေ့လျားမှုနဲ့
အသံတွေပေါ်တက်ပြီး
ငါ..ပက်လက်အိပ်ပစ်လိုက်တယ် ။ ။
("မှော် ၂၉")
နတ်ကညာတွေပျိုးတဲ့ဥယျာဉ်မှာ
ဥယျာဉ်စောင့်မလုပ်ချင်တော့ပါဘူး ။
စိတ်အတောင်တွေကျွတ်သွားရင်
ငါကငါမဖြစ်တော့မှာတော့စိုးရိမ်ပါတယ် ။
ဘယ်ဓမ္မတရားတော်ရဲ့ရင်ခွင်မှာ
အိပ်စက်ရမလဲ
စိတ်တွေဟာလေးလံအက်ကွဲနေတယ်
ပုရာဏ်မတတ်ပဲနဲ့
စကြာဝဠာတစ်ရိုးကို
ငါခြေချင်းလိမ်အောင်သွားခဲ့ပြီးပြီပဲ ။
ငဥက္ခောင်းလိုနာနာရုပ်အတတ်တွေနဲ့
စစ်အင်္ဂါလေးပါးကိုဖန်ဆင်း
အလင်းအတုတွေကိုငါတိုက်ခိုက်ယူခဲ့တယ် ။
ငါ..ဧကရာဇ်ဖြစ်သွားတယ်
ငါ..သူဖုန်းစားဖြစ်သွားတယ်
ငါ..ပင်လယ်ဖြစ်သွားတယ်
ငါ..မီးတောင်ဖြစ်သွားတယ်
ငါ..မိုးရေစက်ကလေးဖြစ်သွားတယ်
ငါ..သစ်ပင်ဖြစ်သွားတယ်
ငါ..ကျောက်ခဲတစ်လုံးဖြစ်သွားတယ်
မြွေကိုချောင်းနေတဲ့စွန်ရဲတစ်ကောင်ဖြစ်သွားတယ်
စွန်ရဲကိုလေးနဲ့ပစ်ဖို့ချောင်းနေတဲ့
မုဆိုးတစ်ယောက်ဖြစ်သွားတယ်
မုဆိုးကိုကိုက်မလို့ခြောင်းနေတဲ့
စွန်ရဲတစ်ကောင်ဖြစ်သွားတယ်
သုံးဦးသုံးဖလှယ်ခြောင်းမြောင်းမှုတွေနဲ့
ငါပေါင်းများစွာဖြစ်သွားတယ် ။
ငါသိပြီ
မိုက်မဲတဲ့မှော်ဆရာရေ
နာနာရုပ်အတတ်တွေဆိုတာက
ငါဆိုတာကိုမဖန်ဆင်းနိုင်ဘူးကွဲ့
ခတ္တာပွင့်လေးထဲမှာငါရှိတယ်
မိုးနှင်းမှုန်ကလေးတွေထဲမှာငါရှိတယ်
နွေဦးသစ်ရွက်ကြွေတွေထဲမှာငါရှိတယ်
သဘာဝတရားအားလုံးထဲမှာငါရှိတယ် ။
ငါ့ထဲမှာပဲငါရှိတယ်
ပြီးတော့...
ဘယ်ထဲမှာမှငါမရှိပြန်ဘူး ။
မင်းဘယ်မှာလဲမှော်ဆရာရယ် ။ ။
("မှော် ၃၀ ")
ညရေ...
တေလေပတ်ပျိုး
ဆောင်းကကြိုးနဲ့
ဒီညမှာလမထွက်ရင်တောင်
မနက်ဖြန်မှာတော့ကြယ်ထွက်ခွင့်ပေးလိုက်ပါ
။
ဘဝမှာရချင်တာရသွားဖို့
မီးအိမ်ကိုလက်မှာဆွဲ
မျက်ကန်းမျှော်လင့်ချက်တွေနဲ့
သံသရာထဲခရီးဆက်ရဦးမယ်ကွယ့် ။
ယဉ်ကျေးမှုတစ်ခုကနေ
နောက်ထပ်ယဉ်ကျေးမှုတစ်ခုဆီ
အချိန်တွေကိုခရီးနှင်ရင်း
မှော်ဆရာဟာ...
အိပ်မက်ဆိုးတွေမှိုင်းမှိုင်းမှုန်အောင်မက်ခဲ့တယ် ။
ရင်ကိုခွဲတဲ့
စကားလုံးမြားတွေကလည်း
ချွန်ထက်လှပ...
်ဒီညမှာ
မှတ်မှတ်ရရ..
၃၃နှစ်သားလူမိုက်တစ်ယောက်ရဲ့ကျောမှာ
စံပါယ်ပလိုင်းတစ်လုံးလွယ်လို့
မင်းကိုသတိရလိုက်တာ ရွာသူရေ....
နာကျင်မှုကနိုးလာတော့လည်း
မနာကျင်နိုင်ခဲ့ပြန်ဘူး
ထွက်သွားတော့မှာလားမေးရင်
ငါပြန်လာခဲ့မှာပေါ့ကွယ်
သံယောဇဉ်ကိုဖြတ်မဲ့ဓားဆိုတာ
စိတ်ရိုင်းတွေနဲ့သွေးလည်း
ခဏပါပဲ ။
ရွာသူရေ...
လင်းလင်းခြိမ့်ခြိမ့်ရယ်မောပစ်လိုက်စမ်း
အဓိပ္ပါယ်ကင်းမဲ့နေတာကိုက
ပြည့်စုံမှုတစ်ခု
စက်ရုပ်တစ်ရုပ်လိုငါမိုးလင်းခဲ့တာများပြီ
ပြီးတော့...
အေးစက်မှောင်မိုက်စွာလည်း
ငါမိုးချုပ်ရဲခဲ့ပြီ....
ငါဆိုတာ....
သံပုရပိုဒ်ကိုပါးစပ်မှာကိုက်
မှောင်မိုက်မှုထဲကလူပေါ့ ။ ။
saw jonathan aye
Like·Comment·Share
Posted via Blogaway
Comments
Post a Comment