လရောင်နဲ့ စကားပြောတဲ့ အိပ်မက်လိုည
လင်းဆက်ပိုင်
လရောင်တွေ တရှိန်ထိုးစီးဆင်းတဲ့ ခပ်မျော့မျော့ညက ပေါ့...
ငါ့ခေါင်းထဲ ကြယ်တွေဖျပ်ဖျပ်လူးခဲ့တယ်...
လေပြည်နုနုတွေ ငါ့နားကန်းအောင် သွေးဆော်တယ်...။
လောကအတုထဲက ညအစစ်တစ်ခုပေါ့...
စကားလုံးတွေ တဗောင်းဗောင်း သာယာခဲ့တယ် ဆိုပါတော့...
အဲ့ဒီ့ညမှာ နှင်းမိုးတွေ ဖွေးဖွေးလှုပ်ဆွေတယ်...။
ဝဠာခွင်လုံး အပြုံးထုထည်ဖုံးလွမ်း...
ငါအရိပ်ခိုခွင့်မရခဲ့တဲ့ ညလေးရေ....
အိမ်မက်တွေ တရေးနိုးထချိန်မှာ ဘုရားခင်နဲ့ သင်္ချာတွက်ခဲ့တယ်.....
အရှိတရားရဲ့မှန်ကန်ခြင်းဟာ သုံညတဲ့ကွယ်...
သုံညကို အစကဖတ်ဖို့ အစရှာမတွေ့ခဲ့တာ
တော်တော်ညံခဲ့တယ်ဆိုပါတော့....
လှည့်ထွက်ခဲ့တယ်...
အိုင်ဒီယိုလော်ဂျစ် ငါလေ့လာမှု့ အားနည်းခြင်းသာပေါ့ ဖြေသိမ့်....
မှန်ကန်တဲ့မုသားဝတ်ရုံလွှာဟာ လင်္ကာချောဖို့ ၀တ်ဆင်ခြင်တဲ့လား..
အဲ့ဒီ့ည ကုမုဒြာတွေညှိုးလောက်အောင်လန်းသွားတယ်...
လရောင် စစ်စစ်ကြီးလင်းသန့်ကြည်တုန်းပါပဲ...။
တိမ်တစ်အုပ် တဟားဟားပွဲကျနေတာနဲ့
ကျွန်တော်ကြည်နူးလိုက်ပါတယ်...
လငပုပ်ဖမ်းရုံလောက်ပဲ တက်နိုင်တာမို့လား...
စိတ်ညစ်စရာတွေဟာ ပျော်ရွှင်ခြင်းကို နောက်ပြောင်တဲ့ ဟာသတစ်ပုဒ်ပါပဲ...
ကျနော်အားရပါရရယ်မောရင်း အိပ်မက်ကလန့်နိုးသွားတယ်....
ဒါဟာ တကယ့်အိပ်မက်လား တကယ့်အဖြစ်လား ပြန်စဉ်းစားကြည့်တော့...
ရေးရေးလေး အစတောင် မဖမ်းမိတော့ဘူးကွယ်။
Posted via Blogaway
Comments
Post a Comment