27 mins · Edited ·
More options
(မတင်ရွှေသို့သတိရခြင်း ၁)
ငါလွမ်းနေရတာတကယ်ပါမတင်ရွှေရယ်
မတင်ရွှေကိုချစ်မိကတည်းက
ဘဝမှာမရှုမလှလွမ်းရတော့မယ်ဆိုတာသိပါတယ် ။
ကြီးတော်ပုကတော့ပြောပါတယ်
အချစ်ဆိုတာသိပ်ကိုပဉ္စလက်ဆန်တဲ့ဖဲတစ်ချပ်ပဲတဲ့
ကိုယ်မျှော်လင့်ထားတဲ့အရေအတွက်မရခင်
ရင်ကွဲခံလွမ်းဆွတ်ရခြင်းတွေရှိသတဲ့ ။
မင်းကိုငါတကယ်ချစ်ခဲ့တာပါမတင်ရွှေ
ရေခဲတုန်းပေါ်ကဆဲလ်ကလေးလို
ဘဝဟာ
အေးအေးစက်စက်လက်လက်စိုစိုဖြစ်ခဲ့ပါပြီ
မတင်ရွှေကသာကိုယ့်ဘဝ
မတင်ရွှေကသာကိုယ့်ကမ္ဘာ
မတင်ရွှေကသာကိုယ့်ဝိညာဉ်ပါပဲ
မင်းကိုငါသိပ်ချစ်တယ်မတင်ရွှေ ။
ကိုယ်သောင်းရွှေတို့ဖဲကစားကြသလို
ဘူမသိကိုးမသိချစ်နေရတာကိုက
သိပ်ကိုရင်ခုန်စရာကောင်းတယ် ။
တကယ်တော့အချစ်ဆိုတာ
ဒုက္ခပြဒါးနဲ့သုခပြဒါးဆတူသုတ်လိမ်းထားတဲ့
မှန်တစ်ချပ်ပါပဲမတင်ရွှေ ။
ဟော
နာရီသံလေးမောင်းတီးသံကြားရပြီမတင်ရွှေ
ငါ့အိပ်စက်ခြင်းတွေကိုခဏခဏခိုးယူနေတဲ့
အချစ်နတ်ဆိုးဟာလေ
မောင်းမရနှင်မရနဲ့
မတင်ရွှေရဲ့ဘဝသမိုင်းမှာ
ကိုယ်ပါဝင်ချင်နေမိတာ
စိတ်ကူးတွေရိုင်းနေလေမလား ။
အခုဆိုရင်
မြစ်ဧရာကြောမှာ
လှေနာဝါတွေစီးမျောကြပြီလား
အိပ်မက်တွေဆင်တစ်ဖက်မြင်းတစ်ဖက်စီးထားရတာ
ဘယ်တော့မှတစ်ရံပြည့်လေမလဲ
နေမမြင့်ပဲအရူးရင့်ခဲ့သူကငါပါမတင်ရွှေ
နွားခလောက်သံတွေကို
မိုးဇက်ရဲ့တယောသံတွေထက်ငါမြတ်နိုးနေတတ်ပြီ
ကိုဖိုးငိုတို့နွားငေါက်သံတွေကို
အော်တာနေးတစ်ဂီတတွေထက်ပိုခံစားတတ်ခဲ့ပြီ
ရယ်ဗလွန်ရေမွေးနံ့တွေထက်
မတင်ရွှေပါးပြင်ကသနပ်ခါးရနံ့လေးကို
စွဲမက်တတ်ခဲ့ပြီပဲ
ဘာများလိုဦးမလဲမတင်ရွှေ ။
မတင်ရွှေရေ..
ဟောဟိုက
စိမ်းလဲ့ညိုပြာတောတန်းကလေးက
ငါ့ရင်ခုန်သံပါကွဲ့
မတင်ရွှေကိုချစ်မိလို့
ကောင်းကင်သီချင်းနဲ့မြေပြင်ဂီတကို
တကိုယ်ရည်နေ့စွဲပေါင်းများစွာ
အရုပ်ကြိုးပြတ်နားထောင်ခဲ့တယ်ပေါ့
တကယ်ပါမတင်ရွှေရယ်
ငါနင့်ကို
နင့်နင့်သဲသဲလွမ်းနေတယ် ။ ။
(မတင်ရွှေသို့သတိရခြင်း ၂)
မတင်ရွှေရေ...
မိုးနှင်းတွေအုံးခြိမ့်ခြိမ့်ဝေနေတဲ့
စက်တင်ဘာလရဲ့ရင်ခွင်အလည်မှာ
နင့်ကိုလွမ်းတဲ့စိတ်တွေနဲ့ငါရပ်နေတယ် ။
အချစ်ဆိုတာလေ
မင်းဆိုနေတဲ့သီချင်းကလေးလိုပဲ
အက်တက်တက်ရှတတနဲ့
အပ်ကြောင်းထပ်နေတဲ့ဓာတ်ပြားသီချင်းလိုပဲ
ဝေ့လည်ဝေ့လည်နိုင်လွန်းတယ် ။
ငါကချစ်မိသူဆိုတော့
လွမ်းရပေဦးမပေါ့မတင်ရွှေရယ်
သတိရစိတ်ဆိုတာ
မောဟဘောင်ကွပ်ထားတဲ့
လောဘကိုအခြေခံတယ်လို့
ရွာဦးကျောင်းဆရာတော်ကမိန့်ဖူးတာပဲ ။
စိတ်ကူးထဲမှာလား
အိပ်မက်ထဲမှာလားတော့မသိဘူး
မတင်ရွှေခွံ့ကျွေးတဲ့မုန့်ဆပ်သွားဖူးလေးတွေကို
သိပ်သတိရတယ်
ဘဝနဲ့အချစ်ထပ်တူကျပြီး
အဲဒီလိုချိုမြန်နေရင်သိပ်ကောင်းမှာပဲ ။
အခုဆိုရင်
သစ်စိမ်းချိုးအချိုးခံရတဲ့မြစ်တွေအကြောင်း
မော်ဒန်ကဗျာတွေကိုယ်မရေးတော့ဘူး
popသီချင်းတွေရဲ့နေရာမှာ
မြန်မာသီချင်းကြီးသီချင်းခန့်တွေကို
ကိုယ်ရွေးပြီးနားထောင်တယ် ။
ကိုယ်သိလိုက်တဲ့အချစ်ဆိုတာ
အိုးကင်းနဲ့ထည့်ဖုတ်တဲ့နနွင်းမကင်းမုန့်လိုပဲ
အကျက်မညီရင်ဖွယ်တယ်တယ်နဲ့
အချစ်မညီရင်လည်း
ရင်ပွင့်အောင်ခံစားရတတ်တယ်ကွယ့် ။
ငါလွမ်းနေရပါပြီမတင်ရွှေရယ်
မြောက်ပြန်လေဟာ
မကြာခင်မှာ
နှင်းရနံ့တွေခေါ်ဆောငိလာတော့မယ်
ကိုယ်စိုက်တဲ့စပါယ်ရုံလေးတွေလည်း
နှင်းညှို့အားနဲ့
သူပွင့်နိုင်သလောက်ပွင့်ပြပါလိမ့်မယ်
မတင်ရွှေကိုလွမ်းလွန်းလို့
ကောင်းကင်အလယ်မှာ
ကြယ်တွေတဖောင်းဖောင်းထပွင့်တာကိုလည်း
ကိုယ်မြင်တတ်နေပါပြီ ။
မတင်ရွှေရေ...
