ချစ်​သူလက်​​ဆောင်

("ချစ်သူ့လက်ဆောင် ၂၁")

ချစ်သူရေ....
မနက်မိုးလင်းလို့
ကမ္ဘာမြေကြီးဖြူဖွေးသန့်စင်လာတိုင်း
ငါနင့်ကိုအရင်ဆုံးသတိရပါတယ် ။

မနက်ခင်းဟာ....
နှင်းတွေနဲ့ခြေချင်းလိမ်နေတယ်
မိုးရိပ်မိုးငွေ့တွေကလည်း
မထွက်ခွါချင်သေးဘူး
နှင်းမိုးတစ်ပြိုက်နှစ်ပျိုက်နဲ့
ငါစိုက်ထားတဲ့စံပါယ်တွေ
နင့်အတွက်ပွင့်နေပြန်ပြီ ။

ငြူစူစောင်းမြောင်းပြီးထွက်ခွါသွားတဲ့
နာရီလက်တံလေးတွေ...
မိုးနှင်းတွေပေကျံနေတယ်
ဆုပ်ဆုပ်ခဲခဲစက္ကူပန်းနီနီတွေကိုကြည့်ရင်း
နင့်ကိုငါလွမ်းနေတယ် ။
မနာလိုသဝန်တိုတတ်တဲ့နင့်အသံလေးတွေ
ငါပြန်ကြားယောင်ရင်း
နင်ကြိုက်တဲ့သီချင်းလေးထဲကပုန်းညက်တွေ
ငါ့နှလုံးသားထဲခုန်ဆင်းလာတယ် ။
ငါချစ်လိုက်တာချစ်သူရယ် ။

ချစ်မိပြီဆိုတာ
သေချာသွားတဲ့နောက်ပိုင်း
သံယောဇဉ်တွေဟာစိုးရိမ်ရေမှတ်ကိုရောက်ပြီ
ငါ့ကိုယ်ငါသတိမထားမိလောက်အောင်
နင်ကငါ့ရင်ထဲကို
ထိုးဖောက်နေရာယူနိုင်ခဲ့တာပါ ။

ချစ်သူရေ....
ငြိမ့်အေးလှိုက်ဖိုတဲ့ရင်ခုန်သံတွေနဲ့
ငါရေးပေးတဲ့ကဗျာလေးတွေ
ငါဆိုပြတဲ့သီချင်းလေးတွေက
ငါချစ်ရတဲ့နင့်အတွက်
ငါအပေးနိုင်ဆုံးသော
ချစ်သူ့လက်ဆောင်တွေပါပဲကွယ် ။ ။

("ချစ်သူ့လက်ဆောင်၂၂")

ချစ်သူရေ...
အချစ်ကိုအချစ်နဲ့တူအောင်ချစ်နေရင်းနဲ့ပဲ
ဆောင်းညချမ်းပေါင်းများစွာ
နင့်ကိုငါလွမ်းနေတာ ယုံပါ ။

ငါဆိုပြတဲ့
နင်အကြိုက်ဆုံးသီချင်းလေးနဲ့
ငါ့ကိုသတိရပေးနေတယ်ဆိုရင်ပဲ
ငါကကျေနပ်နေရမှာပါ ။

ချစ်သူကိုချစ်တဲ့အကြောင်း
ကဗျာကလေးပေါင်းများစွာ
ရေးပေးနိုင်တဲ့ငါက
သီချင်းတစ်ပုဒ်ကိုသေချာမဆိုပြနိုင်တာ
ငါ့ရဲ့ညံ့ဖျင်းမှုပါ ။
ငါဆိုတတ်တဲ့တစ်ပုဒ်တည်းသော
အဲဒီသီချင်းလေးကသာ
ငါအပေးနိုင်ဆုံးလက်ဆောင်ပါပဲ ။

