မှော်​ ၃၁မှ၄၀

Saw Jonathan Aye
("မှော် ၃၁")

ဘယ်လိုသစ်ရိပ်မျိုးကိုမှ
ငါ့သင်းချိုင်းမြေမှာ...
အုပ်မိုးကိုင်းညွတ်မနေပါစေနှင့် ။

ရှင်းလင်းပြတ်ထင်သော
မြင်ကွင်းများဖြင့်သာ
ကြယ်ရောင်တို့သည်
ငါမှတ်တိုင်ပေါ်သို့
ငုံ့ကိုင်းကြည့်ပါစေသား ။

သေဆုံးခဲ့ပြီးသောတနင်္ဂနွေတို့၏
အတောင်ပံတို့ဖြင့်သာ
လေပြေသည်...
အေးမြပါစေသတည်း ။

ဆိုခဲ့ပြီးသော
သစ္စာစကားအရာအထောင်တို့သည်
အဖန်ဖန်လေ့ကျက်အပ်သော
မန္တာန်တစ်ပုဒ်အသွင်ဖြင့်
မှော်ဝိညာဉ်အား
ရိုက်ပုတ်လှုပ်နှိုးပါစေ ။

ထိုသို့ဖြင်ပင်....
ကောင်းကင်ဆန်သောကောင်းကင်
ပင်လယ်ဆန်သောပင်လည်တို့၌
စပါယ်ယဉ်ကျေးမှုတို့
ရွံ့ထိတ်ခြင်းကင်းစွာဖူးပွင့်နိုင်ပါစေသတည်း ။ ။

("မှော် ၃၂")

မှော်ဆိုတာ
(Action At A Distance)
အဝေးကနေပြုလုပ်စီရင်ခြင်းတဲ့
ဘာပဲဖြစ်ဖြစ်
ငါ့ကျဆုံးရာနံပါတ်ကလေးကို
ဆုတောင်းမေတ္တာပို့သပါတယ် ။

တကယ်ဆိုရင်
အဲဒီကြေကွဲခြင်းတွေကို
သိုက်နန်းရဲ့ဥရင်တိုင်မှာ
လိပ်ပြာချုပ်ကြိုးတွေနဲ့ချည်မထားသင့်တော့ဘူး
တစွန်းတစကြားခဲ့ဖူးတဲ့နားတွေကို
တော်လှန်ပစ်လိုက်တော့ ။

ငြိမ်းချမ်းပါစေကွယ်...
နယ်နိမိတ်ဆုံးအောင်ပစ်လွှတ်ခဲ့တဲ့
အလင်းမြှားတွေ
ပြန်လည်ကွေ့ဝိုက်
ငါ့ရင်ဘတ်မှာစိုက်
အလိုမရှိသူတို့ရဲ့ဥပေက္ခာအရာအထောင်ကို
ဘယ်မန္တယားနဲ့မှငါမနှိုးနိုင်ဘူး ။

နေ့စွဲနံပါတ်(7)ကလေးကို
စက္ကူရုပ်ချိုးဖို့ကြိုးစားတုန်းက
ပျားဖယောင်းတစ်ကျပ်ငွေတစ်မတ်နဲ့
ကျမ်းစာထဲကABCDတွေကို
စကြာဝဠာအနှံ့ခြေကုန်လက်ပန်းကျအောင်
ငါလွှတ်တင်ခဲ့တယ် ။

ငါသိခဲ့ပြီ....
အဲဒီကမ္ဘာဦးရနံ့ဟာ
ဘယ်အနန္တသီချင်းနဲ့မှပြန်မနိုးတော့ဘူး
မြေပြင်ကိုလှဲကျင်းနေရာယူမိတော့
ငါ့ခေါင်းအုံးကလေး....
မီးထတောက်တာပဲအဖတ်တင်တယ် ။

နေရစ်ခဲ့ပေတော့မှော်ဆရာရေ....
မင်းတတ်ကျွမ်းတဲ့ဝိညာဉ်အတတ်တွေက
ဗလာနယ်ကို..
ဘယ်တော့မှမဖမ်းဆီးနိုင်ဘူးကွဲ့ ။ ။

("မှော် ၃၃'")

မြင်ချင်တဲ့ကြယ်ကလေးကိုမှ
မော့ကြည့်ခွင့်မရဘူးဆိုရင်
စကြာဝဠာအနန္တကိုမီးရှို့ပစ်မယ် ။