မျှော်လင့်ချက်ဆိုတာ
ငါးမျှားချိတ်မှာမိနေတဲ့ငါးကလေးရဲ့
နောက်ဆုံးရုန်းကန်အားလိုပဲ
သိပ်ကိုပြင်းထန်နာကျင်ရတယ်
ဖြစ်နိုင်မယ်ဆိုရင်တော့
မတင်ရွှေနဲ့အတူ
ဥသျှစ်ရွက်နုကလေးတွေနဲ့ငါးပိရည်ဖျော်ပါဝင်တဲ့
ထမင်းလက်ဆုံတစ်ပွဲ
လယ်ကန်သင်းရိုးမှာအတူထိုင်လို့
ရဲရဲရင့်ရင့်စားခွင့်ရချင်တယ် ။ ။
(မတင်ရွှေသို့သတိရခြင်း ၃)
မတင်ရွှေရေ...
ငါတို့ရဲ့လယ်တောကလေးမှာ
အဝါရောင်တွေစွန်းထင်းလာပြီလား
မနက်ခင်းဟာ..
ကမ္ဘာမြေပေါ်
နေရောင်ခြည်တွေမညှာမတာအန်ထုတ်နေတယ် ။
စီးမျောလာတဲ့လေပြေနုအေးထဲမှာလည်း
ဆောင်တော်ကူးရနံ့တွေပါဝင်လာသလိုလို
ကြည့်မြင်လေရာတိုင်းမှာ
မတင်ရွှေရဲ့လင်းရနံ့တွေနဲ့
မိုးအကုန်ဆောင်းအကူးကာလဟာ
ဘာနဲ့မှမတူအောင်လှနေတယ် ။
ငါသိပ်ချစ်မိနေတယ်မတင်ရွှေရယ်
နင့်ကိုချစ်ရတာလေ
ကိုယ့်အမြီးကိုယ်ပြန်ထားရတဲ့မြွေလိုပဲ
ဘယ်လိုဆုံးခန်းတိုင်မလဲမသိနိုင်ဘူး
မြိုသိပ်ထားရတဲ့အလွမ်းတွေကလည်း
အပြင်းစားအက်တမ်ဗုံးတစ်လုံးပေါက်ကွဲသွားသလို
သေသပ်ပြင်းထန်လွန်းတယ် ။
ဒီအိုင်တီခောတ်မှာက
စွမ်းဆောင်ရည်တွေအကြောင်း
စွမ်းဆောင်ပေးနိုင်သူတွေအကြောင်း
သိပ်ကိုလူပြောများတယ် ။
ကိုယ်ထင်ပါတယ်မတင်ရွှေ
ဒီဘက်ခောတ်ရဲ့အချစ်နဲ့တွေ့ရင်
ကုဋေ(၈၀)သူဌေးသားလည်း
သူတောင်းစားဖြစ်ရုံကလွဲလို့ဘာမှမပိုနိုင်ပါဘူး ။
တွက်ချက်မှုတွေသိပ်များရင်
ကိန်းဂဏန်းတွေတန်ဖိုးမဲ့သွားတတ်တယ် ။
မတင်ရွှေကိုကိုယ်ဘာမှမပေးနိုင်ပါဘူး
ကိုယ်ပေးနိုင်တဲ့အိပ်မက်တစ်ဆင်စာထဲမှာ
ရောမပြက္ခဒိန်ထဲကမိုးရာသီတစ်ခုပါမယ်
မိဿရာသီခွင်ထဲကဆိတ်တစ်ကောင်နဲ့
အနီရောင်စိတြကြယ်တစ်လုံးပါမယ်
ဆောင်းနှင်းတွေပေကျံနေတဲ့
ဂျစ်ပစီတစ်ယောက်ရဲ့တေလေကဗျာတစ်ပုဒ်ပါမယ်
ဒီလောက်ပါပဲမတင်ရွှေ ။
ဘယ်ကြမ္မာဂြိုဟ်စီးလို့များ
မတင်ရွှေနဲ့ဝေးနေရသလဲ
ရွာဦးကျောင်းကပ္ပိယကြီးရဲ့ကျောက်သင်းပုန်းပေါ်မှာ
ကိုယ်တို့ရဲ့ကံတရားတွေ
ဘုမ္မိကျနေသလား...
ယတြာတွေချေရင်း
ခိုတွေလွှတ်ရင်း
ငါးစာတွေကျွေးရင်း
မတင်ရွှေကိုရင်ခွင်ထဲမှာထွေးပွေ့နိုင်ဖို့
ကိုယ်ဆုတောင်းနေတုန်းပဲ ။
မတင်ရွှေရေ...
မကြာခင်သီတင်းကျွတ်တော့မယ်
ဒီတစ်ဝါကုန်လည်း...