ငါလွမ်းနေတယ်ချစ်သူရယ်
ဆန္ဒရှိသလောက်သာ
လွင့်စင်ပစ်လိုက်ရရင်
ငါဆိုပြတဲ့သီချင်းထဲက
ပုန်းညက်ပန်းကလေးတွေကို
ငါချစ်တဲ့နင့်ကေသာဦးမှာ
အလှပဆုံးပန်ဆင်ပေးလိုက်ချင်တယ် ။
ဆောင်းရာသီရဲ့ဟိုဘက်အခြမ်းလေးကနေ
နင်ရှိတဲ့မိုးရာသီကလေးထဲကို
ငါ့ကဗျာတစ်ပုဒ်ရေးထည့်လိုက်ချင်တယ်
ပြီးတော့...
ကဗျာဖတ်နေတဲ့ကောင်မလေးရဲ့ပါးပြင်ကို
လေပြေကလေးအဖြစ်
ဝေ့ဝဲပွတ်တိုက် နမ်းရှိုက်ပစ်လိုက်ချင်တယ် ။
ချစ်တယ်ချစ်သူရယ် ။ ။

("ချစ်သူ့လက်ဆောင် ၂၃")

ချစ်သူရေ....
မနက်ခင်းပွင့်တဲ့ပန်းကလေးတွေနဲ့အတူ
လှပအေးမြစွာနိုးထလာပါတော့
ဆောင်းရာသီရဲ့နှင်းမှုန်ကလေးတွေက
နင့်ကိုစောင့်ကြိုနေတယ် ။

နင်ပြီးတော့လည်းနင်ပါပဲလို့
ငါ့ကိုငါအော်ပြောတတ်နေပြီ ။
အချစ်ဟာ....
ပျံ့နှံ့မှုအားကောင်းတဲ့
လေပြေလိုပဲ
တိုးတိတ်သိုသိပ်စွာ
ဘဝထဲတိုးဝင်လာတယ် ။
ပြီးတော့
အလွမ်းတွေကိုချန်ထားပြီး
တိတ်တဆိတ်ထွက်ခွာသွားတယ် ။

ဘဝမှာ....
ဖိတ်ဖိတ်စင်စင်ဖြစ်နေခဲ့တဲ့အလွမ်းတွေနဲ့
ငါနင့်ကိုသတိရနေတယ် ။
ချစ်မိသွားပြီဆိုမှတော့
လွမ်းစရာရှိရင်လည်းလွမ်းရပေဦးမပေါ့ ။

ငါလွမ်းနေတယ်ချစ်သူရယ်...
ခက်ထန်ကြမ်းရှတဲ့
ဆောင်းအရှေ့လေရိုင်းတွေနဲ့အတူ
နင့်ကိုလွမ်းတဲ့စိတ်တွေ
အရှိန်အဟုန်နဲ့စီးမျောနေတယ်
အေးစက်ထုံဝေနေတဲ့
နှင်းမှုန်နှင်းစတွေထဲမှာ
စိတ်ကူးကလေးနဲ့
နင့်လက်ကိုငါဆုပ်ကိုင်ထားတယ်
ငါ့ရပိုင်ခွင့်ကဒီလောက်ပဲဆိုပေမယ့်
နင့်ကိုငါ...
ဘာနဲ့မှမတူအောင်ချစ်ပါတယ် ။
အဲဒါ...
နင့်အတွက်ငါ့အတွက်
ကံကြမ္မာကပေးတဲ့
ချစ်သူ့လက်ဆောင်ပါပဲကွယ် ။ ။

("ချစ်သူ့လက်ဆောင်၂၄")

ချစ်သူရေ...
အလွမ်းကိုအလွမ်းနဲ့
တုံ့ပြန်နှင်းတဲ့ဒီလိုညချမ်းကလေးမှာတော့
ခရေပင်ထိပ်ဖျားက
ကြယ်ရောင်တွေကိုငေးရင်း
မင်းကိုကိုယ်လွမ်းနေတယ် ။

