အပူချိန်ပြင်းမှ လန်းဆန်းတဲ့ ပန်း
လင်းဆက်ပိုင်
အရင်လို ခိုးခိုးခစ်ခစ် နေ့ရက်တွေမှမရှိတော့တာ
တကယ်ဆို ပျော်စရာဆိုတာကလည်း
ရယ်မြူးသံတွေနဲ့ ဘာဆိုင်သတုန်း
အတိတ်ဆိုတာ လွမ်းဖို့သက်သက်ပဲ
ဆိုကြပါစို့
အာရုံထဲက ပဲ့တင်သံတွေဟာ ကိုယ်အရူးထမှတ်တမ်းပါပဲ။
သက်ပြင်းပေါင်းများစွာနဲ့ နံနက်ဖြန်ကို ကြိုရင်မောတယ်...
ပစ်စလက်ခတ် ကိုယ့်ရင်ခုန်သံလည်းအမိုးအကာမဲ့နေဆဲ...
ဆိုညည်းမိတဲ့သီချင်းတိုင်းက နှလုံးသားကိုကုတ်ခြစ်တယ်
သံဆူးကြိုး သီချင်းများပါပဲ ငြိတွယ်။
ဖိနပ်ပြတ်အနာဂတ်လည်း ကဆုန်ဆိုင်းရင်း
ကိုယ့်ကံကိုက အဟာရချို့တဲ့လွန်းနေသလား
စိတ်ကို တူးဖော်လိုက်တိုင်း ကိုယ့်သင်္ချိုင်းပဲတွေ့ရ...
ကိုယ့် ကန္တာရလည်း သူ့အပူချိန်နဲ့ ပီပီသ လှတယ်...
အဲသလို ခပ်ရဲရဲပွင့်ပစ်လိုက်တဲ့ လန်းဆန်းလွန်းစွာသော......
ကိုယ်က ကန္တာရ နှင်းဆီပါပဲလေ။
Posted via Blogaway
Comments
Post a Comment