ငါကတော့ခေါင်းမော့နိုင်မယ်မထင်ဘူး
မင်းယုံကြည်တဲ့သာတီဆဲဗင်းတွေကို
ပူဇော်ပသကြည့်ပါလားမတင်ရွှေ
ကျေးတော်မျိုးကျွန်တော်မျိုးတို့ဖူးစာကို
မှိုင်းမမပေးနိုင်တော့ဘူးလား
ရှိသမျှအလင်းတိုင်တွေထွန်းပြီး
ဆီမန်းမန်းသလို
ပါးစပ်ကတတွတ်တွတ်ဆုတောင်းကြည့်ပါလား ။
တစ်ခုခုထူးခြားလာခဲ့ရင်တော့
ငါဆွဲပေးတဲ့ကြာဆစ်လည်ဆွဲကလေးနဲ့
မီးထွန်းပွဲတော်ကို
ငါတို့အတူအလင်းလှုံကြရအောင်ပါ ။
ကောင်းကင်မှာအပျိုကလေး
လှေလှော်နေသလား
ရေအိုးကလေးကိုသယ်မ,ထားသလားသေချာမသိဘူး
ကန်ရာသီဟာမိုးငွေ့တွေအန်ထုတ်နေတယ်
ကြာဖြူကြာနီတွေက
ဆောင်းလေပြေကိုလက်ယပ်ခေါ်နေတယ်
ငါလည်းနင့်ကို...
အရမ်းလွမ်းနေတယ်မတင်ရွှေ ။ ။
(မတင်ရွှေသို့သတိရခြင်း ၄)
မတင်ရွှေရေ...
ငါ့ကိုတစ်သက်လုံးဘိန်းမုန့်ရောင်းကျွေးဖို့မလိုပါဘူး
ငါ့ရဲ့ကော်ဖီဘားကလေးက
နင့်ကိုခောတ်သစ်ရေစီးကြောင်းထဲ
ဆွဲခေါ်သွားမှာပါ ။
ငါ့မှာ
ငှက်ပျောအူတိုင်လိုပဲ
အမျှင်မပြတ်တဲ့အိပ်မက်တွေ
တရစပ်မက်နေရပြီ
အဲဒါမင်းကိုချစ်လို့ပေါ့မတင်ရွှေရယ်
မင်းကိုချစ်မိလိုက်မိကတည်းက
လွမ်းဆွတ်ခြင်းဟာ
ငါ့နောက်ကိုမီးခိုးကြွက်လျှောက်လိုက်နေပြီ ။
ခုတော့စက်တင်ဘာဟာ
သူ့ဖိနပ်ကလေးသဲကြိုးပြတ်တာကို
တွယ်ချိတ်နဲ့တွယ်ပြီး
ထော့နဲ့ထော့နဲ့ဖြစ်နေတယ် ။
မတင်ရွှေရယ်
ငါ့ကိုချစ်ဖို့ဆိုရင်တော့
ဆီမီးခွက်မငွေလှိုင်လို
သေတ္တာမှောက်အကတွေကပြစရာမလိုပါဘူးကွဲ့
ဂီတနဲ့ဝေးတဲ့ငါက
မင်းဆိုနေတဲ့R&Bနဲ့hip hopသီချင်းတွေကိုလည်း
ဝင်ခွင့်ပြုလိုက်ရမှာပါပဲ ။
ဟော
ဟိုမှာကြည့်စမ်းမတင်ရွှေ
ငါးရံ့အူဆီပြန်ဟင်းနဲ့ပုဇွန်ချဉ်သုပ်ထမင်းဝိုင်းလေးက
ငါတို့ကိုပြုံးပြနှုတ်ဆက်နေတယ် ။
မင်းအတွေးမင်းအိပ်မက်ထဲမှာ
ယူရိုပီယံညစာစားပွဲတွေကြီးစိုးနေသလား
ခဏလေးမေ့ထားလိုက်မတင်ရွှေ
အလိုမတူတဲ့သီချင်းကိုနားဆင်ရတာ
စိတ်တွေညောင်းတယ်
မင်းကသာအလိုရှိရင်...
ဆယ့်နှစ်ပွဲဈေးသည်တွေရောင်းတဲ့ရေမုန့်ကိုအတူစားရင်း
ဗန္ဓုလဓားတစ်ယောက်တစ်လက်စီဝယ်ကြရအောင်ပါ
ငါတို့ရဲ့ဝံပုလွေရနံ့တွေကိုခုတ်ပိုင်းမလို့ ။ ။
(မတင်ရွှေသို့သတိရခြင်း ၅)
ချစ်ရတဲ့မတင်ရွှေရေ...