လေပြေကလည်း
နှင်းငွေ့တွေကိုယူဆောင်လာနေတယ်
ညမွှေးပန်းရနံ့တွေကလည်း
ပျံ့ထုံမွှေးမြနေတယ်
ချစ်သူကိုလွမ်းရတဲ့ညဟာ
ညပီသအောင်ပဲလှနေတယ် ။

ဖြစ်နိုင်ရင်တော့
ချစ်သူ့ဆံနွယ်စမှာခိုတွဲနေတဲ့
နှင်းမြူစကလေးဟာ
ကိုယ်ပဲဖြစ်လိုက်ချင်တယ် ။
ချစ်သူ့ကိုယ်သင်းရနံ့လေးနဲ့
ညပေါင်းများစွာအိပ်ပျော်သွားချင်တယ်
ချစ်သူ့ရယ်သံလွင်လွင်ကလေးတွေနဲ့
မနက်ခင်းပေါင်းများစွာနိုးထချင်တယ်။
ချစ်သူ့အပြုံးတွေကြားမှာ
လူးလားခေါက်တုန့်ပျံသန်းရင်း
ကိုယ့်ဘဝနေ့ရက်တွေကို
ကုန်ဆုံးလွန်မြောက်ပစ်ချင်တယ်။

စိတ်ကူးကလေးဆိုပေမယ့်
မျက်စိစုံမှိတ်စိတ်တွေယိမ်းညွတ်လိုက်ရုံနဲ့
တိတ်ဆိတ်နေတဲ့ကြယ်ရိပ်အောက်မှာ
ကိုယ့်နှလုံးသားတွေလှိုက်ဖိုနွေးရပါတယ် ။

ချစ်သူရေ....
မင်းကသာကိုယ့်ရဲ့
တစ်ကိုယ်ရည်အလင်းဖွဲ့ဂီတပါကွဲ
မင်းကိုချစ်မြတ်လွမ်းသ,သတိရရင်း
အေးမြသာယာဆောင်းညဝင်္ကပါမှာ
ထွက်ပေါက်ပိတ်သွားတဲ့နှင်းစက်ကလေးလို
ကိုယ့်စိတ်လှေကူးတို့တို့
ကြယ်ရောင်တွေနဲ့...
ခရီးဆက်ခဲ့ရပြန်ပြီကောကွယ် ။ ။

("ချစ်သူ့လက်ဆောင် ၂၅")

ချစ်သူရေ...
ပြာသိုမှာခွာညိုတွေ
အလုအယက်ပွင့်ကြပြန်ပြီ ။
ချစ်သူကိုလွမ်းရတဲ့စိတ်တွေလည်း
ညို့ရီပြာမှိုင်းလဲ့
ဆောင်းရတုနဲ့မှုံမှိုင်းပုံခြင်းပြိုင်နေတယ် ။

ဒီဇင်ဘာတိမ်တစ်အုပ်ဟာ
ကောင်းကင်မှာနိမ့်ဆင်းတွဲခိုနေတယ်
မစို့မပို့နေရောင်ခြည်အောက်မှာ
ဆောင်းမနက်ခင်းတွေ
နှင်းစက်တွေနဲ့ပေကျံနေဆဲ....
ကိုယ်နိုးထတဲ့မနက်ခင်းတိုင်းမှာ
ချစ်သူကိုလွမ်းတဲ့စိတ်ကသာ
စိုးမိုးနေရာယူနေဆဲပေါ့ ။

တကယ်ပါချစ်သူရယ်
တစ်နေ့ထက်တစ်နေ့ပိုတိုးလာတဲ့
သံယောဇဉ်ကြိုးတွေမှာ
ကိုယ့်နှလုံးသားတွေရုန်းမရဖယ်မရ
ချစ်တဲ့စိတ်ရထားဟာ....
နှောင်တွယ်ခြင်းအဆင့်ဆင့်ခုတ်မောင်းခဲ့ပြီ ။

