ကောင်းကင်​ဘုံကျားကစားပွဲ၂

(ကောင်းကင်ဘုံကျားကစားပွဲ ၂") (၄၅) သစ်ပင်တွေမှာဝိညာဉ်ရှိသလား သဝိညာဏကချို့ယွင်းပြီး ဓာတ်လေးပါးနဲ့ဖွဲ့တည်ထားတယ်ဆိုပေမယ့် ဇီဝဓာတ်တွေဟာခံစားတတ်တယ်ဆိုတာ သက်သေထူနိုင်ဖို့ နှင်းဆီတစ်ပွင့်ကိုကျွန်တော် တယောထိုးပြပြီးသတ်ပစ်ခဲ့ပါတယ် ။ (၄၆) အနက်ရောင်ဆွယ်တာလေးမှာ နှင်းတွေပေကျံခဲ့ပါပြီ... ဝမ်းနည်းသွားသလားနှင်းရယ် ကြိုးကျတရားခံတစ်ယောက်ကို မင်းတွေ့ရပါပြီလား... အေးခဲတိတ်ဆိတ်သွားကြ ဘယ်သူ့ဘယ်သူမှလေနဲ့မမှုတ်ထုတ်ကြပဲနဲ့ ပျံ့ကြဲလွင့်စင်သွားကြ တိတ်ဆိတ်မှုတွေ စိမ်းစိမ်းဝါးဝါးတိုက်ခတ်တယ် ။ (၄၇) နှင်းဘက်ကသာ ပုစ္ဆာတွေနဲ့မပစ်ခတ်ဘူးဆိုရင် ရေခဲခေတ်ကမှော်ဝိညာဉ်ကို မင်းမြင်ရမှာမဟုတ်ဘူး ။ စိတ်တွေဟာ လုံးချေခံထားရတဲ့စက္ကူတစ်စလို တွန့်ကြေနာကျင်နေတယ် ။ (တွက်ချက်မှုတွေမပါတဲ့မေတ္တာတရားကိုပဲ ငါအလိုရှိခဲ့တာပါ) ။ (၄၈) ငါတို့ရဲ့ရထားဟာ နောက်ကျခဲ့တယ်နှင်းရယ် ဘယ်ဘူတာရုံကမှ အလံချိုးမပေးလိုက်ဘူးထင်ရရဲ့ ငါနဲ့နှင်းရာသီထဲကမိုးပျံပူဖောင်းမလေး စကားလုံးတွေနဲ့ပွန်းရှခဲ့ပြီ ။ တကယ်ဆို.... သစ်ပင်တွေမရှိတဲ့တိုင်းပြည်မှာပဲ ငါကသစ်ခုတ်သမားဖြစ်သင့်တာပါ ။ (၄၉) မိုးတိမ်မိုးသားတွေသာ ဝင်ရောက်ကျူးကျော်မနေဘူးဆိုရင် ငါတို့ရဲ့နှင်းရာသီကလေးဟာ ဘာမှအပြစ်ဆိုစရာမရှိပါဘူးနှင်းရယ်...။ (၅၀) ဒီနေ့မနက်ခင်းမှာ နေရောင်ခြည်ကလည်းနောက်ကျတယ် (ကျွန်တော့စိတ်ထင်ပါ) အနွေးထည်မဝတ်ထားပေမယ့် ကိုယ့်ကိုကိုယ်လုံခြုံမှုရှိတဲ့နှင်းဟာ ကျွန်တော့ကိုမီးခြစ်တစ်လုံးလက်ဆောင်ပေးပါတယ်" "နင်ကျောက်ခောတ်ကိုပြန်ရောက်သွားရင် သေချာပေါက်အသုံးလိုမှာ"တဲ့ (ဘယ်လိုပြောရမလဲ) ခရီးထွက်ဖို့လည်းကျွန်တော့ဘက်က ဖိနပ်တွေမပြင်မိဘူး ။ ယဉ်ကျေးမှုတစ်ရပ်ကနေ နောက်ထပ်ယဉ်ကျေးမှုတစ်ရပ်ဆီခရီးသွားဖို့ ကျောပိုးအိတ်မပါပဲနဲ့လည်း ကျွန်တော်ခရီးမသွားတတ်ဘူး ။ ဒါကိုနှင်းသိပါလေစကွယ် ။ (၅၁) ငါ့အလင်းတိုင်ကို