ခောတ်အဆက်ဆက်လူတွေ
ချစ်တဲ့သူကိုချစ်တဲ့အကြောင်း
ဘယ်လိုများစာလုံးပေါင်းခဲ့သလဲ
နင့်ကိုချစ်ရတာလေ
ငါ့နှလုံးသားမှာ
ဗျည်းသံ,သရသံတွေဆူညံနေပြီ
ဘာလိုလိုနဲ့
ငါ့သစ္စာတရားတွေ
မီးတောင်တစ်ခုလိုပေါက်ထွက်တော့မယ် ။
တစ်ခါတစ်ရံတော့
ညလုံးပေါက်ပွဲကြည့်ပြီး
မနက်မိုးလင်းမှပွဲခင်းကပြန်လာတဲ့သူတစ်ချို့က
ငါ့ရင်ဘတ်ကို
သူတို့မျက်လုံးဟောက်ပက်ကြီးတွေနဲ့ကြည့်ကြပါတယ်
ဘာကိုမြင်သွားသလဲမသိဘူး
သူတို့ကိုယ်သူတို့တော့လူစော်နံသွားကြမယ်ထင်ပါတယ် ။
ငါ့မှာတော့
ထိမ်းမနိုင်သိမ်းမရအချစ်တွေနဲ့
ဘယ်တိမ်ခိုးရာသီကိုထွန်ရေးငင်ရမလဲမသိသေးဘူး ။
ဒီတစ်ပါတ်မြင်းtipစာအုပ်မှာ
"နယ်လ်ဆင်"ဆိုတဲ့မြင်းကို
ငါမျဉ်းသားထားလိုက်တယ်
ဘာမှမဆိုင်ပေမယ့်
နင့်ကိုသိပ်သတိရမိတာပဲမတင်ရွှေ
အဒီမြင်းဟာခွက်ခွက်လန်အောင်ရှုံးသွားတယ်
ဂျော်ကီရဲ့အပြစ်လား
မြင်းရဲ့အပြစ်လား
ပြိုင်ပွဲရဲ့အပြစ်လား
တကယ်တော့
ဘယ်သူ့ကိုဘယ်သူကမှမမှားခဲ့ကြပါဘူး ။
လောင်းကြေးထပ်မိတဲ့ငါ့ရဲ့အပြစ်ပါပဲ
အဲဒီလိုနဲ့
မြင်းပွဲကအပြန်
နင့်နာမည်လေးပျံ့မွှေးမွှေးကို
မြင်းဟီသလိုငါဟီပစ်ခဲ့တယ် ။
ငါလွမ်းလိုက်တာမတင်ရွှေရယ်
မုန့်ဟင်းခါးစားပြီးရင်
မုန့်ဟင်းရည်အဆစ်တောင်းတဲ့
ဗမာလူမျိုးတို့ဓလေ့ကိုငါချစ်သလို
နင့်ကိုငါချစ်တာပါဟာ
ငါချစ်တာကိုသိပါ
ငါ့နှလုံးသားကိုမြင်ပါ
အလွမ်းဟာ
ရေနွေးငွေ့ရထားစက်ခေါင်းလိုပဲ
အရှိန်ရလေရုန်းကန်ပေါက်ကွဲလေပဲကွယ့် ။
စစ်မှန်တဲ့အချစ်တစ်ခုရဖို့ဆိုရင်တော့
ဆန်ကျိတ်ခွဲတဲ့ငါးပုံကျောက်လို
နှစ်ဦးနှစ်ဖက်အသွားညီညာဖို့လိုတယ်
ဒါတွေကိုလည်းမင်းသိမှာပါမတင်ရွှေရယ် ။
မတင်ရွှေရေ...
ကောင်းကင်ကနိမ့်ဆင်းတွဲကျနေတဲ့
တိမ်တစ်အုပ်ကိုတွေ့ရင်
ငါ့ကိုသတိရပေးပါလား
နင့်ကိုသိပ်ချစ်တဲ့
၃၃နှစ်သားလူမိုက်တစ်ယောက်ရဲ့နာမည်ကို
တိုးတိုးကလေးရွတ်ကြည့်ပါလား
ဘဝမှာဘာမှဖြစ်မသွားကြပေမယ့်
နင့်ကိုချစ်သွားတဲ့လူဆိုတာ
ငါသိသွားချင်လို့ပါမတင်ရွှေရယ် ။ ။
("မတင်ရွှေသို့သတိရခြင်း ၆")
ချစ်ရတဲ့မတင်ရွှေရေ....
ရပ်တည်ချက်ခြင်းကွဲပြားတဲ့
ကိုယ်တို့နှစ်ယောက်ရဲ့ဘဝတွေက
တကယ်ဆိုရင်....
ဘယ်လိုမှတ်တမ်းမှတ်ရာမှာမှ
ရေးထိုးဖို့မလုံလောက်ဘူး ။
မတင်ရွှေတို့တိုင်းပြည်မှာ
ဒီအချိန်ဆို...
ဆောင်းလေပြေတွေစီးမျောနေပြီလား
စီရရီလှပနေတဲ့မီးပုံးကလေးတွေ
ဖြူဖွေးလွင့်ကြွားနေတဲ့ခဝဲပွင့်ကလေးတွေ
မှိုင်းမှိုင်းလွလွနှင်းညလေးတွေနဲ့
မတင်ရွှေတို့တိုင်းပြည်ကစပါးဖုံးလဟာ
သိပ်ကိုလှပနေမှာပါပဲ ။
ကံကြမ္မာအလှည့်ပေးလို့
ဇာတာစန်းလာဒ်တက်ကြွချိန်တွေရောက်ရင်လေ
ကိုယ်ချစ်တဲ့ကောင်မလေးမွေးဖွားရာ
မတင်ရွှေတို့တိုင်းပြည်ကို
သေသေချာချာလာကြည့်ဦးမှာပါ ။
ဒီအချိန်
သီတင်းကျွတ်တန်ဆောင်မုန်း
နှင်းတွေတအုန်းအုန်းကျတဲ့လမှာ
ကြာဖြူ,ကြာနီ,ကြာညို,ကြာပဒုမ္မာ,ကြာပုဏ္ဍရိတ်
တိတ်ဆိတ်တဲ့လရိပ်အောက်ကုမုဒြာ
ကံမင်းနန္ဒာအလည်က
လျှံသင်းဖြာနေတဲ့ကြာတွေအလှပဆုံးလမှာ
ကောင်းကင်နှင်းအားနဲ့အရမ်းလှပနေမှာပါ ။
ကြာပန်းကိုကိုယ်စားပြုပါတဲ့
ကိုယ်တို့တိုင်းပြည်ကကြာတွေနဲ့
မတင်ရွှေတို့တိုင်းပြည်ကကြာပန်းတွေ
ဘယ်ပန်းရွှေကြာကပိုလှလေမလဲ
ကိုယ်တစ်ခါတစ်ခေါက်လာရောက်ကြည့်ရှုမှာပါ ။
မတင်ရွှေရေ...