အတ္တကြီးတယ်လို့ဆိုချင်ဆို
ချစ်သူရဲ့ဘဝစာမျက်နှာတွေထဲမှာ
ကိုယ်ပါဝင်နေချင်တယ် ။
ချစ်သူရဲ့စိတ်တွေထဲမှာ
အတွေးစကလေးတစ်ခုအဖြစ်
ကိုယ်ရှင်သန်နေချင်တယ်
ပြီးတော့...
ကိုယ့်ချစ်သူကိုကိုယ်တစ်ယောက်တည်းပဲ
ချစ်နေခွင့်ရချင်တယ် ။

ချစ်သူရေ...
ကိုယ်ပြင်ဆင်ပေးထားတဲ့
မင်းအတွက်မနက်ခင်းလေး
မင်းအတွက်နေ့သစ်ကလေး
နှင်းရည်တွေစိုလူး
ဆောင်းတို့ရဲ့ခွာညိုဦးမှာ
မြောက်ပြန်လေတွေမြူးခဲ့ပြန်ပေါ့
ကိုယ့်အချစ်တွေက
မင်းနိုးထရာမနက်ခင်းကလေးမှာ
သောကကင်းတဲ့နှင်းငွေ့ကလေးအဖြစ်
ဒေါသကင်းတဲ့လေပြေကလေးအဖြစ်
မင်းကိုစောင့်မျှော်နေတယ်...
ခွာညိုတွေဝင်းဝင်းဝေတဲ့ဆောင်းဟာ
ကိုယ့်အချစ်တွေကိုလှလှပပခင်းကျင်းပြီး
မင်းကိုစောင့်မျှော်နေတယ်အချစ်ရယ် ။ ။

("ချစ်သူ့လက်ဆောင် ၂၆")

ချစ်သူရေ....
janauaryလရဲ့ပထမဆုံးမိုးကောင်းကင်ဟာ
ကြယ်ရောင်တွေမြူးတောက်နေတယ်
နှစ်သစ်ရဲ့ပထမဆုံးညလေးမှာ
နင့်ကိုငါလွမ်းနေတယ်ချစ်သူရယ် ။

စိတ်ကူးလေပြေကျော့မှာ
အိပ်မက်တွေခေါင်းတမော့မော့
ဘယ်တော့မှမပြောင်းလည်းမယ့်
မေတ္တာတရားတွေက
ချစ်သူရှိရာအရပ်ကိုပဲမျက်နှာမူနေတယ် ။

ခုချိန်ဆိုရင်....
ချစ်တဲ့သူရဲ့ကေသာကျော့မှာ
နှင်းစက်မှုန်တွေကပ်ငြိနေပြီလား
လေပြေခိုးနမ်းသွားတဲ့
ချစ်သူ့ဆံနွယ်ခက်တွေကြားမှာ
ကိုယ့်စိတ်ခံစားချက်တွေခိုစီးလိုက်ပါသွားတယ်။
ရင်ခုန်ရာသီဦးတွေ
ဘယ်တောတက်လို့ဘယ်တောင်ဆင်းရလေဥဦးမလဲ
လွမ်းတယ်ချစ်သူရယ်...။

လေအဟုန်မှာမျောလွင့်နေတဲ့
နှင်းမှုန်ဆံစတွေကိုသပ်တင်လိုက်ပါဦးအချစ်ရယ်
ဇင်ယော်တောင်မျက်ခုံးကလေးတွန့်ယိမ်းပြရုံနဲ့
ဒီတစ်ဆောင်းလုံးရဲ့နှင်းစက်တွေကို
မင်းကသိမ်းပိုက်ပစ်နိုင်ပါတယ်ချစ်သူရယ် ။
ဆန္ဒတွေမကုန်မချင်းသာရွက်လွှင့်ခွင့်ရရင်တော့
ချစ်သူ့ဆံနွယ်မျှင်ကလေးတွေကို
သာယာတိမ်းမူးစွာနမ်းရှိုက်ခွင့်ရချင်ပါတယ် ။

