မလင်းပြာဖတ်ဖို့အလွမ်းစာ ၁၆
လင်းဆက်ပိုင်
စိတ်အနွမ်းတွေနဲ့ ရှေ့ကိုလှမ်းနေတာ မောတယ်
ထိစပ်ရမယ့်နေ့ရက်ကဘယ်မှာလဲ .....
ဗျည်း သရ တွေ ကြေကွဲသံထွက်အောင် ငါရေးနေရတာ မနှစ်သက်တော့ဘူး
လွမ်းတယ်ဆိုတာထက် ပိုလွန်ကဲစွာသော စိတ်ခံစာမှု့နဲ့ လွမ်းတယ်။
ယုံကြည်လေးမြတ်စွာ အားတင်းထားတဲ့ မျှော်လင့်ချက်လေး တနုံနုံခွေ နေရ
ငါဖမ်းဆုပ်လိုက်တဲ့ လေမှာတောင် အောက်ဆီဂျင်မပြည့်ဝတော့ဘူး
ဘေးကြပ်နံကြပ်ဖြစ်နေသော နေ့ရက်တိုင်းက မွန်းကြပ်တဲ့လှောင်အိပ်လို ။
ငါနဲ့ငါ အသားမကျတဲ့နေရက်တွေ စည်ဝေနေပါပြီကွယ်
ဒီလိုနေ့ရက်တွေ ကြီးထွားနေတာ မုန်းတယ်
ရင်ခွင်မဲ့သူအတွက် ဒီဇင်ဘာက မညှာမတာအေးလွန်းတယ်
တွန့်ခေါက်ကြေတဲ့စိတ်က သူရဲ့ရင်ငွေ့လွှာကို
အလိုရှိစွ ၊ စွဲမြဲစွာရူးနှမ်းဆဲ။
ဒါမယ့်ကွယ် ကိုယ့်စိတ်အတွေးကို ပြန်ဝှက်
ခံစားချက်မရှိသလို သရုပ်ဆောင်ထားပါတယ်
ပျော်ချင်ယောင်ဆောင်ထားတဲ့နေ့ရက်တွေ အသားကျအောင် လေ့ကျင်နေရတာ
နှလုံးသား လည်း အသားမာတက်နေပါပြီကွယ်။
အလွမ်းတွေ နက်နဲစွာ ကျယ်သထက်ကျယ်လာခဲ့ပါပြီ
ငါ့သိစိတ်တွေလည်း စတေးလိုက်ပါပြီ
ကြမ်းရှလွန်းတဲ့ တီးလုံးတွေ မြည်ဟီးနေရပါပြီ
ချိုမြိန်ခွင့်မရသေးတဲ့ ရင်တစ်ခွင်လုံး ကုပ်ချောင်းချောင်း ဖြစ်နေပြီ
သံချေးတက်နေ့ရက်တွေ အောင်မြင်စွာ လည်ပတ်နေပါပြီ
မျော့မျော့လေး စိတ်တွေ ထက်မြလို့ လွမ်းနေတက်ပါပြီ။
Posted via Blogaway
Comments
Post a Comment