ဘယ်တော့မှဖြစ်မလာပေမယ့်
စိတ်ကူးကလေးပေါင်းများစွာက
စိတ်ကိုရိုက်ပုတ်လှုပ်နှိုးနေတုန်းပဲ
မတင်ရွှေနဲ့အတူကြာပန်းကလေးတွေကြည့်ချင်တယ်
ကြာပန်းကလေးတွေခူးယူပေးချင်တယ်
ကြာဆစ်လည်ဆွဲကလေးတွေဆင်မြန်းပေးချင်တယ်
ကြာဆစ်ပုတီးလုပ်ရင်း
ကြာရိုးတွေကိုအဆာပြေအတူစားချင်တယ်
ကြာခွက်ဆန်တွေကိုအတူစားချင်တယ်
ဝက်မြေဇာဥလောက်မဆိမ့်ပေမယ့်
မတင်ရွှေနဲ့အတူစားရတဲ့ကြာဥကြာခွက်ကလေးတွေက
ပိုပြီးချိုဆိမ့်နေမှာပါ
အဲဒီလိုပဲကိုယ်ထင်ပါတယ် ။
နှင်းရည်နှင်းဥတွေသီးခိုနေတဲ့
ပတော်မြက်,ဆင်ငိုမြက်တွေကိုနင်းဖြတ်ရင်း
မတင်ရွှေနဲ့အတူလမ်းလျှောက်ချင်တယ် ။
မသေချာပေမယ့်
မတင်ရွှေချက်ကျွေးမယ့်
ကသပေါင်းငါးဟင်းရေချိုချက်ကလေးရယ်
ဗမာကန်စွန်းရွက်နီနီရဲရဲအညွန့်ကလေးတွေကို
ငါးနဲ့ချဉ်ရည်ချက်ထားတဲ့ဟင်းတစ်ခွက်ရယ်
ပေါက်ပန်းဖြူပွင့်ပြုတ်တို့စရာ
သခွတ်ပွင့်ခြောက်ပြုတ်တို့စရာတွေနဲ့
ငါးပြေမမီးဖုတ်ပြီးဖျော်ထားတဲ့
ငါးရုတ်သီးစပ်စပ်ငါးပိရေကျိုခွက်ကလေးရယ်
စိတ်ကူးထဲကထမင်းဝိုင်းကလေးကို
ကိုယ်လွမ်းလိုက်တာမတင်ရွှေရယ် ။
ဆောင်းလေညှင်းကလဲစူးစူးရဲရဲတိုက်ခတ်နေမယ်
ချဉ်ပေါင်ပွင့်ဖြူဖြူကလေးတွေကလည်း
ယိမ်းနွဲ့လှပနေမယ်...
ရိတ်သိမ်းပြီးစလယ်ကွင်းတွေကိုဖြတ်သန်းလာတဲ့
ရိုးပြတ်ရနံ့ကလေးကလည်း
သင်းမြစူးရှနေမယ် ။
မတင်ရွှေရဲ့ဆံနွယ်ကလေးတွေကလည်း
ဗသိုဗင်ရဲ့ဂီတသံစဉ်လို
ယိမ်းဝင့်ကခုန်နေမယ် ။
ကိုယ့်အတွေးတွေမိုင်ထောင်ချီရင်း
မတင်ရွှေတို့တိုင်းပြည်က
အလှပဆုံးကဗျာကလေးတွေကိုခိုးယူရင်း
ကိုယ်ပြန်သွားရတော့မယ်လေ ။ ။
("မတင်ရွှေသို့သတိရခြင်း ၇")
မတင်ရွှေရေ...
ငါတို့စိတ်တွေကိုတင်ဆောင်မယ့်
ကောင်းကင်လှေကူးတို့တွေ
ဘယ်သောင်ဘယ်ကမ်းကိုဆိုက်ကြပြီလဲ ။
မင်းလက်ခုပ်ထဲက
ကြယ်မှုန်ကြယ်မွှားတွေရဲ့အလင်းနဲ့လည်း
ငါ့စိတ်တွေကိုလှော်ခတ်နိုင်ပါတယ် ။
ဒီတစ်ဆောင်းမှာတော့
ဘယ်အလင်းကိုလှုံပြီး
ငါလုံခြုံခွင့်ရမလဲ ။
ချီချီကြွကြွဝင်ရောက်လာမယ့်
နှင်းစစ်တပ်တစ်တပ်လုံးက
ငါတို့ရဲ့စံပါယ်ခံတပ်ကလေးကို
ပြန်လည်သိမ်းယူသွားတော့မယ် ။
နင့်ကိုငါလွမ်းလိုက်တာမတင်ရွှေ
မတင်ရွှေရဲ့မျက်တောင်ကော့ဖျားကလေးမှာ
ငါ့ကဗျာတစ်ပုဒ်တွဲခိုနေတယ်
မတင်ရွှေရဲ့ပါးဖောင်းဖောင်းကလေးမှာ
ငါ့အိပ်မက်တွေတက်ကုန်ရွက်ကုန်ဝေနေတယ်
မတင်ရွှေရဲ့ရယ်သံလွင်လွင်ကလေးမှာ
"ဆောင်းအမှီ"သီချင်းက
အေးစက်စက်လက်ချောင်းတွေနဲ့
ငါ့ကိုလက်ယပ်ခေါ်နေတယ် ။
မတင်ရွှေရဲ့အပြုံးယဲ့ယဲ့ကလေးပေါ်မှာ
ငါ့ချစ်မြတ်ရခြင်းပေါင်းများစွာက
နှင်းမြူတွေလိုပိန်းပိတ်အောင်ဝေနေတယ် ။
ဘယ်လိုနှောင်ကြိုးမျိုးလဲမတင်ရွှေရယ်
ဖွဲ့ဖွဲ့နွဲ့နွဲ့မပြောတတ်ပေမယ့်
ဘာနဲ့မှမတူအောင်ငါလွမ်းနေပါတယ်
ဒီတစ်ခါကောင်းကင်လှေကြုံတွေတွေ့ရင်
မတင်ရွှေကိုလွမ်းရကြောင်း
တစ်ကျွန်းသားတစ်ပြည်သားရဲ့ကဗျာတစ်ပုဒ်
ကြယ်လက်တစ်ဆုပ်ရဲ့အလင်းရောင်နဲ့
နှင်းဆီတွေအလင်းခိုတဲ့ကျွန်းအထိ
ငါမျှောလိုက်ပါ့မယ် ။
မတင်ရွှေထံမှောက်
ပန်းခမောက်ဆောင်းထားတဲ့လေပြေတို့
ဦးတည်တိုက်ခတ်နေပါစေ ။ ။
("မတင်ရွှေသို့သတိရခြင်း ၈")
မတင်ရွှေရေ....