ချစ်သူရေ...
ကိုယ်ဆိုတဲ့နှင်းရာသီကြယ်ဖမ်းသမားက
ချစ်သူကိုချစ်တတ်တယ်ဆိုတာထက်
ဘာမှပိုမပြောတတ်တဲ့ကောင်ပါ
စကားအလှတွေနှင်းလိုမဝေပြတတ်ဘူး
အေးစက်စက်လက်ချောင်းတွေနဲ့
ဆီးကြိုမပွေ့ဖက်တတ်ဘူး ။
ဆောင်းခောတ်ရဲ့နှင်းပုရပိုဒ်ထဲမှာ
အလွမ်းတွေသံမှိုနှက်ခံထားရတဲ့သူ
သူကလေ....
မင်းကိုချစ်တတ်တာတစ်ခုပဲသိတယ် ။

("ချစ်သူ့လက်ဆောင် ၂၇")

ချစ်သူကလေးရေ...
နှစ်သစ်ရဲ့တတိယမြောက်ညမှာ
လပြောက်ထိုးကျနေတဲ့
ကိုယ့်ရဲ့စံပါယ်ခြုံကလေးတွေဆီ
ချစ်သူကိုလွမ်းတဲ့စိတ်နဲ့
ကိုယ်ရောက်ရှိခဲ့ပြန်ပြီ ။

မိုးရတုကုန်ဆုံးခဲ့ပေမယ့်
နှင်းအားနဲ့ပွင့်နိုင်သလောက်ပွင့်ပြတဲ့
စပါယ်ပွင့်ဖြူဖြူကလေးတစ်ချို့နဲ့
ချစ်သူကိုချစ်မြတ်လွမ်းသရကြောင်း
စကားပေါင်းများစွာဆိုခဲ့ပါတယ် ။

မြစိမ်းရောင်ပေကျံနေတဲ့
စပါယ်ရွက်တွေပေါ်မှာ
နှင်းပွင့်တစ်ချို့တစ်လေကလည်း
စိုးမိုးနေရာယူလို့....
လေပြေတွေထဲမှာစပါယ်ရနံ့တို့ရဲ့
ဝတ်မှုန်ရယ်သွမ်းသွေးသံတွေကို
ကိုယ်ကြားရပါတယ်အချစ်ရယ်...။

ချစ်သူကိုချစ်တဲ့အကြောင်း
ချစ်သူရဲ့ဘဝစာမျက်နှာတွေထဲမှာ
ကိုယ်ပါဝင်ချင်တဲ့အကြောင်း
ချစ်သူ့အိပ်ယာဝင်ပုံပြင်တွေထဲကို
စပါယ်ရနံ့တွေဆောင်ကျဉ်းပေးချင်တဲ့
အိပ်ယာဝင်နတ်ကောင်းနတ်မြတ်တစ်ပါး
ကိုယ်ဖြစ်ချင်တဲ့အကြောင်း
များစွာသောစကားတွေ
နှင်းပွင့်တွေရှက်ရွံ့သွားစေမတတ်
စပါယ်ပွင့်ကလေးတွေနဲ့..ကိုယ်
စကားတွေစီးချင်းထိုးခဲ့ပါတယ် ။

