အစိမ်းရောင်မြစ်သို့တမ်းချင်း
ပိုင်စိုးဝေ
စိမ်းညို့ကွေ့ကောက်သောမြစ်ဖျားမှ
အရောင်မထွက်တဲ့ ကျောက်တုံးတစ်ခုကို
တွေ့သောအခါ
ငါ့နှလုံးသားကို သတိရပါလေ။
ဒိုင်ယာရီကြား
ကူးယူရေးမှတ်ထားခဲ့တဲ့
ငါ့မိတ်ဆွေရဲ့ ကဗျာအပိုင်းအစ
အခုတော့
မင်းအတွက်…ငါ့ရည်ညွှန်းချက်ဖြစ်ခဲ့ရပြီ။
သူ့ကျောပေါ်စီးဆင်းသွားတဲ့
ရေအလျင်တိုင်းဟာ
သူ့မျက်ရည်တွေပါပဲလို့
အဓိပ္ပါယ်ဖွဲ့ဆိုခဲ့လျှင်တော့
ကျိန်စာသင့်နေတဲ့နေ့တွေကိုပဲ
သူပျော်ရွှင်လိမ့်မယ်။
အားနာစရာမလိုပါဘူးကွယ်
မင်းလှော်ခတ်ဖူးခဲ့တဲ့
ငါ့နှလုံးသားရာဇဝင်မြစ်ကျဉ်းတစ်လျောက်
အငွေ့ပျံမှုတွေနဲ့
သွေ့ခြောက်ခဲ့ပြီမဟုတ်လား။
အချည်းနှီးတောင်တန်းတွေဆီ
အထီးတည်း ထွက်ခွာသွားရတဲ့အခါ
ငါဖြေသိမ့်နိုင်စရာ…တစ်စုံတစ်ရာ
မင်းဆီကပါခဲ့ပြီမို့
အားနာစရာ
မလိုပါဘူးကွယ်။
တို့နှစ်ယောက်
ဗာဒံရိပ်ကလေးဝေပြီး လူသူရှင်းတဲ့
ကဖေးဆိုင်လေးတစ်ခုမှာထိုင်ပြီး
ဟောဒီလိုမေလရဲ့နေ့လယ်ခင်းမှာပေါ့
လူးလွင့်နေတဲ့ တံလှပ်တွေကိုငေးကြည့်ရင်း
တိတ်ဆိတ်စကားမဲ့ငြိမ်သက်စွာ
နာရီတွေလောင်ကျွမ်းခဲ့ရ။
ငါ့မှာ
တစ်စုံတစ်ရာ အကောင်းဆုံးစိတ်ကူးစိတ်သန်းတွေ
ရှိနေတယ်ဆိုတာ
အဲဒါတွေ အကုန်လုံးမင်းယူ။
ငါ့မှာ
ဘယ်သူမှမချစ်ရသေးတဲ့
နှလုံးသားအသစ်တစ်ခု
အဲဒါကိုလည်းမင်းပဲယူ
ငါဖောက်ခဲ့ပြီးသမျှ
လမ်းအားလုံးပေါ်မှာ မင်းလျောက်သွား
ငါရသင့်ရထိုက်သမျှ
လောကရဲ့ ပေးဆပ်ခြင်းတွေကိုလည်းမင်းယူ
ငါ့ကို ဦးညွှတ်မယ့်
တစ်စုံတစ်ယောက်ရဲ့ဦးခေါင်းကိုလည်း
မင်းပဲပွတ်သပ်
မင်းပဲမြင့်မြတ်နိုင်ပါစေ။
အဲဒီငါ့လက်ဆောင်တွေအားလုံးဟာ
တစ်စုံတစ်ရာ တန်ဖိုးမနည်းခဲ့ဘူးဆိုတာ
မင်းအသိပါပဲ
လူအချို့ကတော့
မင်းဟာ
ငါမက်နေတဲ့အိမ်မက်လေးတစ်ခုတဲ့
တစ်ကယ်တော့…မင်းဟာ
ငါမပိုင်ဆိုင်လိုက်ရတဲ့
အပြာရောင်နေ့လေးတစ်နေ့ပေါ့ကွယ်။
ငါကတော့
အအိပ်မဲ့ညတွေကြား
အတိတ်နဲ့အနာဂတ်ကိုစားသုံးရင်း
မျှော်လင့်ခြင်း အိမ်မက်တွေနဲ့
အိမ်မက်ရဲ့ရာဇဝင်နေ့သစ်တွေကို
အဆုံးရှုံးခံနေရတဲ့ လူတစ်ယောက်ပါ။
တို့…တစ်ဦးနဲ့တစ်ဦး
ပေါင်းစည်းညီညွတ်ခဲ့ဖူးရဲ့
တို့…တစ်ဦးကိုတစ်ဦး
အရူးအမူးလေးမြတ်ကြည်ညိုခဲ့ဖူးရဲ့
တို့…တစ်ဦးပေါ်တစ်ဦး
ပေဆပ်မှုနဲ့ရယူခဲ့ဖူးရဲ့
အခုတော့အဲဒီတရားတွေ
(ဘယ်သူမှကြားဝင်မနှောင့်ယှက်ဘဲ)
သူစိမ်းတွေလိုဝေးကွာခဲ့ကြပေါ့။
သူဝတ်ထားတဲ့ အရေခွံကို
သူစွန့်ခွာရတဲ့အခါ
မြစ်တစ်မြစ်ဆိုတာကတော့
မြွေတစ်ကောင်လို မပျော်ရွှင်နိုင်ဘူးပေါ့။
အားနာစရာ
မလိုပါဘူးကွယ်
ငါပိုင်ဆိုင်နိုင်တဲ့
လောကရဲ့ပညတ်မှန်သမျှနဲ့
ငါ့အတွေးတွေအားလုံးကိုလည်း
မင်းပဲပိုင်ဆိုင်ခဲ့ပြီဟုတ်လား။
ဟင်းလင်းပြင်တွေကိုတော့
ငါကိုယ်တိုင်ပဲ ပိုင်ဆိုဆဲပါလေ။ ။
Posted via Blogaway
Comments
Post a Comment