ကောင်းကင်​ကျားကစားပွဲ

Facebook
Main Menu
นาย มังกร ชัยชะนะวรรณ์ with ဒီ ဒီး and 51 others
9 mins · Edited ·
More options
("ကောင်းကင်ဘုံကျားကစားပွဲ")

(၁)
မျက်နှာအဟောင်းကြီးကို
ရေဆေးပြီးတော့
ဘဝတစ်ခုမကုန်မချင်း
ကျွန်တော်မိုးလင်းခဲ့ပါတယ် ။

(၂)
လေစီးကြောင်းထဲကိုမျောပါလာတဲ့
မြို့ပြရနံ့တွေ
လက်ထဲမှာဓားတစ်လက်စီကိုင်ထားတဲ့
ဆေးဆိုးပန်းရိုက်အပြုံးတွေကို
ကျွန်တော်မြင်နေရတယ် ။

(၃)
တစ်ချို့ကတော့...
ဗိုက်ထဲမှာအူဘယ်နှစ်ခွေရှိမှန်းသိအောင်
ပါးစပ်ကြီးတွေဟပြကြတယ်
အူတွေကိုတော့မမြင်မိဘူး ။
ရေရှည်ဝါးနိုင်အောင်အသစ်စိုက်ထားတဲ့
သွားအတုတွေပဲကျွန်တော်မြင်တယ် ။
တစ်ခုသတိထားမိတာက
သူတို့တွေအာပုပ်စော်မနံဘူး
(သွားတိုက်ဆေးစော်ပဲနံတယ်) ။

(၄)
ကျွန်တော်က
သွားနှင့်ခံတွင်းဆရာဝန်မဟုတ်တော့
ပါးစပ်တွေအကြောင်းမသိတာလည်းဖြစ်မှာပါ
စကားသံတွေပီသဖို့အတွက်
ခံတွင်းသန့်ရှင်းရေးဟာ
ဘယ်လောက်အရေးပါနေသလဲ ။
ကျွန်တော်ချစ်တဲ့ကောင်မလေးကိုတော့
ဒီတစ်ရာသီလုံးကျတဲ့နှင်းတွေထက်များတဲ့
စကားပေါင်းများစွာ
ကျွန်တော်ပြောခဲ့ဖူးတာသေချာပါတယ် ။

(၆)
သေချာမှုဆိုတာ
ရိုးရှင်းမှုတစ်ခုကိုအခြေခံပါတယ်
ရိုးရှင်းလှပစွာပဲအဲဒီကောင်စုတ်မလေးနဲ့
ကျွန်တော်ဆုံတွေ့ခဲ့တာပါ ။
အဲဒီနေ့ကနှင်းတွေလည်းကျမနေဘူး
မိုးတွေလည်းရွာမနေဘူး
နေရောင်ခြည်ကလည်းသူ့အလုပ်နဲ့သူ
ဘာမှဖြစ်မနေပဲနဲ့ကို
အဲဒီနေ့စွဲတစ်ခုမှာ
သူမနဲ့ရိုးရှင်းလှပစွာဆုံတွေ့ခဲ့တယ် ။
တစ်ခုတော့ရှိတယ်
အိုမင်းညှိုးချုံးနေတဲ့ခရေပင်အိုကြီးကတော့
သနားတဲ့မျက်လုံးတွေနဲ့
ကျွန်တော့ကိုကြည့်တယ် ။
(ဒါကိုကျွန်တော်နောက်မှသတိထားမိတာပါ)

(၇)
သူနဲ့ကျွန်တော်ဆုံတွေ့တော့
ကျွန်တော့စာအုပ်နောက်ကျောဖုံးမှာ
သူမလာနေချင်ပါတယ်လို့မပြောဘူး
ကျွန်တော်ကလည်းအားနာပါးနာတောင်မပြုံးပြမိဘူး
ကျွန်တော်ကမကောင်းမှုတစ်ခုခုကျူးလွန်ဖို့
စနစ်တကျပြင်ဆင်နေချိန်မှာ
သူကကောင်းကင်ကိုပျံတက်ဖို့
အတောင်ပံတွေအားယူနေတယ် ။
အဲဒီမြောက်ကြွမြောက်ကြွကောင်မလေးရဲ့
နောက်ဖင်မြီးမှာအပ်ချည်ကြိုးတစ်မျှင်
ချည်နှောင်ပေးလိုက်ဖို့စိတ်ကူးမိသေးတယ်
အဆင်ပြေရင်အဲဒီအပ်ချည်ကြိုးကို
ကျွန်တော်ခိုစီးပြီးလူတွေကိုအပေါ်စီးကကြည့်ချင်လို့
ဒါပေမယ့်...
ကျွန်တော်ချည်မပေးဖြစ်လိုက်ပါဘူး
သူနောက်ဆံငင်နေမှာစိုးလို့ ။

(၈)
လေထဲမှာပေါလောမျောနေတဲ့ကောင်မလေးမှာ
ပါးချိုင့်တွေရှိမနေဘူး
စံပါယ်တင်မှည့်လည်းရှိမနေဘူး
သွားတက်တွေလည်းရှိမနေဘူး
နာမည်ကျော်စင်ယော်တောင်မျက်ခုံးတစ်ခုတည်းနဲ့
သူအောက်ခြေလွတ်မယ်ဆိုရင်လည်းလွတ်ချင်စရာပါ ။

(၉)
သူ့မျက်နှာကိုစေ့စေ့မကြည့်ဖူးပဲနဲ့
မိုးနှင်းတွေစိမ့်ဝေလာပါတယ်
သူ့အတွက်ကဗျာတွေမရေးဖြစ်ပေမယ့်
ကျွန်တော်အပ်တစ်ချောင်းဆောင်ထားမိတယ်
အခြေအနေပေးရင်
သူ့ကိုကျွန်တော်အပ်နဲ့ထိုးကြည့်မိပါ ။
မိုးပျံပူဖောင်းတစ်လုံးလို
"ဖောင်း"ခနဲပေါက်ကွဲသွားပြီး
ကျွန်တော့ရင်ခွင်ထဲကို
ပျော့စိစိကြီးပြုတ်ကျလာလေမလား ။
ဒါမှမဟုတ်...
ဆပ်ပြာပူဖောင်းကလေးလို
ဖောင်းခနဲပေါက်ပြီး
အက်တမ်တွေအဖြစ်
စကြာဝဠာထဲလွင့်စင်သွားလေမလား ။
ကျွန်တော်သတိမထားမိတာက
ကျွန်တော့စိတ်တွေကိုခုတ်ပိုင်းဖို့
သူဓားတစ်လက်လွယ်ထားတယ်ဆိုတာပါပဲ ။