ငါက..
အဒီလို...
နှင်းဆီရောင်နဲ့
မိုက်ကန်းတဲ့မှော်ဆရာပါ ။

မှတ်မှတ်ရရ....
ငါ့ကိုယ်ပိုင်နံပါတ်(၃၃)မှာ
နောက်ဆုံးထစ်ချုန်းခဲ့တဲ့
လင်းရနံ့ကလေး.....
ငါ့ရင်ဘတ်ကို...
လက်သည်းချွန်နဲ့ကုတ်ခြစ်လိုက်တော့
ကောင်းကင်နှစ်ခြမ်းကွဲသွားတယ် ။

ခုဆိုရင်...
နာမကျန်းဖြစ်နေတဲ့မှော်ဆရာက
လူမမာတို့ရဲ့စစ်သမိုင်းကို
ကြယ်ရောင်နဲ့မရေးထိုးနိုင်တော့ဘူး
ဘယ်ကုထုံးနဲ့မှမပျောက်ကင်းဘူးဆိုရင်လည်း
မျှော်လင့်ချက်တစ်ခွက်ကိုတော့
ငါအမိုက်မဲဆုံးသောက်မျိုလိုက်ပါရစေတော့
ငါ့ရဲ့....
စကြာဝဠာကျချသည်မလေးရေ...။ ။

("မှော် ၃၄")

ကောင်းကင်တစ်ခုပြိုကျသွားပြီးကြောင်း
ကိုယ့်ကိုကိုယ်ကြေငြာတဲ့နေ့က
မှော်ဆရာဟာ...
ပညာစဉ်တွေကန်းသွားခဲ့တယ် ။

မိုးမချုပ်ချင်ပဲနဲ့လည်း
နာနာရုပ်အတတ်တွေနဲ့
ဆောင်းတစ်ခုလုံး
နာကျင်စွာအမှောင်ချုပ်ပစ်ခဲ့တယ် ။

ကြယ်ရောင်ကိုသူမမြင်ရဘူး
စကြာဝဠာအသစ်တွေက
သူ့ကိုဝင်လာဖို့ခွင့်မပြုဘူး
နောက်ဆုံးလင်းတောက်မှုလား
ပန်းပွင့်တွေကိုလက်ဖဝါးပေါ်တင်
အစီအစဉ်မကျတဲ့မန္တာန်တစ်ပုဒ်နဲ့
ဇီဝဓာတ်တွေမှုတ်သွင်းလိုက်တော့
ဝေါခနဲထွက်ကျလာလိုက်တဲ့
စစ်အင်္ဂါအတုတွေ
ဇာတ်ဝင်ခန်းအတုတွေ
နွေရာသီအတုတွေ
ရိုးပြတ်ရနံ့အတုတွေ
ပင်လုံးကျွတ်ပွင့်တဲ့စံပါယ်အတုတွေ
အခန်းဆက်အိပ်မက်တွေလို
ပီပြင်စွာဖြစ်တည်လာကြ
သုည...
နတ္ထိကဝါဒ
ယုံကြည်မှုလွန်ကဲတဲ့ရယ်သံတစ်ခြမ်းနဲ့
ကောင်းကင်ကိုလက်ညှိုးထိုးပြီး
ကြိမ်းမောင်းအော်ဟစ်နေခဲ့ ။

ပြောင်းလဲခြင်းကျမ်း
လက်ပန်းပေါက်ထခတ်ချင်တဲ့
ဝမ်းနည်းခြင်းစက္ကူလူရုပ်
ခံစားမှုဇီဝတစ်ဝက်နဲ့
မျက်ရည်တစ်ဝက်ကိုအတတ်ပညာနဲ့ကွယ်ဝှက်
အပြုံးတစ်ခြမ်းနဲ့
ကမ္ဘာသစ်ကိုနှုတ်ဆက်တဲ့မှော်ဆရာ
..........
သူ... ။ ။

("မှော် ၃၅")

စကြာဝဠာကို
တစ်ယောက်တစ်ခြမ်းယူပြီး
ကိုယ့်လမ်းကိုယ်သွားကြရုံပေါ့...

