တနင်္ဂနွေ
................လင်းဆက်ပိုင်......
ကိုယ်နဲ့ဝေးနေမှတော့
စိတ်ချင်းနီးကြတယ်ပြောလည်း
မှောင်တာပါပဲ ကြယ်လေးရယ်
နတ္ထိတွေထဲ အတ္တတွေ ထိုးထည့်မိတဲ့
ကိုယ်က
ဦးဆွေးဆံမြည့် ချစ်ချင်နေတာ
ပုထုဇဉ် မို့ ဓမ္မနဲ့ လျှော်ဖွတ်လည်း
တရားတော့ဘယ်ပေါက်မလဲ
အရောင်မရှိတဲ့ အဆိပ်ဆိုတာ
ကိုယ့်စိတ်ကလာတာသိတာပေါ့
နွေရာသီရဲ့ နေ အလင်းကို ပူတယ်ပြောကြသလိုမျိုးပါပဲ
အပြုံးနဲ့ ဖုံးကွယ်ထားတဲ့ စိတ်စာမျက်နှာမှာ
ပြဌာန်းချက်တွေ တောင်းဆိုမှု့တွေ
ခေါက်သိမ်းပေးရင်း ...
ခပ်တိုးတိုးညည်းမိတဲ့သီချင်းမှာ သတိရကြောင်းပါတာပဲလေ
အတူလင်းခဲ့တဲ့ သက္ကရာဇ်ကတော့
ရူးသွပ်စွာသိမ်းထားမိတဲ့ ပန်းချီကားပါပဲ
ကိုယ့်အတ္တကို ပုန်ကန်ရတာ
သေလုမျောပါး မောနွမ်းရတယ်မို့လား
ဒါဝမ်းနည်းပလက် ဖြာထွက်နေတဲ့အကိုင်းအခတ်များမို့
အရိပ်ခို အသီးစားပါလို့
မတောင်းဆိုချင်တော့တာ
ဘယ်လိုသစ်လွင်မှု့တွေနဲ့ နေ့သစ်ကိုဖွင့်လှစ်ရမလဲ
ဒီလို အတွေးတိုးလို့တန်းလန်းစိတ်နဲ့
ကိုယ့်ရဲ့ ရက်ရာဇာ တနင်္ဂနွေ ကို ဆုတ်ဖြဲလိုက်တော့တယ်......။
20.2.2015
Comments
Post a Comment