(၁၀)
ပုံမှန်ဖြစ်ရပ်တွေနဲ့ပဲ
သူနဲ့ကျွန်တော်
နှင်းတလူလူတွေကြားမှာ
ခြောင်းမြောင်းနေခဲ့တယ် ။
တနင်္ဂနွေအဖြူရောင်တွေကြားမှာ
ဓမ္မသံတွေငြိမ်းအေးလွင့်ပျံ့နေခဲ့တယ်
သူ့မျက်ခုံးမွှေးပေါ်လမ်းလျှောက်ရင်း
ဆာလံသီချင်းတွေကိုကြားနေတယ် ။
ယောဘဝတ္ထုတွေထဲ
သူ့လက်ကိုဆွဲပြီးကျွန်တော်သွားချင်တယ်
ကောက်ရိတ်သိမ်းပွဲတွေက
မဖိတ်ခေါ်လည်း
သူ့မျက်တောင်တွေကြားမှာပုန်းခိုပြီး
ကျမ်းစာတွေထဲခရီးနှံ့အောင်
ကျွန်တော်သွားချင်တယ် ။
သူဘာမှမသိပဲနဲ့
ကျွန်တော့စိတ်ကူးတွေဟာ
နေယဉ်ကျေးမှုလယဉ်ကျေးမှုတွေကို
စနစ်တကျမွေးမြူနေမိတယ် ။
တစ်ခုတော့ရှိတယ်
ကျွန်တော့ကဗျာစာအုပ်နောက်ကျောဖုံးမှာ
စင်ယော်တော်မျက်ခုံးမွှေးတစ်စုံကို
ခဲမှုန်းပန်းချီနဲ့ကျွန်တော်ရေးခြစ်ထားတာ
အကင်းပါးတဲ့မိုးပျံပူဖောင်းမလေးက
သိချင်လဲသိနေမယ်ပေါ ။
ဒီလိုနဲ့.....
ဆောင်းဦးရာသီမှာ
နှင်းတွေထိမ်းမနိုင်သိမ်းမရဝေခဲ့ပါပြီ ။ ။

(၁၁)
နှင်းတွေဝေတာကို
ဆောင်းရာသီကမတားမြစ်ဘူး
ဘယ်သူကမှလည်းမသိကျိုးကျွံပြုမနေကြဘူး
ဆောင်းရတုနဲ့နှင်း
နှင်းရတုနဲ့ဆောင်း...
လုံးလည်ချာလည်လိုက်ရင်း
သူကကျွန်တော့ကိုဝါးလက်ခုပ်တစ်ခု
လက်ဆောင်ပေးပါတယ် ။
(ဘာသဘောမှန်းလည်းမသိဘူး)
အတ္တကြီးတဲ့သူတွေအတွက်
ဝါးလက်ခုပ်ကသာ
ပုဂ္ဂလဓိဋ္ဌာန်ကျမှုကိုဖော်ပြနိုင်သတဲ့
အဲဒီလိုအိုးနင်းခွက်နင်းဆက်ဆံရေးတွေနဲ့
သူက....
ကျွန်တော့စာမျက်နှာတွေထဲကို
ရဲရဲတင်းတင်းခုန်ချလာခဲ့တာပါ ။

(၁၂)
ရဲတင်းမိုက်ကန်းမှုတွေဆိုတာက
တစ်ခါတစ်ရံနူးညံ့မှုတွေဖြစ်နေတတ်ပြန်ရော
သူကကျွန်တော့ကို
ကောက်ရိုးနဲ့လည်းမပေါက်ပါဘူး
ပန်းနဲ့လည်းမပေါက်ဘူး ။
ကျွန်တော်က
အပ်တစ်ချောင်းဆောင်မထားတော့ပေမယ့်
ပုဆိန်တစ်လက်တော့သူမသိအောင်
ဖွက်ပြီးဆောင်ထားတုန်းပါပဲ ။
(သူ့ကိုမယုံလို့မဟုတ်ပါဘူး )
သစ်ပင်တွေမရှိတဲ့တိုင်းပြည်ရောက်ရင်
မမျှော်လင့်ပဲကျွန်တော်
သစ်ခုတ်သမားဘဝဖြစ်ချင်ဖြစ်နေမှာမို့ပါ ။

(၁၃)
ငယ်ဘဝစာမျက်နှာတွေအကြောင်း
ပြန်ပြောင်းပြောဆိုစပ်စုကြရင်း
သူ့နာမည်ကိုကျွန်တော်သိခဲ့ပါပြီ...
.."နှင်း"....
ကျွန်တော့ရင်ဘတ်တွေခိုက်ခိုက်တုန်ပြီး
အေးစက်စိမ့်ဝေသွားအောင်
သူ့အမည်နာမတော်က
ဆောင်းတစ်ခုလုံးကိုသိမ်းပိုက်ပစ်လိုက်ပါပြီ ။
နှင်း...
နှင်းရေ....
ခုတော့ခက်ရချည်ရဲ့ကွယ်
အပ်နဲ့ထွင်းရမယ့်ကိစ္စတွေ
ပုဆိန်နဲ့ပေါက်ထုတ်လည်းမထွက်တော့ဘူး
(ကျွန်တော်ပုဆိန်တစ်လက်ဆောင်ထားလည်းဘာမှအဖတ်မတင်ဘူး)
ဒီလိုနဲ့ပဲ....
အင်္ဂလိပ်စကားတွေညှပ်ပြောတတ်တဲ့
မိုးပျံပူဖောင်းမလေးကို
ကျွန်တော်ချစ်မိနေပါပြီ ။