ကြယ်ကလေးတွေက
ကောင်းကင်ဥယျာဉ်တော်ရဲ့
စံပါယ်ပွင့်ကလေးတွေသာဆိုရင်
ချစ်သူနှစ်သက်တဲ့စံပါယ်ပွင့်ကလေးတွေက
ကိုယ့်နှလုံးသားကောင်းကင်ရဲ့
ကြယ်စင်ကလေးတွေပါပဲ ။
စပါယ်ပွင့်ကလေးတွေရဲ့..
ဖြူစင်လင်းသန့်တဲ့အလှတရားကို
ချစ်သူ့မျက်နှာတော်အဖြစ်မော်ဖူးတယ်
စံပါယ်ပွင့်ကလေးတွေရဲ့..
အေးမြစင်ကျယ်တဲ့သင်းရနံ့ကို
ချစ်သူ့ကိုယ်သင်းရနံ့အဖြစ်နမ်းရှိုက်တယ်
စံပါယ်ပွင့်ကလေးတွေရဲ့...
ဝတ်မှုန်ခြင်းထိခတ်သံကို
ချစ်သူ့တေးသံအဖြစ်နားဆင်တယ် ။

နှင်းဆွတ်မြောက်ပြန်လေရယ်
ကြယ်စင်သိန်းသန်းတို့ရဲ့အလှတရားရယ်
လရောင်စက်ဝေညချမ်းကလေးရယ်
အဆင်းလှလှသင်းတမြမြစံပါယ်ရုံကလေးရယ်
ဒီဆောင်းညချမ်းကလေးရယ်
ဘာမှအပိုအလိုမရှိပြည့်စုံနေတဲ့ဒီညကလေးဟာ
ချစ်သူကိုလွမ်းဖို့အတွက်
သဘာဝတရားကဖန်ဆင်းပေးထားတဲ့
သူငယ်ချင်းကောင်းပါပဲ...
ချစ်သူကလေးရေ...
စံပါယ်ပွင့်ကလေးတစ်ဖြစ်လည်းမင်းကို
ဒီဆောင်းညကလေးမှာ
မှတ်မှတ်ရရအမှတ်တရပေါင်းများစွာနဲ့
ကိုယ်လွမ်းနေတယ်အချစ်ရယ် ။ ။

("ချစ်သူ့လက်ဆောင် ၂၈")

လျှော်ဖွပ်ပြီးသား
ကောင်းကင်တစ်ထည်ကိုဝတ်ဆင်ပြီး
နေ့သစ်တစ်ခုဟာ
နိုးထလာခဲ့ပြန်ပြီအချစ်ရယ် ။

မနက်ခင်းလေးထဲမှာ
ဆောင်းရာသီတစ်ခုလှပမြူးကြွနေတယ်
နှင်းစက်ကလေးတွေကလည်း
ဝေ့ယိမ်းမှုန်သီလို့...

ချစ်သူနိုးထလာမယ့်
မနက်ခင်းအသစ်လေးထဲမှာ
နေရောင်မျှင်တန်းကလေးအဖြစ်
နုထွေးလှပစွာကိုယ်စောင့်မျှော်နေတယ် ။

ချစ်သူနိုးထလာမယ့်
နေ့သစ်ကလေးထဲမှာ
ကမ္ဘာမြေပေါ်ကအကောင်းဆုံး
ကော်ဖီခွက်ကလေးအဖြစ်ကိုယ်စောင့်နေတယ် ။

ချစ်သူနိုးထလာမယ့်မနက်ခင်းလေးထဲမှာ
ချစ်သူ့ပြတင်းတံခါးမှာ
လာရောက်တေးသီနိုးထစေမယ့်
တေးဆိုငှက်ကလေးအဖြစ်
ကိုယ်စောင့်မျှော်နေတယ် ။

ချစ်သူနိုးထလာမယ့်မနက်ခင်းလေးမှာ
ချစ်သူ့အလိုကျနမ်းရှိုက်မွှေးကြူခွင့်ရမယ့်
ပန်းပွင့်ဝတ်မှုန်ကလေးအဖြစ်
ကိုယ်စောင့်မျှော်နေတယ် ။