မင်းရဲ့မနက်ခင်းမှာဝေတဲ့နှင်းနဲ့
ငါ့နှလုံးသားမှာဝေတဲ့နှင်း
ဖြူစင်ပုံခြင်းထပ်တူကျပါရဲ့လားကွယ် ။
မငိုပါနဲ့
တရုတ်သရဲမလေးရယ် ။
မင်းမျက်ဝန်းကျဉ်းကျဉ်းလေးထဲမှာ
ငါ့ကမ္ဘာတစ်ခြမ်းပါသွားခဲ့တာပါ ။
တကယ်ပါမတင်ရွှေရယ်...
စက္ကူပန်းတွေဝင်းဝင်းဝေဝေမြင်တိုင်း
ငါနင့်ကိုသတိရပါတယ်
ဆောင်းရာသီပွဲတော်တစ်ခုလုံး
အဲဒီအစိမ်းရောင်နက္ခတ်တစ်လုံးအကြောင်းပဲလူတွေပြောကြတယ် ။
ငါ့မှာတော့
မင်းကိုလွမ်းရင်း
ငါ့ကဗျာတွေပြန်လည်ရှင်သန်ဖို့
ဘယ်ဗောဓိသတ္တတွေဆီဆုတောင်းရဦးမလဲမသိဘူး ။
အဲဒီ..
ပါးဖောင်းဖောင်းလေးနဲ့
တရုတ်သရဲမကလေးကသာ
ငါ့ရဲ့ကဗျာတစ်ပုဒ်ပါ ။
ဖြစ်နိုင်မယ်ဆိုရင်လေ
ဆွန်ဇူရဲ့စစ်တိုက်ကျမ်းတစ်ခုလုံး
မင်းအပြုံးတွေနဲ့ပြောင်းလဲပစ်ချင်တယ် ။
မင်းမျက်မှန်ပါဝါတိုးတဲ့အခါ့
ငါ့နှလုံသားကိုအပေါင်းလက္ခဏာအဖြစ်
ထည့်တိုးပေးချင်တယ် ။
မင်းတို့ရဲ့သင်းချိုင်းကန်တော့ပွဲကျရင်
အစိမ်းရောင်ဖိနပ်ကလေးစီးပြီး
ငါ့ကိုတစ္ဆေလာခြောက်ပါ ။
သုညတွေအများကြီးပါတဲ့
ငါ့ဖုန်းနံပါတ်ကိုဖုန်းခေါ်ပါ ။
တကယ်တော့
ကိုယ်ကတေလေနက္ခတ်နဲ့မွေးတဲ့
ကြယ်ဖမ်းသမားပါမတင်ရွှေ
မင်းတို့စိနတိုင်းက
မက်မုံသီးပွဲတော်တွေအကြောင်း
ကိုယ်သေချာမသိဘူး
ဘယ်မင်းဆက်မှာမင်းကိုမွေးဖွားသလဲ
တရုတ်ဆယ့်နှစ်ကောင်ရုပ်ထဲမှာလည်း
ငါ့ရာသီရုပ်ကိုမတွေ့ဘူး ။
မင်းကိုလွမ်းရင်းနဲ့ပဲ
ကိုယ့်ရဲ့ကြယ်ဖမ်းရာသီတစ်ခုလုံး
ပိုက်ကွန်တွေပြဲနေခဲ့တယ် ။
မတင်ရွှေရေ....
မီးဖိုချောင်စောင့်နတ်မင်းကြီးကိုတွေ့ရင်လေ
ငါသေသေချာချာပြောပြလိုပ်ပါ့မယ်
မတင်ရွှေကငါ့ရဲ့ ယင်,ယန် ပါ
မတင်ရွှေကငါ့ရဲ့ ပါ့ကွာ့ပါ
မတင်ရွှေကငါ့ရဲ့ တာအိုဇင်ပါ
မတင်ရွှေကငါ့ရဲ့ တောက်တဲ့ကျင်းပါ
မတင်ရွှေကငါ့ရဲ့ ယိချင်းပါ ။
မတင်ရွှေကငါ့ရဲ့ ချီဆိုတဲ့အသက်ဓာတ်ပါပဲ ။
ငါလွမ်းနေတယ်မတင်ရွှေ
ကွန်ဖြူးရှပ်ရဲ့ကျောင်းသုံးစာအုပ်ထဲက
တစ္ဆေပွဲတော်ရဲ့မီးပုံးအနီရောင်တွေနဲ့အတူ
ငါ့ကိုသတိရ...
ခေါင်းလောင်းထိုးသံတွေဆူညံနေတယ်
တာရာဒေဝီနတ်သမီးနက္ခတ်တွေ
ကောင်းကင်မှာလင်းတော့မယ်
မတင်ရွှေရေ..,
နင့်ကိုငါလွမ်းနေတယ် ။ ။
("မတင်ရွှေသို့သတိရခြင်း ၉")
ဒီနေ့တော့
နှင်းငွေ့ယှက်သမ်းတဲ့လေပြေကလည်း
ဆာဆာလောင်လောင်တိုက်ခတ်နေတယ်။
ကိုယ်တို့ကိန်းတန်းကလေးတွေနဲ့ပဲ
စကားပြောကြရအောင်ပါမတင်ရွှေ ။
ဒဿမတွေအများကြီးခံထားတဲ့
သုညတစ်လုံးလို
ကိုယ့်အချစ်တွေတန်ဖိုးဆွဲမြှင့်ခဲ့ဖူးတယ် ။
အချစ်ဟာ....
methotလား...