(၁၄)
'စကားနဲရန်စဲ'ဆိုပေမယ့်
ဘာတစ်ခွန်းမှမပြောရပဲနဲ့
ကျွန်တော်အရှုံးပေးခဲ့တာပါ ။
ယန်းပေါဆတ်အကြောင်းသူပြောတယ်
ဆမ်းမားဆက်မွန်အကြောင်း
ဟဲမင်းဝေးအကြောင်း
များစွာသောအကြောင်းအရာတွေကို
ဆောင်းနှင်းတွေအုံးခြိမ့်ခြိမ့်ဝေသလို
သူလှလှပပပြောခဲ့ပါတယ် ။
(ကျွန်တော်ဘာမှမသိဘူး)
ဘယ်သူ့အကြောင်းမှမသိဘူး
သူ့အကြောင်းကလွဲလို့လည်း
ကမ္ဘာဂြိုဟ်ပေါ်ကဘယ်သက်ရှိသတ္တဝါရဲ့
အကြောင်းကိုမှစိတ်မဝင်စားမိဘူး ။
မှန်တာပြောသစ္စာဆိုရင်...
(အဲဒီကောင်မလေးနဲ့ညားရပါစေ) ။

(၁၅)
ခွေးကိုကြိုးနဲ့ချည်ပြီးရိုက်သလို
တစ်ဖက်သတ်ဆွေးနွေးမှုတွေကြားမှာပဲ
သူကပြန်လှန်ဆွေးနွေးမှုတွေအလိုရှိလာပါတယ်
ဘာပြောရမလဲ....
(ဟောင်ပြရမလား)
သူ့သဘောအတိုင်းခေါင်းညိတ်ရင်း
အဲဒီအင်္ဂလိပ်စာလုံးတစ်ဝက်
ဆောင်းရာသီတစ်ဝက်ကောင်မလေးကို
ကျွန်တော်...
ဦးပုညအကြောင်း
အချုပ်တန်းဆရာဖေအကြောင်း
ရှင်မဟာသီလဝံသအကြောင်း
ကန်တော်မင်းကျောင်းဆရာတော်အကြောင်း
ရှင်မဟာရဋ္ဌသာရအကြောင်း
မန်လည်ဆရာတော်အကြောင်း
နှင်းထုကိုနေရောင်ဖောက်သလို
စစ်မျက်နှာတစ်ခုဖွင့်လှစ်လိုက်တယ် ။
နောက်ဆုံး....
အတုလဆရာတော်ခင်ကြီးဖျော်ရဲ့
အင်္ဂဝိဇ္ဇာကျမ်းရင်းလင်္ကာလေးဆယ်ကို
အင်္ဂလိပ်လိုပြန်ဆိုပေးဖို့
ကျွန်တော်သူ့ကိုအကူအညီတောင်းတော့
သူကကျွန်တော့ကိုမျက်စောင်းထိုးပါတယ်
(မနာပါဘူး)
အဲဒီလိုမျက်စောင်းမျိုးလောက်နဲ့
ဒူးထောက်အရှုံးပေးမယ့်လူမှမဟုတ်တာ
ဒါပေမယ့်...
ဘယ်အချိန်ကဆွဲလိမ်ထားမှန်းမသိတဲ့
ကျွန်တော့ဗိုက်ခေါက်ကတော့နာပါတယ် ။
သူကအဲဒီလိုကောင်မလေးမျိုးပါ ။

(၁၆)
စက္ကူပန်းတွေဝင်းဝင်းဝေဝေနဲ့
မြို့ကလေးရဲ့မနက်ခင်းတွေဟာ
နှင်းပါဝင်လာတာတစ်ခုတည်းနဲ့
ပြည့်စုံအေးမြခဲ့ပါပြီ ။
နှင်းနဲ့အတူ...
ခွာညိုတွေလမ်းလျှောက်ထွက်တယ်
နှင်းကို...
နုပျိုနေတဲ့ခရေတွေကနှုတ်ဆက်တယ်
ဘာလိုလိုနဲ့
ကျွန်တော်ပိုင်ဆိုင်တဲ့ဆောင်းမြို့ပြကို
နှင်းကစိုးမိုးခြယ်လှယ်ခဲ့တယ် ။

(၁၇)
အဲဒီမိုးပျံပူဖောင်းမကလေးဟာ
ကပ်သီးကပ်သပ်အတွေးတွေနဲ့
အောင်ခြေလွတ်တတ်တာကလွဲရင်
သိပ်ကိုချစ်စရာကောင်းပါတယ် ။
သူ့မျက်တောင်ကော့ဖျားမှာ
ကျွန်တော်နဲ့ရာဇဝင်ကြွေးရှိထားတဲ့
နှင်းကဗျာတစ်ပုဒ်ရှိနေတယ်
သူ့ရယ်သံလွင်လွင်ကလေးကို
ပန်းခောတ်ဂီတတစ်ခုပါလို့
ကျွန်တော်ကမှတ်ထင်နေတယ်။
(တကယ်တော့"ဟင်း ဟင်း ဟင်း"ဆိုပြီး
သူရယ်လိုက်တဲ့အသံဟာ
အစာနင်နေတဲ့ဝံပုလွေတစ်ကောင်ရဲ့
စားပိုးနင့်သံနဲ့ပိုတူတာပါ)
ဘယ်ဒို,ရေ,မီ,ဖာနဲ့မှကီးမဝင်ပေမယ့်
အရူးတစ်ယောက်ရဲ့အဘိဓာန်မှာတော့
အဲဒီရယ်သံဟာ...
နတ်ခေါင်းလောင်းသံလို့ရေးထိုးထားမှာပါပဲ ။