ဘယ်သူမှုတ်ငြိမ်းစားလိုက်သလဲ နှင်းရောင်တလက်လက်တွေကြားမှာပဲ လင်းရောင်ခြည်ဦးတို့ လမ်းအသစ်ကိုခရီးညွှန်ပြီ.... အသံတွေ.... ခိုးခိုးခစ်ခစ်အသံတွေ ကြောင်တစ်ကောင်ရဲ့ရယ်မြူးသံတွေ ကမ္ဘာဦးကပျံ့လွင့်လာသလို ကတိုးသားရေအိတ်ထဲကထွက်လာတယ် ။ အို...နှင်း... ငါချစ်မြတ်ရဲရင့်ရသောနှင်း... ကြောင်မလေးအဖြစ် ငါ့ကျောပိုးအိတ်ထဲမှာ ငါနဲ့အတူ.... ကမ္ဘာဦးကိုလိုက်မှာတဲ့လားကွယ် ။ (၅၂) အဲဒီကစလို့..နှင်းဟာ သူခိုးဓားရိုးကမ်းတဲ့ယဉ်ကျေးမှုနဲ့ ကျွန်တော့လက်ကိုဆွဲကိုင်လို့ ကျွန်တော့ကြောင်မလေးအဖြစ် ကျွန်တော့ကိုယ်တစ်ခြမ်းအဖြစ် ကျွန်တော့ဝိညာဉ်အဖြစ် လူတကာကိုညစ်ပါတော့မယ် ။ (၅၃) မနက်အစောကြီး နှင်းနဲ့ကျွန်တော် ဆောင်းရာသီထဲလမ်းလျှောက်ထွက်ကြတယ်။ ကိုင်းပင်တွေကြားထဲကမြေဝပ်ငှက်ကလေးတွေ ဝုန်းခနဲထပျံသွားကြတယ် ။ နုသစ်နေတဲ့မနက်ခင်းရနံ့တွေဟာ နေရောင်ဝိုးဝါးနဲ့လက်ဖြာစီးဆင်းနေတယ် ။ ဒါဟာ.... ငါတို့ရဲ့ကမ္ဘာပါပဲနှင်းရယ် ။ (၅၄) နေရောင်ခြည်ကြောင့် ငြူစူဆောင့်အောင့်ပြီးထွက်ခွာသွားကြမယ့် နှင်းစက်ကလေးတွေကိုငေးကြည့်ဖို့ ကျွန်တော်တို့ထိုင်နေကျ အိုမင်းဟောင်းနွမ်းနေတဲ့ခုံတန်းကလေးမှာ နှစ်ယောက်အတူထိုင်ပါတယ် ။ နှင်းကကျွန်တော့ပုခုံးကလေးမှာမှီနွဲ့နေတယ် ချီချီမော့မော့လေးဖြစ်နေတဲ့နှင်းမျက်နှာကလေးဟာ ဂရိနတ်ဘုရားမတစ်ပါးလို ရင့်ကျက်လှပနေတယ် ။ အို... ငါချစ်သောဆောင်းရာသီမလေးရေ အရာအထောင်မကဖြတ်ပျံသွားသော နက္ခတ်အစုအဝေးတို့ထက်ပိုသော လင်းဝင့်ငြိမ့်ငြောင်းမှုတို့ဖြင့် ငါ့နှလုံးသားကမ္ဘာသစ်၌ ပြိုင်ဘက်မရှိထွန်းပနိုင်ပါစေ ။ (၅၅) ရှားရှားပါးပါးပြသနာမဖြစ်တဲ့နေ့စွဲတွေကိုလည်း ကျွန်တော်ရယူပိုင်ဆိုင်ခဲ့ပါတယ် ။ ကျွန်တော်ကိုင်ဆုပ်ခွင့်ရထားသော လက်ပိုင်ရှင်ကောင်မလေးက သိပ်ကိုလှပပါတယ် ။ (ရှမ်းကြိုက်နွားချောလို့ပြောရမလား) ကျွန်တော်ကရှမ်းမဟုတ်သလို သူကလည်းနွားတစ်ကောင်မဟုတ်ပါဘူး (ဘွတ်အဲလို့လည်းသူမအော်ဘူး) ကျွန်တော်ကလည်းအောက်သွားရှိမရှိ ပါးစပ်ဖြဲမကြည့်မိဘူး ။ ဘာပဲဖြစ်ဖြစ်.... ဆောင်းနှင်းစက်လက်တွေနဲ့အတူပါလာတဲ့ ကောင်စုတ်မလေးကိုပဲ ကျွန်တော်ကချစ်မိနေပါပြီ ။ (၅၆) ကျွန်တော်တို့ကြားမှာ အမှတ်တရတွေလည်းရှိမနေဘူး (မှတ်ထားစရာလို့လည်းမထင်မိဘူး) နေ့မြင်ညပျောက်သီအိုရီထဲမှာ ဘာကိုမှလည်းခဲတံနဲ့ခြစ်မထားခဲ့ဘူး သူကကျွန်တော့ကိုချစ်တယ် ကျွန်တော်ကသူ့ကိုချစ်တယ် မနက်ဖြန်မှာပိုချစ်ဖို့လည်း အစီအစဉ်ရှိမနေကြဘူး မနေ့ကလည်းဒီနေ့ထက်ပိုမချစ်ခဲ့ကြဘူး ။ ပစ္စုပ္ပန်ကိုအကောင်းဆုံးတည်ဆောက်ပြီး နှင်းရာသီကလေးကို ပိုပြီးလှပသက်ဝင်စေခဲ့တယ် ။ (၅၇) တစ်ခုပဲသေချာပြောခဲ့တယ် ------------------------ နှင်းရေ.... စကားလုံးတွေစစ်တိုက်တဲ့တိုင်းပြည်မှာ နင်ဘုရင်မ,မလုပ်နဲ့ စာခြောက်ရုပ်တွေများတဲ့ ငါ့ရဲ့လယ်တောကလေးမှာ နင်လယ်သူမလာလုပ်ပါ ။ နင့်အတွက် နှင်းအတွက်... ငါချစ်သောမိုးပျံပူဖောင်းမလေးအတွက် ဝါးခမောက်တစ်လုံးငါယက်လုပ်ထားတယ် ။ ။ (၅၈) ဆောင်းဟာ တဖြည်းဖြည်းနဲ့ပိုပြီးအေးစက်လာပါပြီ ။ ညပေါင်းများစွာ ဖျပ်ခနဲသေဆုံးသွား နေ့သစ်ပေါင်းများစွာပြန်လည်မွေးဖွားရင်း တွဲလက်တွေခိုင်မာလာခဲ့တယ် ။ (၅၉) ဒီနေ့အထိ နှင်းဟာ.... ဘယ်ဘာသာတရားရဲ့အရိပ်အောက်မှာ သက်ဝင်ခိုလှုံသလဲ ကျွန်တော်သေချာမသိပါဘူး ။ ဘာသာမဲ့တစ်ယောက်မဟုတ်မှန်းလည်း ကျွန်တော်သေချာသိတယ် ။ ဘာသာတရားအယူဝါဒတွေကလည်း ကျွန်တော်တို့ကြားမှာ ထင်သလောက်ခရီးမပေါက်ခဲ့ကြဘူး ။ ကွဲလွဲခွင့်တွေဟာ.... မေတ္တာတရားကိုလှဲဖြိုပစ်နိုင်တယ်ဆိုရင် ယုံကြည်မှုတစ်ခုရဲ့အရိပ်အောက်မှာ သူ့ကိုစောင့်မျှော်နေမှာပါ ။ (၆၀) နှင်းရေ.... မုန်တိုင်းတွေမရှိတဲ့ပင်လယ်ပြင်မှာတော့ ငါ...