ဒါမှမဟုတ်theoryတစ်ခုလား ။
ကွဲပြားမှုတွေငါ့မှာမရှိတော့ဘူး ။
ငါတို့ကန္နရာချောင်းမခြားခဲ့ကြဘူး
စကြာဝဠာရဲ့အပြင်ဘက်အထိ
အချစ်တစ်ခုတည်းနဲ့ငါလွင့်စင်ခဲ့တာ
တကယ်ဆိုရင်မတင်ရွှေကသာ
ငါရဲ့ဂဲသြမေထရီကဗျာတစ်ပုဒ်ပါ ။
ငါ့ခြေလှမ်းတိုင်းမှာ
စက်ဝိုင်းခြမ်းတွေ
မျဉ်းကွေးတွေ
မျဉ်းဖျောင့်တွေ
အက်စစ်ပန်းတွေလိုပွင့်ပွင့်သွားကြ ။
နွေရထားတွေခုတ်မောင်းသွားတော့
အသဲကွဲခြင်းဟာ
လူမိုက်တွေရဲ့Science..subject.တစ်ခုပါလို
ငါလက်ခံလိုက်တယ် ။
ပြီးတော့....
သင်ရိုးညွှန်းတမ်းတွေက
ငါ့ကိုသတ်ဖြတ်စားသောက်ကြ
ငါ့မှာ....
လဝန်းကျကွဲသံကိုနားထောင်ဖို့
နောက်ကျနားတစ်စုံရခဲ့တယ် ။
ဂျူလီယန်ပြက္ခဒိန်ထဲက
စဖင့်ရုပ်ထုတွေရဲ့အိနြေ္ဒကြီးမှုမျိုးနဲ့
နောက်ဆုံးတော့လည်း
နိုင်းမြစ်ထဲကဗေဒါတွေ
ငါ့သောင်ငါ့ကမ်းမှာပဲ
ခရမ်းရောင်တစ်ဝုန်းဝုန်းတောက်လောင်လို့
အဲဒါ....
အရွေ့သုညရဲ့
point of consciounessပဲ ။
ငါသိပြီမတင်ရွှေ....
လတစ်စင်းအဖြစ်မင်းမလာချင်နေပါ
ကြယ်တစ်စင်းအဖြစ်ငါမြင်နေရတာကိုက
ငါ့ရဲ့ငတ်မွတ်မှုပါပဲ ။
0+0-0=0
ကိန်းတန်းကလေးတွေကိုပဲ
ငါတို့ဥုံခံပြီးမန်းမှုတ်ကြမယ် ။
အိုင်းစတိုင်းရဲ့သီအိုရီက..
atomနဲ.စင်္ကြာဝဠာကိုတိုင်းတာရမှာ..
အသုံးကျပါတယ် ။
ငါ့အချစ်ပျော်ဝင်မှုသိပ်သည်းဆကတော့
ဘယ်နှိုင်းရသီအိုရီနဲ့တွက်ချက်ရမလဲ
အတွေးတွေဟာ
အရူးတစ်ယောက်ရဲ့အိပ်မက်ကို
ငှားပြီးမက်ရသလိုပါပဲ ။
နှိုင်းယှဉ်မှုတွေ
ပြယုဒ်တွေ
နိမိတ်ပြစကားလုံးတွေ
ဘာနဲ့ဘယ်လိုပြောပြော
နောက်ဆုံးတော့
မတင်ရွှေကိုလွမ်းရကြောင်းပါပဲ ။
မတင်ရွှေရေ...
နေမမြင့်ပဲအရူးရင့်ခဲ့ပြီကွဲ့
မှောင်ရိပ်ထဲကအလင်းlockကိုဖွင့်ဖို့
အမှန်တရားကိုဦးညွတ်လိုက်ပါတယ် ။
နင့်ကိုငါချစ်တယ်မတင်ရွှေ ။ ။
("မတင်ရွှေသို့သတိရခြင်း ၁၀ ")
မတင်ရွှေရေ....
ငါတို့နှလုံးသားတွေရဲ့ကံကြမ္မာကို
ဘယ်နတ်ဒေဝတာတွေ
စိုးမိုးခြယ်လှယ်နေကြသလဲ ။
တကယ်ဆိုရင်
ဖဲချပ်ကလေးတွေရဲ့
နိမိတ်ပြစကားလုံးတွေက
ဘောင်ခတ်လို့ရမယ်မထင်ပါဘူး ။
မင်းသိရဲ့လားမတင်ရွှေ
ငါက....
လူတွေအရူးလို့သတ်မှတ်ခံထားရတဲ့
၂၁ရာစုရဲ့ကဗျာဖတ်ပရောဟိတ်ပါ
ငါ့နှလုံးသားကိုငါကြွေပစ်သလိုပစ်ရင်း
ရင်ကွဲနာဟောစာတမ်းတွေထုတ်ခဲ့တယ် ။
ပြီးခဲ့တာတွေလည်းမပြီးဘူး
မပြီးခဲ့တာတွေလည်း
ဘယ်တော့မှထပ်မပြီးတော့ဘူး
ဘယ်လိုခုတ်လှဲရိတ်သိမ်းခံရမှုမျိုးကိုမှမမှုနိုင်တဲ့
လေပြေလိုမေတ္တာမျိုးနဲ့
မတင်ရွှေကိုချစ်ခဲ့တာပါ ။
Dvijasတဲ့
သက္ကဋစာလုံးလေးတစ်လုံးနဲ့
ငါစကားပြောခဲ့ဖူးတယ်မတင်ရွှေ
"နှစ်ကြိမ်မြောက်မွေးဖွားခြင်း"တဲ့
သူ့ကြောင့်ပဲ...
Oeultismတွေထဲမှာ
မတင်ရွှေရဲ့ဝိညာဉ်သစ်ကိုရှာဖွေခဲ့တယ်
powerတွေတော့မရခဲ့ဘူး
မျှော်လင့်ချက်တွေတစ်တောတက်တစ်တောင်ဆင်းရင်း
အရူးရင့်လေရင်ပွင့်လေပဲဖြစ်ခဲ့တယ် ။
တကယ်တော့အဲဒါဟာ
Initiationပါပဲ...
ဘယ်ထုံကိုဘယ်လိုကူးကူး
မတင်ရွှေကိုချစ်တဲ့အချစ်တွေကတော့
အခါခါရှင်ပြန်ထမြောက်နေမှာပါပဲ ။
the wheel of fortune
၁၀ဂဏန်းဟာ
မှော်ဆရာရဲ့david starတဲ့
မေဂျာကဒ်၂၂ကဒ်ထဲမှာ
ငါကwizardပဲ
အခါခါနိုးထမန်းမှုတ်ရင်း
ငါ့စက်ရဟတ်လည်ဖို့
မတင်ရွှေကိုချစ်သည်ထက်ချစ်ခဲ့တယ် ။
မတင်ရွှေရေ....