(၁၈)
နတ်တွေခေါင်းလောင်းတီးတာမကြားဖူးပေမယ့်
ကျွန်တော့ရင်ခုန်သံတွေဆူညံနေခဲ့တာတော့
သေချာလွန်းမကသေချာခဲ့တယ် ။
ထိုင်နေကျခုံတန်းလေးမှာ
သူက..လျော့တိလျော့ရဲတစ်ဝက်
အေးခဲမာကျောမှုတစ်ဝက်နဲ့ထိုင်နေပါတယ်
ကောင်းကင်ရောင်ရှပ်အင်္ကျီနဲ့
သိုးမွှေးခေါင်းစွပ်တစ်ခု
လက်ဖဝါးတွေကိုပွတ်ခြေရင်း
အာငွေ့မှုတ်သံတွေကြားမှာပဲ
နားဖောက်ဖောက်မထားတဲ့ယဉ်ကျေးမှုတွေကြားမှာ
အဲဒီကောင်မလေးဟာ
ဘာနဲ့မှမတူအောင်လှနေတယ် ။
သူ့ရဲ့လက်သူကြယ်မှာနေရာယူထားတဲ့
ကိုးလေးလုံးမောင်းကွင်းလက်စွပ်ကလေးကလွဲလို့
အရာရာဟာရိုးရှင်းပြည့်စုံနေတယ် ။
(အခြေအနေပေးရင်တော့
သူ့လက်စွပ်ကလေးကို
ကျွန်တော်သိတဲ့လောင်းကစားဝိုင်းတွေဆီ
ခဏခေါ်သွားချင်ပါတယ်) ။

(၁၉)
မျက်တောင်တွေပုတ်ခတ်ပုတ်ခတ်လုပ်ရင်း
နှင်းမြူတွေက
သူ့စိတ်တံခါးကိုမဖတ်မိအောင်
ကြိုးစားနေလေသလား
စိတ်ကိုထိမ်းချုပ်နေသူတွေရဲ့ဝသီအတိုင်း
သူ့ခြေအစုံကို
စီးချက်ကျကျလှုပ်ကစားနေပါတယ် ။
တစ်ယောက်နဲ့တစ်ယောက်ကြားမှာ
စကားတွေမဆိုမိကြသေးပေမယ့်
သူ့မျက်ဝန်းထဲကတစ်စုံတစ်ရာကို
ကျွန်တော်သတိထားမိနေတာကြာပါပြီ ။
(ကျွန်တော်ဆိုတဲ့လူ့အန္ဓကလည်း
အ,တဲ့နေရာသာအ,ပေမယ့်
လည်ရမယ့်နေရာကျရင်
တော်တော်လည်ပါတယ် ) ။
အဲဒီလိုနဲ့ပဲ.,မပြောမဆို
လေအဟုန်မှာမြူးလွင့်နေတဲ့
သူ့ဆံနွယ်မျှင်ကလေးတွေကို
စိတ်ကူးနဲ့ကျွန်တော်နမ်းရှိုက်ပစ်လိုက်တယ် ။
သူဘာမှမပြောပါဘူး ။
(ဘာမှလည်းပြောလို့မရဘူးလေ)

(၂၀)
မပြောမဖြစ်လို့ပဲဖြစ်ဖြစ်
ပြောချင်လွန်းလို့ပဲဖြစ်ဖြစ်
ကျွန်တော်သူ့ကိုပြောရမယ့်စကားများစွာ
ကျွန်တော့မှာသေသေချာချာရှိနေပါတယ် ။
ကျွန်တော်တို့ကြားကတိတ်ဆိတ်မှုကို
ချောင်းဟန့်သံပေးပြီးတော့လည်းမဖြိုခွဲပါဘူး
(ပန်းနာရင်ကျပ်ဆေးတွေထုတ်တိုက်ရင်ဒုက္ခ)
သူကပဲစပြီး....
လှပသေသပ်တဲ့အပြုံးတစ်စနဲ့စတင်ခဲ့ပါတယ်
ကျွန်တော်ဘာပြောရမလဲ
ရင်ဘတ်တစ်ခုလုံးလင်းငြိမ့်ဖြာစီးသွားတယ်
အမှောင်တောအုပ်တစ်ခုလုံး
လျှပ်ရောင်နဲ့ဝင်းပြက်သွားသလို
သူ့အပြုံးတစ်ချက်မှာ
ဝင်္ကပါထဲမှာထွက်ပေါက်ပိတ်သွားတဲ့သူလို
အို...
နှင်း...
နှင်းရေ....
ငါလေ ငါ...နင့်ကို..,။ ။

(၂၁)
ချစ်တယ်နှင်းရယ်...
ဆိုင်းမဆင့်ဗုံမဆင့်ကျွန်တော်ပြောလိုက်မိတယ်
(ပတ္တလားလည်းမဆင့်ဘူးနှဲလည်းမဆင့်ဘူး
ဆိုင်းတွေဗုံတွေဆင့်ရအောင်လည်း
ကျွန်တော်ကရွာစားဆရာမဟုတ်ဘူး)
ချစ်တဲ့သူကိုချစ်တဲ့အကြောင်း
ရိုးရိုးကလေးပဲပြောပြလိုက်တယ် ။
သူရှက်သွားသလား...
နီရဲနုထွေးနေတဲ့သူ့လက်ဆစ်ကလေးတွေကို
ဂဲသြမေထရီတွက်တဲ့
သံပေတံနဲ့ခေါက်ပြီးမေးလိုက်ချင်တယ် ။

(၂၂)
ပထမတော့...
သူအံ့သြချင်ယောင်ဆောင်ပြီးအံ့သြသွားတယ်
နောက်တော့...
ကလိမ်ကကျစ်အပြုံးနဲ့သူပြုံးတယ် ။
(အဲဒီအပြုံးမျိုးသူပဲပြုံးတတ်ပါတယ်)
သုံးနှစ်သုံးမိုးစောင့်ခိုင်းတဲ့ခောတ်မဟုတ်မှန်း
သူနားလည်မှာပါ ။
လူ့ဘဝဆိုတာ
ကွေးသောလက်မဆန့်မီ
ဆန့်သောလက်မကွေးမီအရာအားလုံး
သင်္ခါရသဘောမှာမှီတည်နေတာ
သူရောကျွန်တော်ရောသဘောပေါက်တယ် ။
ဖျပ်ခနဲဝှေ့တိုက်သွားတဲ့လေရိုင်းမှာ
ကျွန်တော်ပျော်လိုက်ရမှာလား
ဘာလိုလိုနဲ့
လူသားတာဝန်တစ်ရပ်ကိုထမ်းဆောင်ဖို့
ကျွန်တော်အဆင်သင့်ဖြစ်နေပါပြီ ။