မာလိန်မှူးမဖြစ်ချင်ဘူး ။ စက္ကူဓားတွေနဲ့လည်း ရန်သူကိုမခြိမ်းခြောက်ချင်ဘူး ။ ငြိမ်းချမ်းမှုတရားဟာ ကမ္ဘာပါတ်ရှာစရာတစ်ခုလို့လည်းငါမထင်ဘူး။ နှင်းမျက်နှာတစ်ရွာထင်ပြီးတော့လည်း တစ်ခြားစကြာဝဠာကိုမလိုက်ချင်ဘူး ။ ချစ်ရသူနှင်းရေ... မေတ္တာတရားဆိုတာ ဘယ်လိုမြေဆီလွှာမှာပဲဖြစ်ဖြစ် ဖြစ်ထွန်းနိုင်တဲ့ပန်းပွင့်ကလေးပါကွဲ့ နှင်းသိပါရဲ့လား...။ (၆၁) မနက်ခင်းဟာ မနက်ခင်းပီသစွာနဲ့ရှင်ပြန်ထမြောက်ခဲ့ပြန်ပြီ နှင်းကလည်းနှင်းပီသစွာနဲ့ ကျွန်တော့ဘဝထဲမှာ တက်ကုန်ရွက်ကုန်ဝေနေဆဲ...။ (၆၂) ကလေးလည်းမဟုတ်ပဲနဲ့ ကျေနပ်နှစ်သက်စရာတွေ့ရင် နှင်းဟာ... လက်ခုပ်လက်ဝါးတီးပြီးလှလှပပပြုံးတတ်ပါတယ် ။ ဆောင်းတစ်ခုလုံးနှင်းအပြုံးတွေနဲ့ ပြည့်နှက်နေရာယူသွားသလိုလို.. (အဲဒီလိုလည်းကျွန်တော်ကခံစားတတ်ပါတယ်) ။ (၆၃) မှတ်မှတ်ရရပါပဲ စံပါယ်တွေထစ်ချုန်းကြတဲ့ မုတ်သုန်ရာသီဦးကတည်းက နှင်းက... ကျွန်တော့လွယ်အိတ်ထဲရောက်နေတဲ့ ခောတ်သစ်ကဗျာတစ်ပုဒ်ပါ ။ ပုံပြင်ပေါင်းများစွာနဲ့ ကန်ရာသီမှာနှင်းတလူလူဝေရင်း မိုးစက်တွေကိုမေ့လျော့ပစ်ခဲ့တယ် ။ ဒါကြောင့်လည်းကျွန်တော်ဟာ ကောင်းကင်ဘုံရဲ့ အပြစ်သားတစ်ယောက်ဖြစ်ခဲ့တယ်ထင်ရဲ့ ။ (၆၄) တကယ်တော့ ချစ်ရတာလဲဝဋ်ကြွေးတစ်ခုပါပဲ ဘယ်နတ်ဆိုးတွေကသူတို့ရဲ့ပုရပိုဒ်မှာ ငါ့ကိုမှတ်တမ်းရေးထိုးသွားမလဲ ကိုယ်ထူကိုယ်ထစနစ်တစ်ခုလုံးနဲ့...ငါ နှင်းကိုချစ်တယ်လို့ပြောမိနေတုန်းပဲ ။ မှန်တာပြောလို့သစ္စာဖြစ်စတမ်းဆိုရင် နှင်းပါဝင်နေတဲ့လောကကမ္ဘာမှာ..ငါက သောကအပြာတွေပွင့်နေတဲ့ သစ်ခြောက်ပင်တစ်ပင်ပါ ။ (၆၅) ခုဆိုရင်.... မိုးပျံပူဖောင်းမလေးကြောင့် အိပ်မက်တွေအခန်းဆက်နေတတ်ပြီ သစ်ခြောက်ပင်ပေါ်ဝေနေတဲ့ နှင်းခါးတွေကိုမြင်တိုင်း နှင်းကိုလွမ်းနေတတ်ပြီ ။ ငြိမ်းချမ်းရေးတေးသံပေါ်မှာ မတ်တပ်ရပ်ပါနှင်းရယ် ကောင်းကင်လှေကူးတို့တွေကို နှင်းစိတ်ကြိုက်မောင်းနှင်ခရီးညွှန်ပါ ဆောင်းအခွံတွေထဲကို နှင်းကိုယ်လင်းရနံ့တွေနဲ့ပစ်ခတ်လှည့်ပါတော့ ငါလေ...ငါ ထပ်ပြောရင်လည်းဒီစကားပါပဲ နှင်းကိုငါချစ်လိုက်တာကွယ် ။ ။ saw jonathan aye
Posted via Blogaway

Comments