#သင် မည်သို့ လှမည်နည်း
လင်းဆက်ပိုင်
စိတ်တို့သည် တအီအီရွေ့နေဆဲ လျော့တိလျော့ရဲဖြစ်နေသော...။
အမောထေဖာက်နှလုံးသားကို အောက်ဆီဂျင်ပေးထားရသည် ။
စိတ်၌ထင်ဟပ်နေသောအရိပ်တို့ကာ လက်ယပ်ခေါ်နေဆဲ ...။
သင် မျက်နှာလေးသည် ခွန်အားဖြည့် ကဗျာများသာဖြစ်သည် ။
သို့သော်....
အရောက်သွားဖို့ အမြင်နီး၍ အလှမ်းဝေးနေသကဲ့သို့ တောင်တန်းပမာရှိ၏။
သင်သည် ကျွန်ပ်အား ကဗျာတွေ မွေးဖွားပေးသော...။
အိပ်မက်ဆန် စိတ်ကူးတို့ ကွန့်မြူးစေသူလေး။
သင့် အား မြင်တွေ့ရန် ခက်ခဲလှပေသည်။
ပျင်းရိဖွယ်ကောင်းသော နေ့များ.. .။
သင် လာသည်နှင့် လင်းဝင်းလို့ ကြည်လင်တော့သည်။
အရေခွံခွာချသော်လည်း စိတ်ကတော့ အသစ်မဖြစ်တော့ပါပြီ ...။
တချို့ တချို့သော အပြုံးတို့ကား အလွန်လျှို့ဝှက်ဆန်းကြယ်လွန်းလှသည်။
ပိန်လီလှသောကြယ်ကလေးသည် မှိတ်လက် မှိတ်လတ် လင်းနေနိုင်ပါသည်။
အနီးကပ်ဆုံးရန်သူမှာ အပြုံးဟန်ဆောင်ထားသော အပြုံးစစ်စစ်များဖြစ်သည်။
အရိပ်ကို ဖမ်းရသည်မှာ အလင်းတွေ မောပမ်းလွန်းလှပါသည်။
အမှောင်ထူထူ၌ကာ.အရိပ်တို့ မကျရောက်နိုင်ပြီတကား...။
ထို့ကြောင့် တခါတလေ မိုက်တွင်းနက်ရင်း မှောင်လိုက်ချင်မိသည်။
စိတ်တို့ တွန့်လိမ်ကွေ့ကောက် နေသူသည် ၀ံပုလွေလို ကောက်ကျစ်သော အလှမျိုးသာဖြစ်သည်။
ကျွန်ပ် တွေ့ရှိခဲသော သင် သည် အဘယ်သို့ လှပါသနည်း။
မသိပါ သေချာခွဲခြမ်းစိတ်ဖြာနိုင်ခြင်း မရှိပါ...။
သင် ၏ ရနံ့တို့၌ ကျွန်ပ်မှာ ယစ်မူးခဲ့ချေပြီ...။
သင် ၏ ခြေရင်း၌ ၀မ်ဆင်းခဲ့မိပါသည်...။
အပူ အအေး အလင်း အမှောင် ဆိုး ကောင်း ဟူသမျှ နှစ်ခြိုက်စွာ လက်ခံမိပါသည်။
အဘယ်သို့ လှမည်နည်း။
အဘယ်သို့ က မည်နည်း။
အဘယ်သို့ တင်ဆက်မည်နည်း။
လောကတစ်ခွင်လုံး ညာ၍ ရနိုင်သော်လည်း...။
မိမိ၏စိတ်အား ညာ ၍ မရနိုင်ချေပြီ။
လိပ်ပြာလှလှ သန့်စင်ကြောင်း ခေါင်းလောင်းထိုး၍ လှူပြစရာမလိုတော့ပြီ။
အဇ္ဈတ္တဆိုးယုတ်သူတို့သည် ရေပွတ်ပမာ ခဏတာ၌ ....။
ငရဲ၌ကာ ရှည်ကြာ နေလိမ့်မည်...။
အသင် ဘယ်သို့ လှမည်နည်း။
၃၁၁၂၂၀၁၄
Posted via Blogaway
Comments
Post a Comment