(၂၃)
ဆိတ်ငြိမ်မှုဟာ
တစ်ကမ္ဘာမကကြာတယ်ထင်မိရဲ့
သူဘာမှမပြောပဲနဲ့ကို
သူ့ပါးပြင်နီရဲရဲကလေးတွေမှာ
ကျွန်တော့အနာဂါတ်ကိုသေချာမြင်ရတယ်
နောက်တော့...ခုံတန်းကလေးပေါ်ကနေ
သူမတ်တပ်ထရပ်ပါတယ်...ပြန်ထိုင်ပါတယ်
(ဘာသဘောမှန်းတော့မသိဘူး)
သူစီးထားတဲ့ဖိနပ်နှစ်ဖက်ကိုချွတ်ပြီး
သူ့လက်နှစ်ဖက်မှာစွပ်ပါတယ် ။
ပြီးတော့....
စတော်ကင်ဝတ်ထားတဲ့
နတ်သမီးတစ်ပါးရဲ့လုံခြုံမှုမျိုးနဲ့
ရယ်သံတစ်ဝက်စွက်ပြီး
"ငါတို့စကြာဝဠာထဲလမ်းလျှောက်ရအောင်"လို့
သူပြောပါတယ် ။

(၂၄)
လမ်းတွေအကြောင်းသိဖို့
လမ်းလျှောက်ရတာလား
ခရီးတွေရဲ့အကွာအဝေးအတွက်
လမ်းလျှောက်ရတာလား
ကျွန်တော်မသိချင်ပါဘူး ။
"ဘာလို့ဖိနပ်မစီးတာလဲ"မေးတော့
"မြေဓာတ်ကိုအပြည့်အဝခံစားချင်လို့"တဲ့
ဒါဆို...
မီးဓာတ်အပြည့်ရအောင်
မီးသင်္ဂြိုဟ်စက်ထဲဝင်ကြည့်ပါလား ။
(စိတ်ထဲကအကြံပေးတာပါ)

(၂၅)
မြေနီနှင်းလမ်းမပေါ်မှာလမ်းလျှောက်ရင်း
ချစ်တယ်မပြောသေးပေမယ့်
သူကကျွန်တော့လက်ကိုဆုပ်ကိုင်ထားပါတယ်
လျှပ်စစ်ဓာတ်စီးဝင်နေတဲ့စက်ရုပ်လို
ကျွန်တော်ယိမ်းထိုးလောင်ကျွမ်းသွားတယ်
သူကကျွန်တော့ဝိညာဉ်ဖြစ်ပြီ
သူကကျွန်တော့အသက်တစ်ခြမ်းဖြစ်ပြီ
သူကကျွန်တော့ကောင်းကင်တစ်စင်းဖြစ်ပြီ
လမ်းမပေါ်မှာကျွန်တော်
သူနဲ့အတူအောက်ခြေလွတ်သွားပါတယ်
နှင်းရေ....
ငါချစ်လိုက်တာကွယ် ။ ။

(၂၆)
နှင်းရေ...
ဆောင်းဘယ်နှစ်ရာသီအထိ
ငါ့ရင်ဘတ်မှာအလင်းခိုမှာလဲ
ထာဝရဆိုတဲ့စကားထက်ပိုတာကိုပဲ
ငါ့ကိုပြောပါတော့ ။

(၂၇)
သိုးဆောင်းစကားပုံတစ်ခုကြားဖူးတယ်
"ရင်ဆိုင်ဖို့သတ္တိမရှိသူမှာ..
ပြေးဖို့ခြေထောက်ရှိရမယ်"တဲ့
ဘာတတ်နိုင်မှာလဲကွယ်
ရုန်းမရဖယ်မရပြေးမလွတ်တော့မယ့်အတူတူ
အသာတကြည်အချစ်ခံလိုက်တာကောင်းပါတယ်
(တစ်ခါတစ်ရံသူရဲဘောကြောင်ခြင်းဟာ
အကောင်းဆုံးသတ္တိရှိခြင်းပါပဲ)
အဲဒီနေ့က....
မိုးတိမ်တွေဘောင်းဘီဝတ်မထားဘူး
သစ်ပင်တွေကလည်း
မျက်မှောင်ကျုတ်ပြီးကြည့်မနေဘူး
(နှင်းကလည်းဘာကိုမှဂရုစိုက်ပုံမရပါဘူး)
ကျွန်တော့နားရွက်ကိုဆွဲ
နားနားကပ်ပြီးတော့
"ချစ်တယ်"လို့အကျယ်ကြီးအော်ပြောခဲ့တယ်
ရိုမန်တစ်ဖြစ်မဖြစ်တော့မသိဘူး
(နား,နှာခေါင်း,လည်ချောင်းဆေးရုံကိုတော့
ဖျပ်ခနဲသတိရလိုကိမိတယ်)

(၂၈)
ကျွန်တော်တို့ချစ်သူတွေကြားမှာ
ကျောင်းအုပ်ဆရာကြီးလည်းရှိမနေဘူး
black boardတစ်ချပ်လည်းရှိမနေဘူး
မြေဖြူခဲနဲ့ကြိမ်လုံးလည်းရှိမနေပဲနဲ့
ကျွန်တော်ဟာ...
သူ့ရဲ့ပုတ်သင်ညိုတစ်ကောင်ဖြစ်လာပါတယ် ။
ဝိဒေဟရာဇ်မင်းကြီးလို
သူကရွှေဆွဲပြားတစ်ခုလည်ပင်းမှာဆွဲမပေးပါဘူး
(ဆွဲပေးရင်တော့ကောင်းတာပေါ့
ဘဝင်မြင့်ချင်လို့မဟုတ်ပါဘူး
ရောင်းစားချင်လို့ပါ)
သူကစည်းကမ်းချက်တွေ
စနစ်တကျထုတ်ပြန်ပါတယ်
ကျွန်တော်ကလည်းစနစ်တကျချိုးဖောက်ပါတယ်
ခါးမှာပန်ကာတပ်မထားပဲနဲ့
သူကမြေပြင်နဲ့ပိုလွတ်လာပါတယ်
ကျွန်တော့လူနေမှုဘဝကတော့
ဘာမှမသိတဲ့စကားလုံးတွေနဲ့
ကျုံ့ဝင်လာပါတယ် ။
အဲဒါကလည်းသူ့ကိုချစ်လွန်းလို့ပါ ။