စကားလုံးတွေထုတ်ခြင်းခတ်သွားတော့
မာယာမှာအလင်္ကာတွေ
သုတ်လိမ်းထားတယ်ဆိုတာ
မြင်သလိုလိုရှိရဲ့
ဒါပေမယ့်
ဘာကိုမှမမြင်ခဲ့တာသေချာပါတယ် ။

ရေစိုစက္ကူတစ်ရွက်လို
ငါ..ပျော့အိစုတ်ပြဲသွားတယ်
မာကျောအေးစက်တဲ့
မနက်ခင်းတစ်ခုလိုလည်း
ငါရှင်ပြန်ထမြောက်ခဲ့တယ် ။

ငါ့ကိုယ့်ငါ...
အခိုးအငွေ့တစ်ခုပါလို့
ကြယ်တွေကြားအောင်
ညတွေပေါ်တက်အော်ခဲ့ပေမယ့်
ဘယ်နက္ခတ်အစုအဝေးကမှလက်မခံခဲ့ဘူး ။

ပြန်...
မင်းပြန်တော့မှော်ဆရာ
မင်းလာခဲ့တဲ့ရေခဲခောတ်အထိပြန်
မင်းဝိညာဉ်ကိုမင်းပြန်ယူဆောင်တော့
မင်းရဲ့မှော်ဂါထာတွေက
ဒီကမ္ဘာရဲ့သရော်စာတစ်မျိုးထက်
အဆင့်တက်မပေးနိုင်ဘူးဆိုတာ
မင်းနားလည်ခဲ့ပြီပဲ ။

ရပိုင်ခွင့်ဆိုတာ
ရနိုင်သူတွေအတွက်ပဲကောင်းတဲ့
မျှော်လင့်ချက်တစ်မျိုးဆိုတာ
မင်းသိပါရဲ့လားမှော်ဆရာရယ် ။ ။

("မှော် ၃၆")

ဘယ်ဘုံကမှန်းမသိဘူး
သန္တဓာတ်တွေ
မနက်ခင်းထဲပြုတ်ကျလာတယ် ။

လောကအမှောင်မှာ
သောကအရောင်တွေပွင့်တုန်းက
ငါ့မှာဝှက်ဖဲတစ်ချပ်လည်းမရှိခဲ့ဘူး
ဒါပေမယ့်လည်း...
ရှင်ပြန်ထမြောက်ခြင်းကို
ငါမီးလိုပျိုးခဲ့တယ် ။

ဝင်သက်ထွက်သက်အကြောင်းပဲ
စကားတွေခြေခြင်းလိမ်နေတယ်
မြောက်ပြန်လေရယ်ငါရယ်ပေါ့...
ယုံတမ်းစကားတွေအသစ်တစ်ဖန်မွေးမြူဖို့
စကားဟဟတောင်မပြောမိကြပါဘူး ။

မန္တာန်တစ်ပုဒ်တည်းနဲ့လူဆိုတော့
တစ်ဆောင်းလုံးခြုံလည်း
ဘယ်အေးပါ့မလဲ
ဖြစ်ချင်တာဖြစ်ပေါ့
ဗြဟ္မအိမ်ကမျက်စောင်းလှလှလေး
ဖျပ်ခနဲထိုးချလိုက်ရုံနဲ့
သောကတိမ်တွေလွင့်စင်ခဲ့...။

တကယ်တော့
မှော်ဆရာဆိုတာ
သူရူးတို့နှုတ်ဖျားကသီချင်းတစ်ပုဒ်ထက်
ဘာမှမပိုခဲ့ဘူး ။ ။

("မှော် ၃၇")

ကောင်းကင်တံခါးကိုဖွင့်လော့
မနက်ခင်းအသစ်တွေနဲ့
စစ်မက်ပြိုင်အံ့..။

နာနာရုပ်အတတ်နဲ့
သွန်းလုပ်အပ်သောစစ်သားများ
ကြေးညှိရောင်ချပ်ဝပ်တန်ဆာများ
ပြိုးပြက်ဝင်းလက်သောဓားရောင်လှံရောင်များ
စိတ်အသစ်ဖြင့်လေ့ကျင့်ပြီးအပ်သော
ယတြာရစစ်ဆင်စစ်မြင်းများ
အဆင်သင့်ဖြစ်ကြပြီ...။

နှင်းရာသီထဲမှာ
စံပါယ်ရွက်ဆေးမိုးတို့
တဖြိုက်ဖြိုက်ကျူးကျော်ရွာချ
မှော်ဆရာရဲ့သင်းချိုင်းမြေမှာ
မြစိမ်းရောင်အခင်းအကျင်းနဲ့
အမုံအဖူးတွေငြိမ်းချမ်းရေးတေဆိုပြီ
နာကျင်စရာတွေထားခဲ့
ကြင်နာစိတ်တစ်ချို့တစ်လေက
မင်းကိုပျော်စေပါရဲ့လားမှော်ဆရာ..။

