ရေသောက်ဆင်းတဲ့ စာမျက်နှာ
လင်းဆက်ပိုင်
ငါ့ဝေဒနာတွေ ငါ စာမြုံပြန်လို့
ငါ ပျော်ပျော်ကြီးဆွေးနေတယ်
အိပ်မက်ထဲက စိတ်ကူးယဉ်အိမ်လည်း ယိုင်ရွဲ့လို့
ပစ္စုန်ပ္ပန် ၀ုန်းဒိုင်းကြဲ အောင် အက္ခရာတွေ ငိုနေတယ်။
ဘ၀တဲ့ နှစ်လုံးထဲနဲ့ ကြပ်သပ်လွန်းတယ်
ဘယ်လိုပေါင်းပေါင်း ဌာန် ကရိုဏ် မကျနိုင်ဘူးကွဲ့
အမြင့်ပျံဖို့ အတောင်တွေ ကျိုးပြတ်
ခုန်စွ ခုန်စွ ဆက်ရက်လိုကောင်ပါပဲ။
ဒီကွန်ကရစ်လမ်းက ကြမ်းရှလွန်းတော့
ငါ့ဖိနပ်သာပါး ဖ၀ါးတွေသွေးခြေဥနေတာတောင်
ပန်းတိုင်ကို ခပ်ပြပြ မမြင်နိုင်သေး
ဓာတ်တိုင်တွေ အစီအရီ မှိန်ဖျော့စွာလင်း
သူတိုလည်း ၀ပ်အားနည်းစွာ ခေါင်းငုံလျှက်ပါပဲ။
၁၂လရာသီလုံး ငါ့ပွဲလမ်းသဘင် ချွေးတွေရွဲနစ်လို့
လမ်းတိုင်းဟာ လော့တွေ ငြီးငွေ့စရာ ဖြည်ဖို့ခက်ခဲ
ငါ့အတွေးများ သားရဲတွင်းထဲ ကျရောက်နေသလို စကားလုံးတွေ မျက်စိပျက် မျက်နှာပျက်နဲ့
ငါ့စိတ်အမျောကြီးကို ငါသီးခံပေါင်းသင်နေရတယ်။
ဒီလို ငါ့ဘ၀ ဟောင်းလောင်းပေါက်ကြီး ဖားထေးဖို့
မေးခွန်းတွေ ၀ိုင်းစက် ကြက်ဥအစရှာမရသလို
မျက်ကလူးဆန်ပျာ ပျံသန်းနေရတာပါပဲ
ရယ်မောခြင်းအလင်းရောင်ဟာ ငါ့နောက်ကျောမှာ ကပ်လှောင်နေတယ်
ဒါဟာ ငါ့အရိပ်တွေ ရေသောက်ဆင်းတဲ့ ညနေကဖြစ်ပျက်ခဲ့တယ်။
Posted via Blogaway
Comments
Post a Comment