(၂၉)
ကျွန်တော့ပုခုံးမှာခေါင်းမှီရင်း
လောကရဲ့ဖြစ်ရပ်တွေကို
ဘေးတိုက်ကြည့်ရှုနေတတ်ပါတယ် ။
(ဇောက်ထိုးကြည့်ချင်ရင်တော့
ကင်းမြီးကောက်ထောင်ကြည့်ပေါ့
ထဘီဝတ်မထားပဲဘောင်းဘီဝတ်ထားဖို့တော့
သတိပေးထားရဦးမယ်)
ပရလောကရဲ့ဝိညာဉ်တွေက
ကျွန်တော်တို့ကိုခြောင်းကြည့်နေမှာကိုလည်း
ရှက်ရွံ့တဲ့အကြောင်းသူကပြောလာတယ် ။
ဇောတိခန္ဓာအကြောင်း
Eternal-soulအကြောင်း
သူစိတ်ဝင်စားပုံရပါတယ် ။
(ကျွန်တော်မှော်ဆရာဖြစ်ကြောင်း
သူနဲနဲလေးမှမရိပ်မိတာသေချာပါတယ်)
ကျွန်တော်စိုးရိမ်တာက
သုဘရာဇာတွေမရှိတဲ့သင်းချိုင်းတစ်ခုခုမှာ
ကျွန်တော့ကိုအလုပ်ခန့်မှာကိုပါပဲ ။
သူကအဲဒီလိုအတွေးသစ်တွေနဲ့
ကမ္ဘာဂြိုဟ်ပေါ်ကမိုးပျံပူဖောင်းမလေးပေါ့ ။

(၃၀)
ပုံမှန်မဟုတ်တဲ့အကြောင်းအရာတွေနဲ့
နှင်းဟာ..နှင်းတွေကိုခေါ်ဆောင်လာပြီး
ကျွန်တော့အိပ်မက်ရာသီကို
တက်မကျန်ရွက်မကျန်ဝေနေခဲ့ပြီ...
ပန်ဒိုရာနတ်သမီးလိုသေတ္တာတစ်လုံးလည်း
သူယူမလာဘူး...
ကျွန်တော်ကလည်းဘာမှမမျှော်လင့်ထားဘူး
ကပ်သီးကပ်သပ်အတွေးအခေါ်တွေနဲ့
စကားတွေစစ်ထိုးရင်း....
သူ့ကိုကျွန်တော်ချစ်မြတ်ရဲရင့်ခဲ့ပါပြီ....
နှင်းရေ....
ကဗျာဆရာတွေမရှိတဲ့တိုင်းပြည်မှာ
နင့်အတွက်....
ပြိုင်ဘက်ကင်းကဗျာတစ်ပုဒ်
ငါရေးစပ်ခွင့်ရချင်တယ် ။ ။

(၃၁)
သစ်ပင်တွေခရီးထွက်တတ်ပါသလား
ဒါဆို...
ကျွန်တော်လည်းကျောက်ချထားတဲ့
သင်္ဘောတစ်စင်းအဖြစ်မရပ်တည်ချင်ပါဘူး ။
သူပြောတဲ့လူဟာသစ်ပင်နဲ့တူတယ်ဆိုတဲ့
အဆိုကိုငြင်းဖို့ကျွန်တော်ကြိုးစားပါတယ် ။
လူဟာဘာနဲ့မှမတူဘူး
လူဟာလူနဲ့ပဲတူပါတယ် ။
(အဲဒါကြောင့်သူကကျွန်တော့ချစ်သူဖြစ်လာတာပါ)

(၃၂)
တစ်ယောက်နဲ့တစ်ယောက်
ဘာမှမပြောကြပဲနဲ့ကို
သူနဲ့ကျွန်တော့ကြားမှာ
နေရောင်ခြည်တွေဖြာကျလာပါတယ် ။
ဘယ်လိုနတ်ဒေဝတာမျိုးကမှလည်း
ကျွန်တော်တို့ကြားမှာ
နေကြာစေ့တစ်ထုတ်ချထားမပေးပါဘူး ။
သူကAလို့ပြောရင်
ကျွန်တော်ကလှည်းဒေါက်ခွကိုမြင်ပါတယ်
သူကBလို့ပြောရင်
ကျွန်တော်ကဗိုက်ကြီးသည်
မိန်းမတစ်ယောက်ကိုပြေးမြင်ပါတယ် ။
အဲဒီလိုဆန့်ကျင်ဘက်တွေနဲ့
"နင်ကသိပ်အငြင်းသန်တာပဲ"လို့
ငိုမဲ့မဲ့စူပုပ်ပုပ်လေးပြောလာပါတယ် ။
နှင်းရေ...
(ငြင်းချက်ထုတ်မှုတွေဟာ
မျက်လုံးစုံမှိတ်ယုံကြည်မှုတွေကို
တွန်းလှန်ပစ်နိုင်တဲ့တော်လှန်ရေးသမားပါ)
အဲဒီလိုငါ့ရဲ့ညစ်ကွက်လေးတွေကို
နင်ချစ်နေခဲ့တာငါသိပါတယ် ။

(၃၃)
ပန်းချီကားတွေရဲ့အလယ်တည့်တည့်မှာ
ဒေါင်လိုက်မျဉ်းတွေထည့်မရေးရဘူးလို့
ဘယ်ပညာရှင်တွေကသတ်မှတ်ခဲ့သလဲ
------------------------------------
တရုတ်မသာအိမ်မှာကျွေးတဲ့
ကွာစေ့ကိုတစ်ဖောက်ဖောက်ကိုက်ဝါးသလို
မျက်တောင်ကလေးပုပ်ခတ်ပုတ်ခတ်နဲ့နှင်းကို
ငါသိပ်ချစ်တာကိုပဲ
ပန်းချီကားတစ်ချပ်လို့သတ်မှတ်ပါကွယ် ။