ကောင်းသောမနက်ခင်းပါချစ်သူ
အလှပဆုံးကမ္ဘာမြေက
ငါချစ်သောကောင်မလေးကို
ငါ့ကိုယ်စားစောင့်မျှော်နေတယ်
ကမ္ဘာမြေရဲ့သဘာဝတရားတွေကိုယ်စား
ငါ့အချစ်တွေကနင့်ကိုစောင့်မျှော်နေတယ် ။
ချစ်သူနိုးထရာမနက်ခင်းတိုင်း....
ငါ့အချစ်များစွာနဲ့...
အနမ်းဖြစ်စေ..ပန်းပွင့်စေ ...။ ။

("ချစ်သူ့လက်ဆောင် ၂၉")

အေးစက်မှုန်မှိုင်းတဲ့
ဆောင်းရိုင်းရိုင်းမနက်ခင်းထဲမှာ
ချစ်သူကိုလွမ်းတဲ့စိတ်နဲ့
ကိုယ်..နိုးထခဲ့ရပြန်ပြီအချစ်ရယ် ။

ဆုတောင်းသံစကားတွေ
ကမ္ဘာမြေမနက်ခင်းထဲပစ်သွင်းလိုက်တယ်
နေမကောင်းတဲ့ကိုယ့်ချစ်သူလေး
ကိုယ့်ရဲ့ကိုယ်တစ်ခြမ်းအဖြစ်တည်ရှိနေတဲ့
ကိုယ့်ရဲ့နံရိုးကလေး...
အမြန်နေကောင်းပါစေလို့...
မြူအိုမင်းလွင်တွေကလည်း
ကိုယ့်ကိုယ်စား...
မှိုင်းမှိုင်းမှုန်အောင်ဆုတောင်းပေးကြမယ်
မနက်ခင်းတိုင်းပွင့်တဲ့
နှင်းရည်သောက်ပန်းကလေးတွေကလည်း
ကိုယ့်ကိုယ်စားအဖြစ်
ဆုတောင်းပေးကြမယ် ။
နှင်းငွေ့နဲ့ယှက်ဖောက်ထားတဲ့
မြောက်ပြန်လေညှင်းကလည်း
ကိုယ့်ကိုယ်စားအဖြစ်
ချစ်သူနေကောင်းပါစေလို့
ဆုတောင်းပေးကြမှာပါချစ်သူရယ် ။

ရွှင်လန်းချမ်းမြေ့စွာနိုးထလာမယ့်
ကိုယ့်ချစ်သူကလေးကို
နှုတ်ဆက်ဦးညွှတ်ဖို့
နုထွေးနွေးမြတဲ့နေရောင်ခြည်တန်းတွေကို
ကိုယ်..ခိုင်းစေညွှန်ကြားထားတယ် ။
ချစ်သူ့စိတ်နှလုံးချမ်းမြေ့စေဖို့
တေးဆိုတတ်တဲ့ဆောင်းငှက်ကလေးတွေကို
ချစ်သူ့အိမ်ပြူတင်းဆီမှာတေးသီဆိုဖို့
ကိုယ်..အမှာတော်ပါးထားတယ်။
နောက်ဆုံး...
ချစ်သူကိုပြုစုစောင့်ရှောက်ဖို့
ချစ်သူ့အနားမှာ..
ကိုယ့်ရဲ့ကိုယ်စောင့်နတ်ကလေးကို
ကိုယ်စောင့်ရှောက်ခိုင်းထားတယ် ။

ချစ်သူရေ...
အေးစိမ့်လှပတဲ့ဆောင်းမနက်ခင်းလေးထဲမှာ
ပျော်ရွှင်ချမ်းမြေ့စွာ
ရောဂါဘယကင်းရှာစွာ
စိတ်ရောကိုယ်ပါနိုးထလာနိုင်ပါစေ
ကိုယ်ဆုတောင်းနေတယ် ။
ပြီးတော့...
နှင်းပွင့်ကလေးတွေနဲ့အတူ
နှင်းရည်သောက်ပန်းကလေးတွေနဲ့အတူ
နေရောင်ခြည်အသစ်တွေနဲ့အတူ
ချစ်သူကိုစောင့်မျှော်နေတယ်
ကောင်းသောမနက်ခင်းပါချစ်သူ ။ ။