ငါ့အိပ်မက်တွေအလဲလဲအပြိုပြိုဖြစ်ခဲ့တဲ့
25ဂဏန်းတစ်လုံးရှိတယ်
ဝိနိစ္ဆယနတ်သမီးပုံကားချပ်နဲ့
ငါ့အိပ်မက်တွေကိုသတ်ခဲ့တယ်ပေါ့
ပြီးတော့...
နှလုံးသားတွေမီးသင့်နေတာတောင်မှ
ငါ့ပိုင်ဆိုင်မှုအမြင့်ဆုံး7ဂဏန်းလေးကို
ငါလွမ်းလိုက်တာမတင်ရွှေရယ် ။
ဟောဟိုမှာကြည့်စမ်းမတင်ရွှေ
ရွှေသားရွှေရည်တွေသွန်ချနေတဲ့
ကောင်းကင်တော်ကနေ
ငါဖဲတစ်ချပ်ဆွဲထုတ်လိုက်တယ်
Judgementကဒ်ရတယ်
ပြန်လည်ရှင်ပြန်ခြင်းနဲ့တရားမျှတခြင်းတဲ့
ငါပြုံးလိုက်သလား
ဒါမှမဟုတ်...
စူဠဂန္ဓာရီသမားတွေကိုမသိကျိုးကျွံပြုလိုက်သလား
ဘာမှမသေချာတဲ့လောကမှာ
ကြယ်အုပ်စု
ခွက်အုပ်စု
ကြိုးအုပ်စု
တုတ်အုပ်စု
ဘယ်အုပ်စုမှာမှမပါပေမယ့် ။
မတင်ရွှေကိုချစ်မိလို့
လူမိုက်ဖြစ်ခဲ့ရတဲ့ငါကတော့
ငါ့ကံကြမ္မာငါမဖတ်ကြားနိုင်တဲ့
ကဗျာဖတ်ပုရောဟိတ်ပါပဲမတင်ရွှေ ။ ။
("မတင်ရွှေသို့သတိရခြင်း ၁၁")
မတင်ရွှေရေ....
တစ်ခါတစ်ရံတော့
ကိုယ်သိထားတဲ့အချစ်ဆိုတာကြီးကို
၁၂ပေကြိုးဝိုင်းထဲက
စိန်ခေါ်ယှဉ်ပြိုင်မှုတွေနဲ့
ချိန်ထိုးနှိုင်းဆကြည့်ဖူးပေရဲ့ ။
လဲရှုံး,ကွဲရှုံး,ကြောက်ရှုံး,သက်လုံရှုံး
ဘယ်လိုအရှုံးမျိုးပဲဖြစ်ဖြစ်
ချစ်မိသူဆိုတာ
အမှတ်စဉ်မရေတွက်ခံရပဲနဲ့ရှုံးရတဲ့
အရှုံးသမားသက်သက်ပါမတင်ရွှေ ။
စိတ်ကိုစိတ်ချင်းထိုးသတ်တဲ့ပွဲတော်မှာ
ဝိုင်းဒေါင့်မှာရှင်းပါ
ဝိုင်းလည်မှာတင်ပါ
အကူလူများဆင်းပါဆိုတဲ့
သတိပေးကြေငြာချက်တွေမရှိဘူး
သစ္စာဟာအောင်လံ
မေတ္တာဟာဆုကြေး
အချစ်ရေးတွေအမျိုးမျိုးပြ
အလံချိုးပြီးခါးထိုးပြန်နိုင်သူကတော့
သူရဲကောင်းအစစ်ပေါ့ ။
ငါသိပါတယ်မတင်ရွှေရယ်
စိမ်းကားရက်စက်ခံရခြင်းဆိုတာ
ရင်ဝကိုဒူးနဲ့အတိုက်ခံရသလို
နောက်ကောက်ကျသွားတဲ့ဒဏ်ချက်မျိုးပါ ။
တစ်ထွာရှိတဲ့မျက်နှာ
တစ်တောင်မကွဲဘူးဆိုပေမယ့်
ဘယ်လောက်ရှိမှန်းမသိတဲ့အသဲကတော့
တစ်ဘဝလုံးကွဲရတာတွေရှိပါတယ် ။
တစ်ချိန်တုန်းကတော့
လှလှပပလက်ပန်းပေါက်ခတ်ပြဖူးပါတယ်
ဝိတ်တန်းလည်းမရှောင်
ပီးဆေးလဲမဆောင်ခဲ့တဲ့သတ္တိမျိုးနဲ့
အချစ်ကိုစိန်ခေါ်ခဲ့တယ်
မတင်ရွှေကိုချစ်ခဲ့တယ်ပေါ့ ။
ခုတော့လည်း.....
တစ်ကြိမ်တစ်ခါရှုံးမိရုံနဲ့
ဗိန်းဗောင်းသံတွေကိုနားမထောင်ရဲတော့ဘူး ။
အချစ်နဲ့ထိုးသတ်ရတဲ့စိန်ခေါ်ပွဲမှာ
ငါ....
မရှုမလှရှုံးခဲ့ပါပြီမတင်ရွှေရယ် ။
ချစ်ရတဲ့မတင်ရွှေရေ....
ကံကြမ္မာဟာပွဲသွင်းသူနဲ့တူတယ်ဆိုရင်
ချစ်တတ်တဲ့စိတ်ဟာ
မြှောက်ထိုးပင့်ကော်လုပ်တတ်တဲ့
ရွာစားဆရာရဲ့ကြေးနောင်သံပါပဲ
စိတ်တွေဆူဝေအုံကြွ...
ဘဝမှာ....
၁၂ပေကြိုးဝိုင်းကို
သက်လုံကျလက်ဝှေ့သမားအိုကလွမ်းသလို
မတင်ရွှေကိုငါလွမ်းနေတုန်းပါကွယ် ။ ။
saw jonathanaye
Posted via Blogaway
Comments
Post a Comment