(၃၄)
နှင်းရေ....
နှင်းတို့စာသင်ခန်းထဲကကောင်တွေ
လွယ်အိတ်ထဲကိုရည်းစားစာခိုးထည့်ပေးကြသလား
မျက်နှာငယ်လေးတွေနဲ့နှင့်ရဲ့အချစ်ကို
တောင်းခံကြသလား
ညဘက်တွေမှာနှင်းတို့အိမ်ရှေ့
ဘင်ဂျိုကြီးတွေပိုက်ပြီး
စုံနံ့သာမြိုင်ပါတ်ပျိုးတွေနဲ့လူပျိုလာလှည့်ကျသလား
တစ်ခုပဲမေးလိုက်ပါ...
နောဧကနော..နဝဒွေအဋ္ဌာရသ အစရှိတဲ့
ကိုးကျောင်းလင်္ကာကျေရဲ့လားလို့...
နှင်းကသာအလိုရှိရင်
နှင်းတို့အိမ်ရှေ့မှာပတ္တလားကြီးချပြီး
သီချင်းတစ်ပုဒ်လာဆိုပြချင်တယ်
တစ်ခုတော့ရှိတယ် ။
နှင်းအဖေကြီးကွမ်းအစ်ထဲက
ကွမ်းယာတစ်ယာနဲ့ရေတစ်မှုတ်လာပေးပြီး
ပုဂံရာဇဝင်ထဲကမယ်အိုဇာလို
ရဲစခန်းမအပ်ဖို့ပဲလိုတာပါ ။
(ကိုယ်ကလည်းဗျတ်ဝိမဟုတ်ဘူးနော်)

(၃၅)
ခုဆိုရင်
ကိုယ့်အဖြစ်က
ကိုယ်ဝန်အရင့်အမာလွယ်ထားရတဲ့
မိခင်လောင်းလိုဖြစ်နေပြီ
ထွေးမနိုင်အန်မရ
အချစ်တွေဗူးပေါ်သလိုပေါ်ပြီ
ဘယ်သူ့ကိုအပြစ်တင်ရမလဲ
ကိုယ့်အပြစ်တစ်ဝက်ပါနေတော့လည်း
ဒီတိုင်းပဲငြိမ်နေလိုက်ရုံပေါ့ ။
နှင်းကလည်းကိုယ့်ကိုချစ်တယ်
ကိုယ်ကလည်းနှင်းကိုချစ်တယ်
ကပ်သီးကပ်သပ်အတွေးတွေကပဲ
ကိုယ်တို့ကိုနေမမြင့်ပဲနဲ့
အရူးရင့်စေခဲ့တယ် ။
ငါချစ်လိုက်တာနှင်းရယ်....
အဲဒီသမာဓိချိန်ခွင်တစ်ဝက်
ခါးပိုက်နှိုက်အတွေးတစ်ဝက်ဖြစ်နေတဲ့
မိုးပျံပူဖောင်းမလေးကိုငါချစ်လိုက်တာ
(ငါ့မှာအပ်တစ်ချောင်းရှိနေသေးတယ်ဆိုတာ
နင်သိရင်စိတ်ဆိုးမှာလားကွယ်) ။ ။

(၃၆)
ဒီကိစ္စကို
ခွေးဟောင်သံတစ်ခုကစတာပါ
အဝေးကပျံလွင့်လာတဲ့ခွေးဟောင်သံဟာ
သူကအထီးဟောင်သံလို့ပြောပါတယ်
ကျွန်တော်ကအမဟောင်သံလို့ငြင်းပါတယ်
ခွေးထီးကနယ်မြေလုတဲ့အနေနဲ့
စိန်ခေါ်ပြီးဟောင်တာလို့သူပြောပါတယ်
ခွေးဟောင်သံအနိမ့်အမြင့်အသံလှိုင်းတွေ
တုန်ခါမှုတွေကိုကျွန်တော်နားမလည်တဲ့
ကိန်းဂဏန်းတွေချပြပြီး
ယုတ္တိဗေဒကျကျပြသနာရှာပါတယ် ။
အဲဒီကစလို့....
ခွေးတွေရဲ့ဗီဇမျိုးစေ့အကြောင်း
ခွေးတွေရဲ့life style
ခွေးတွေရဲ့IQ EQ
ခွေးတွေရဲ့ဒဿနိကအကြောင်း
ခွေးတွေရဲ့ဆဋ္ဌမအာရုံအကြောင်း
ကျွန်တော့နားတွေအူသွားတဲ့အထိ
ခွေးဋီကာချဲ့ပါတယ် ။
ကျွန်တော်အရှုံးပေးလိုက်ပါတယ်
(နိုင်မှမနိုင်တာ)
သူကခွေးပါရဂူဆိုတော့
ခွေးအကြောင်းပိုသိတာမဆန်းပါဘူး ။
(ခွေးစိတ်ပေါက်ပြီးကျွန်တော့ကိုထကိုက်နေရင်ဒုက္ခ) ။

(၃၇)
ကျွန်တော်ခွေးတစ်ကောင်ဖြစ်မသွားပေမယ့်
ကျွန်တော့ကိုကြိုးတစ်ချောင်းနဲ့
စနစ်တကျချည်နှောင်ခဲ့ပါပြီ ။
သံယောဇဉ်....
သံယောဇဉ်ဆိုတဲ့ကြိုးနဲ့
နှင်းဟာသူသွားလေရာကို
ကျွန်တော့စိတ်တွေကိုချည်နှောင်ဆွဲခေါ်နိုင်ခဲ့တယ် ။
ဘယ်တောတွေတက်လို့
ဘယ်တောင်တွေဆင်းရလေမလဲ
နှင်းရယ်.....
ကြိုးဆွဲတတ်တယ်ဆိုတိုင်းလည်း
ရုပ်သေးရုပ်လိုတော့က,မခိုင်းပါနဲ့
(ခြေကားယားလက်ကားယား
လေထဲမြောက်ပြီးအောက်ခြေလွတ်နေရင်
ကြည့်အကောင်းမှာစိုးလို့ပါ) ။

(၃၈)
ညနေခင်းမှာတော့
ပြသနာစခဲ့တဲ့ခွေးဟောင်သံမကြားတော့ပါဘူး
ပြသနာအားလုံးကိုလည်း
စက္ကူလှေပေါ်တင်ပြီး
စမ်းရေထဲမှာမျောလိုက်တယ် ။
စက္ကူလှေလေးမျောသွားတာကို
နှင်းကသေသေချာချာငေးကြည့်နေပါတယ်
ပြီးတော့...
သူစဉ်းစားနေပုံရတယ်
(ဘာကလိမ်ကကျစ်လုပ်ဦးမလဲမသိဘူး)
မျက်လုံးတွေလက်ခနဲဖြစ်သွားတယ်
ကျွန်တော်လည်းလန့်သွားတယ် ။