("ချစ်သူ့လက်ဆောင် ၃၀")

အို...
ကိုယ်သိပ်ချစ်ရသူကလေးရယ်
ဒီနေ့ကလေးမှာလည်း
ချစ်သူကိုလွမ်းတဲ့စိတ်တွေနဲ့ပဲ
ဆောင်းမနက်ခင်းကို
ခရီးဦးကြိုပြုခဲ့ရပြန်ပြီ ။

မြက်ပင်ထိပ်ဖျားတွေမှာ
နှင်းရည်တွေစိုလဲ့နေတယ်
မြေဝပ်ငှက်ကလေးတွေ
ဝုန်းကနဲထပျံသွားကြတယ်။
ဆီဒါပင်တွေကိုလေတိုက်ခတ်လို့မြည်သံတွေ
လှုပ်လီလှုပ်လဲ့သော်ကခြုံတန်းကလေးတွေ
နှင်းငွေ့ရိုက်ထားတဲ့စက္ကူပန်းခြုံတွေ
သဘာဝတရားအားလုံးဟာ
ဆောင်းကိုစနစ်တကျပုံဖော်နေတယ် ။

ှုှုှုသောက်နေကျကော်ဖီခွက်ကလေးထဲမှာ
ချစ်သူ့စကားသံနွဲ့လျလျလေးတွေပျံ့ဝေလို့...
တစ်ကမ္ဘာခြားကလာတဲ့အသံလို့ထင်ရပေမယ့်
ကိုယ့်စိတ်တွေကိုငြို့ငင်နိုင်လွန်းပါတယ် ။

ကိုယ်လွမ်းနေတယ်ချစ်သူရယ်
ဆောင်းခိုငှက်ကလေးတွေနဲ့အတူ
ချစ်သူကိုလွမ်းရကြောင်း...
အမှာတော်စကားတွေပါးလိုက်တယ် ။
ခွာညို,ပုန်းညက်,သဇင်,ဆောင်တော်ကူး
ပွင့်သမျှသောဆောင်းရတုပန်းတို့ရဲ့
ဝတ်မှုန်ကူးပွဲတော်တွေမှာလည်း
ချစ်သူကိုလွမ်းရကြောင်းကိုပဲ
ကိုယ်သေချာထည့်သွင်းဖော်ပြလိုက်တယ် ။
ကိုယ်တို့အတူလျှောက်မယ်လို့
မှန်းရည်ထားတဲ့လမ်းနီနီကလေးကိုလည်း
ချစ်သူကိုလွမ်းရတဲ့အကြောင်းကိုပဲ
စကားလုံးတွေထောင်းထောင်းထအောင်း
ဆောင်းနှင်းအက္ခရာစကားအလင်္ကာနဲ့
ကိုယ်..အပ်ကြောင်းထပ်အောင်ပြောပြလိုက်တယ် ။

အို....
ကိုယ့်ရဲ့နှင်းငွေ့မှုန်ဝေကလေးရေ...
ဆိုခဲစေမြဲစေစကားတွေနဲ့
မင်းကိုလွမ်းရတဲ့ဆောင်းနေ့စွဲတွေ
မြူတွေပိန်းပိတ်အောင်မှောင်ခဲ့ပြီကွဲ့
ကိုယ်ပေးဆပ်နိုင်တဲ့
အချစ်ဆိုတာ...
ဆောင်းရတုလေဟာနယ်ထဲမှာ
စပါယ်ရနံ့တွေနဲ့ရေးသီလိုက်ရတဲ့
ချစ်သူ့လက်ဆောင်ကဗျာတစ်ပုဒ်ပါပဲ ။
ချစ်တယ်ဆိုတဲ့စကားလုံးတွေထက်
အများကြီးပိုပါတယ်အချစ်ရယ် ။ ။

saw jonathan aye


Posted via Blogaway

Comments