သံတုံးသံခဲတွေအပ်ဖြစ်သွားပြီးရင်
ဗြဟ္မာ့ပြည်ကအပ်တစ်စင်းနဲ့
ထိပ်တိုက်ထိတွေ့ဖို့
စစ်တလင်းကိုပြင်ခဲ့တယ်
စိတ်ကူးငှက်တွေ...
အတောင်ပံတစ်ဖျန်းဖျန်းရိုက်ခတ်ကြ
ရောဘဝတ္ထုတွေထဲကကောက်နှံတွေကို
ရိက္ခာအလို့ငှာဆောင်ယူကြ
ဆာလံသီချင်းတွေကို
ကဗျာတစ်ပုဒ်လို
ဒါမှမဟုတ်
ငါ့ရဲ့စစ်ချီတေးလိုဟစ်ကြွေးသီဆိုကြ
ဖြတ်သန်းသွားပြီးသားခြေရာတွေက
စစ်ဆင်တစ်ကောင်ရဲ့အစွယ်လို
ငါ့ကိုပြန်လည်ထိုးနှက်
ဘဝရဲ့ရှက်ဖွယ်လိလိရှုံးနိမ့်ခြင်းတွေပြန်သတိရ
ဆွေမွန်ရဲဘက်သားများ
ဖက်လှဲတကင်းစစ်ရောင်စစ်ရိပ်များနှင်အတူ
ငါ့ရဲ့အောင်လံဖျားမှာ
မျက်ရည်ကျနေတဲ့သူရူးရုပ်
တံဆိပ်အဖြစ်ခတ်နှိပ်ထားတယ် ။

ဒီလိုနဲ့ပဲ...
မှော်ဆရာဟာ
စစ်မက်အင်္ဂါတွေမန်းမှုတ်ခင်းကျင်းရင်း
ဘယ်တော့မှပွင့်မလာတော့မယ့်
ကောင်းကင်ဘုံတံခါးကို
သူရူးတစ်ယောက်လို
လက်ညှိုးငေါက်ငေါက်ထိုး
မျက်ရည်တွေနဲ့ကြိမ်းမောင်းနေခဲ့တယ် ။ ။

("မှော် ၃၈")

သင်္ခါရတရားတွေက
နွေဦးသစ်ရွက်တွေလို
ငါ့စိတ်တွေကိုတဖွဲဖွဲခြွေချတယ် ။

လေပွေကလည်း...
နယ်နိမိတ်ကျဉ်းမြောင်းတဲ့ဝင်ရောက်မှုတွေနဲ့
ငါ့ဝင်သက်ထွက်သက်တစ်ခြမ်းမှာ
အလင်းကချေသည်က
သူ့လက်ချောင်းတွေကိုဖြန့်ကာလို့...

ပျံ့လွင့်နေတဲ့စိတ်တွေ
ထွက်ခွာသွားပြီးသားဝ်ညာဉ်ခြေသံတွေ
မက်ဂျစ်စကွဲယားများ
အလင်းတော်ဂိုဏ်းအကြောင်း
ကြက်အဖြူတစ်ကောင်နဲ့
ဒေးဗစ်ကြယ်တစ်ခု
ကြပ်ခိုးတွေ..
မြူတွေ...
စူဠဂန္ဓာရီသမားရဲ့မျှော်လင့်ချက်တွေ
တယ်လီစမန်ခဲလိပ်တွေ...
အခါခါရှင်ပြန်ထမြောက်ခြင်းအတွက်
စုဝေးရွတ်ဖတ်မန်းမှုတ်မှုတွေ
တစ်ကိုယ်တည်း...
ဘာကိုစောင့်နေသလဲ..။

သေမိန့်ကျပြီးသားရှင်သန်မှုတွေက
နွေရာသီတိမ်မြင်းတွေကိုစီးနင်း
မီးသီချင်းတွေဆိုညည်းပြီး
ပြန်လည်ဒုန်းစိုင်းဝင်ရောက်လာကြ
ဘဝမှာစိုလက်တဲ့အပြုံးတွေ
ပြန်လည်ခင်းကျင်းပေးဖို့
ဟော..ဟိုမှာ
စကြာဝဠာဘလက်ခ်ဟိုးလ်ထဲ
နစ်ဝင်ပြုတ်ကျသွားခဲ့တဲ့
မင်းရဲ့မှော်ဆရာ...
အတောင်ပံအသစ်တွေကိုရိုက်ခတ်
တစိုက်မတ်မတ်ပျံသန်းမှုတွေနဲ့
အန္တိမအသက်တစ်ဝက်ကို
မင်းကိုပေးဖို့...
အလင်းအလျဉ်ထက်မြန်တဲ့အရှိန်အဟုန်နဲ့
ရွေ့မျောပျံသန်းလာနေတယ် ။ ။