(၃၉)
ဘုရားရေ...
စက္ကူလှေအကြောင်းသူမပြောဘူး
စမ်းချောင်းအကြောင်းသူမပြောဘူး
သူပြောတာက.....
-------------------
----------------------
ရေအကြောင်းကိုသူပြောတာပါ
ကျွန်တော့စိတ်တွေလက်ဖြာစီးဆင်းသွားတယ်
သူ့မေးခွန်းထဲမှာ
ဘာလဲ
ဘယ်လိုဖြေရမလဲ
ဘာကိုပေးလိုက်ရမလဲ....
နောင်တတွေမှောင်မိုက်နာကျဉ်ပစ်လိုက်တယ်
ခွေးမဟောင်ခဲ့ရင်ကောင်းသား
စက္ကူလှေမလွှတ်မိရင်ကောင်းသား
ခုတော့...
အို...နှင်းရေ...။

(၄၀)
"ဒီနေရာမှာစီးဆင်းသွားတဲ့ရေတွေ
ဒီနေရာကိုပြန်လာကြမှာလား"တဲ့
ရိုးရိုးကလေးပါပဲ
သေးလိစ်ရဲ့သုညသီအိုရီ
သံသရာ
အစနဲ့အဆုံး....
သူ့ယုံကြည်မှု
(စီးဆင်းသွားတဲ့ရေတွေဟာဒီနေရာကို
နောက်တစ်ကြိမ်ပြန်ရောက်လာမယ်လို့
သူကယုံကြည်နေပါတယ်)
ကျွန်တော်ဘာပြောရမလဲ ။

(၄၁)
မေးခွန်းတွေဟာ
နှင်းတွေနဲ့မှုန်မှိုင်းလှပလာပါပြီ
သူ့လက်ကလေးကိုကျွန်တော်ကိုင်ထားပါတယ်
သံသရာအစကိုခရီးထွက်ဖို့
ကျွန်တော်တို့
ရထားလက်မှတ်နှစ်စောင်ဖြတ်ထားပါတယ်
ငါ့လက်ကိုဆွဲပါနှင်းရယ်
မျက်လုံးကလေးကိုမှိတ်ထားပါ
စိတ်ထဲကနေပဲကြည့်ရှုပါ....
သူပြုံးနေတယ်
ဘာကိုတွေ့သွားသလဲမသိဘူး
သူ့ပါးပြင်လေးကို..,..
ကျွန်တော်နမ်းပစ်လိုက်တယ် ။
-----------------------------
စိတ်ရထားဟာ
ကြယ်စင်သိန်းသန်းကိုတင်ဆောင်ရင်း
သူမနဲ့ကျွန်တော့ဆီကို
တဂျုန်းဂျုန်းခုတ်မောင်းလာနေတယ် ။ ။

(၄၂)
တကယ်တော့နှင်းဟာ
အလယ်ခောတ်နှောင်းပိုင်းကာလ
မှော်ယဉ်ကျေးမှုတွေထွန်းကားတုန်းက
မှော်ပညာတွေထုတ်ပြမိလို့
ကြိုးပေးအသတ်ခံရတဲ့
ကြောင်တစ်ကောင်ရဲ့ဝိညာဉ်ကိုလာရှာတာပါ ။
(ဒါကိုကျွန်တော်သတိမထားမိဘူး)
နှင်းကလည်းသိပ်ကိုပိရိတယ် ။

(၄၃)
"သိပ္ပံနည်းကျပြုစားခြင်း"
ကျွန်တော်နားမလည်ပါဘူး
ကျွန်တော့နှလုံးသားကလည်းဒြပ်စင်တစ်ခုမဟုတ်ဘူး
အချစ်ဆိုတာကိုပြုစားတယ်လို့လည်းမမြင်မိဘူး။
ကျွန်တော်တို့နှစ်ယောက်ကြားမှာ
ဓာတ်ခွဲခန်းတစ်ခုလည်းရှိမနေဘူး ။
သေချာပါတယ်နှင်းရယ်
နင်နဲ့ငါကအခိုးအငွေ့တွေမှမဟုတ်ပဲ ။

(၄၄)
သူ့လက်ကလေးကိုတင်းတင်းဆုပ်ကိုင်ရင်း
ဆောင်းဟာပိုပြီးအေးစိမ့်လာပါပြီ
အချိန်မတော်မှထတွန်တဲ့
ငွေနားကြက်ဖကြီးရဲ့အသံကိုနားထောင်ပြီး
နှင်းကပြုံးနေတယ် ။
ထိုင်နေကျခုံတန်းကလေးကလည်း
သူ့ကိုဆေးသုပ်ပေးဖို့ပူဆာနေပါပြီ ။
နှင်းရဲ့မျက်ဝန်းတွေထဲမှာ
သူ့ရဲ့စိတ်ကိုကျွန်တော်မြင်နေရတယ်
(တော်တော်ခက်တဲ့ကောင်မလေးပဲ)
စာအုပ်ထဲကဟာတွေကို
စာအုပ်ထဲမှာထားခဲ့ဖို့သူမသိတာတစ်ခုကပဲ
ပိုပြီးချစ်ဖို့ကောင်းနေသလိုလို
အို...နှင်းရေ..
နင့်ကိုငါချစ်လိုက်တာ ။

(၄၅)
သစ်ပင်တွေမှာဝိညာဉ်ရှိသလား
သဝိညာဏကချို့ယွင်းပြီး
ဓာတ်လေးပါးနဲ့ဖွဲ့တည်ထားတယ်ဆိုပေမယ့်
ဇီဝဓာတ်တွေဟာခံစားတတ်တယ်ဆိုတာ
သက်သေထူနိုင်ဖို့
နှင်းဆီတစ်ပွင့်ကိုကျွန်တော်
တယောထိုးပြပြီးသတ်ပစ်ခဲ့ပါတယ် ။

saw jonathan aye

ဆက်ရန်--
Like·Comment·Share·Stop Notifications
12 people like this.


Posted via Blogaway

Comments