ပွတ်သီးပွတ်သပ် အ၀ါရောင်တပွင့်
လင်းဆက်ပိုင်
တော်လောက်ပြီ အရူးထခြင်းတွေ
နတ်သမီးအိပ်မက်များ
စိတ်ကူးနဲ့မက်နေယုံ တော့...
ဘာမှထူးမလာပါဘူး ။
တစ်ယောက်ထဲရွေ့ရတဲ့ခရီးပါပဲ
စုံနံသာပါတ်ပျိုးတွေ မတီးတော့ပါဘူး
တစ်ရက် နှစ်ရက်လောက်ရွာချလိုက်လို့မှ
ရင်မအေးတဲ့ ဇာတ်လမ်းအတွက်
ဇာတ်မျောကြီး ဆက် မ*က *တော့ဘူး ကွာ။
ရူးမှန်းသိတဲ့အရူးလောက် ရယ်စရာကောင်းတာမှမရှိတာ
လက်ဆုက်လက်ကိုင်မပြနိုင်တဲ့
ငါ့ကို နှိမ်ပါ ရယ်ကြပါ
ဘာမှမရခဲ့ခြင်းနဲ့ ငါ တင်းတိမ်တက်ရမှာပေါ့ ။
ကိုယ့်စိတ်ကိုယ်စိုင်း မရိုင်းအောင်ပဲ
စိတ်အပေါက်အပြဲကို ခုတ်ရှင်းခဲ့ပါမယ်
ဒါမယ့်ကွယ် မြွေတစ်ကောင်လို စိတ်ကို အရည်လဲလို့မရတာ ခက်တယ်။
အတွေးတွေ ဂူအောင်းရင်...
စာလုံးပေါင်းတွေ မိုးမစိုတော့ဘူးလား
ငြိမ်သက်တယ်ထင်နေပေမယ့်
ဒါဟာ အသက်မဲ့မှု့ လို့ ဘယ်သူသိမှာလဲ
လောကဓံနဲ့ ဖက်လှဲတကင်း စကားမများချင်ဘူးကွယ်။
ငါ့ကိုယ်ငါ ပြုပြင်ဖန်တီး မာယာတွေနဲ့ လမ်းမလျှောက်ပါဘူး
ကိုယ်စောင့်နတ် အမြင်ကပ်အောင်လွမ်းတဲ့နေ့က
သုညတွေ တခြမ်းကြွေသွားတယ်
မပါးမနပ်နဲ့ပဲ ဓူဝံရှိရာအရပ်မှာ လမ်းပျောက်ခဲ့တယ်။
ကိုယ့်ရှေ့တည့်တည့်မှာ ပိတ်နေတဲ့ တံခါး
ဖွင့်ရမယ့်သော့လည်းရှိပြီးသား
လိုက်ရှာရတာ အမောတွေ တသောသော *ခ*ရတယ်
စိတ်ချလက်ချ ပျော်အောင်နေပါတဲ့
ငါ မရယ်ချင်ဘူးကွယ်။
အချစ်ကို သူခိုးသူဝှက်လို ငါကချပြခွင့်မှမရှိပါပဲ
ကိုယ့်အတ္တလေး ရှက်သွေးဖြာဆင်ရတာပေါ့
အတည်ပေါက်နောက်တဲ့ မင်းမြို့လေးကို
ငါလာ လည်ပါဦးမယ်
အခုလောလောဆယ် ဓမ္မတေးပဲ
ကယ်နိုင်မလာလို့ ရွတ်မိပါတယ်။
၁၈ရက်နေ့က န၀င်းမကိုက်တော့ဘူးလား
ငါ့မေတ္တာတွေ ကို ဘယ်ဖုန်းခေါ်သံမှမဆက်သွယ်ကြဘူး
တနေ့နေ့ဆိုပြီး ဘ၀ကို လောင်းကြေတင်ပြီး
ကြွေဗေဒင် ငါမေးရမှာလား။
လမ်းရဲ့ခေါ်ဆောင်ရာလိုက်ခဲ့ပေမယ့်
လမ်းဆုံ လမ်းမွှာတွေရောက်တဲ့အခါ
ငါ ခြေပစ်လက်ပစ် ငိုင်မိတယ်
ဦးတည်ရာအရပ်မှာ မင်းရှိတာသေချာသလား။
ဖြစ်တည်မှု့တွေလက်ခံခဲ့ပါတယ်
တစ်ပါတ်လောက်သောက်ပြီးမူးတဲ့အရက်သမားလို
အချစ်အာစွတ်နဲ့ ငါမူးခဲ့ရပေါ့
စကားလုံးအဟောင်းတွေ ခါချဖို့
ဒီည အိပ်ပျော်အောင်အိပ်ပြီး
အိပ်မက်ခါးခါးနဲ့ လက်ဆွဲနှုတ်ဆက်ပါဦးမယ်
ကိုယ်ရေးကိုယ်တာနာရီကို
ဒီညတော့ နိုးစက်မပေးတော့ဘူးကွယ်။
၁၄.၁.၂၀၁၄
Posted via Blogaway
Posted via Blogaway
Comments
Post a Comment