("မှော် ၃၉")

လေးညှို့သံဆိုတာ
ပစ်မှတ်အတွက်တော့
သေမင်းတမာန်ဂီတတစ်ခုပါပဲ ။

ရေရောင်တွေဖွေးတလက်လက်ဝေတဲ့
သူရူးတို့တိုင်းပြည်မှာ
ငါက..တံလျှပ်တစ်ခုဖြစ်ခဲ့ရုံပါ ။

မင်းကြည့်လိုက်စမ်း...
စိတ်အသေတွေနဲ့ခုတ်ဖြတ်နေရတဲ့သူ
သူတစ်လူငါတစ်မင်းမစိုးမိုးနိုင်တော့ဘူး
စံပါယ်တွေစစ်ဆင်နွှဲတဲ့တိုက်ပွဲမှာ
နှင်းဆီတစ်ပွင့်တည်းအတွက်နဲ့
ဘဝကျိုးသွားတဲ့သူ...
မှော်မန္တာန်တွေတုန်ဝါးဖျော့အေး
နှုတ်ဆွံ့တေးတွေနဲ့မှော်ဆရာ..။

တကယ်ဆိုရင်
ကိုယ့်ရင်ဘတ်ကိုကိုယ်မိုးချုပ်ပြီး
အိပ်ပစ်လိုက်ချိန်တန်ပါပြီ...
ကောင်းကင်အသစ်တွေကိုလည်း
နေထွက်ခွင့်ပေးရဦးမယ်
ဘာကိုစောင့်နေတာလဲကွယ် ။

("မှော် ၄၀")

ငါရပ်နေတဲ့အမှောင်တည့်တည့်မှာပဲ
တဝီဝီပျံသန်းလာတဲ့အသံတွေနဲ့
ငါ့မျှော်လင့်ချက်တစ်ချို့
လက်ဆွဲနှုတ်ဆက်လိုက်ကြတယ် ။

ကောင်းကင်တမာန်တို့
ငါ့ထံဆောင်ယူလာကြပြီ
တစ်ခုတည်းသောအလင်းစကား
မျက်ဝန်းတွေဆွံ့အသွားစေတဲ့
စကြာဝဠာကချေသည်မရဲ့ကကြိုးယန္တယား
အမြင့်မားဆုံးသောသန္တဓာတ်သီချင်းသံ
ငါမြင်ပြီ...
ငါကြားပြီ...
ငါလင်းလင်းထင်ထင်သိခဲ့ပြီကွဲ့ ။

မှော်ဆရာလက်ရေးခုနှစ်မျိုးနဲ့
ငါရေးလိုက်တဲ့ကဗျာ...
စံပါယ်တွေမိုးမချုပ်တဲ့တိုင်းပြည်မှာ
အသိအမှတ်ပြုခံရသတဲ့
တုန်ယင်ဖျော့တော့နေတဲ့နှလုံးသွေးနဲ့
ငါပျော်လိုက်ရတာကွယ် ။

လက်ခုပ်လက်ဝါးတီးကြတဲ့
ဗျည်းသရမန္တာန်တွေက
အဆူပွက်ဆုံးလောင်မြိုက်မှုတွေနဲ့
ဆောင်းညကြယ်ကြွေသီချင်းတစ်ပုဒ်လို
ငါ့ကိုပွေ့ဖက်ကြိုဆိုကြ ။
ဖြစ်နိုင်ရင်...
ရရှိပြီးသားအမှောင်တွေကို
ကြယ်တို့ရဲ့သီချင်းနဲ့ပဲမိုးလင်းခွင့်ပြုပါတော့ ။

အို...
ငါချစ်အပ်သော
ကဗျာတစ်ပုဒ်ရဲ့အနားသတ်ကလေးရေ
ငါ့ရဲ့သက်တန့်ကျိုးကျအိပ်မက်တွေအတွက်
ကြယ်သီချင်းကိုပဲဆိုပါ
မိုးသောက်နေဝင်ကကြိုးကိုပဲ
မမောမပန်းဆက်လက်ကခုန်ပါ
ငါ့အတွက်...
အမှောင်တွေထွန်ယက်နိုင်တဲ့
စိတ်အလင်းတစ်ခုရရင်ပဲ
အရာရာပြည့်စုံပါရဲ့ကွယ် ။ ။

saw jonathan aye


Posted via Blogaway

Comments