ဖရိုဖရဲတွေ သရဲစီးတဲ့ည
လင်းဆက်ပိုင်
တကယ်လို့ အိပ်မက်ကို ထမ်းပိုးရတာ
လှပတဲ့ ညချမ်းဆိုရင်
လရောင်လိုအပ်ပါသလား
ကိုယ့်ကိုယ်ကို ထိန်းသိမ်းရတာ လောက်
အနုပညာဆန်လိုက်ပေါ့
ဒါ အပိုင်းအစခြေလှမ်းတွေ ကဗျာဖွဲ့ခြင်းပါပဲ
ရေလောင်းမှ ခလုတ်ပွင့်တဲ့ လမ်းတွေမှာ
ဘယ်သူမှ မလှဲပဲ လဲကျသွားတဲ့
ပန်းပွင့်လေးတွေ
ညဟာပိုလှသလို ထင်ရ
တစ်ထွာ အတွက် လောကငရဲနဲ့
ပျော်ရွှင်ရသူ
နာရီတွေ အနာဂတ်မှာ သိုးနေပြီ
ဘီယာနံ့နဲ့ ညတွေကို လပ်ဆက်လိုက်ရတာ
ကျွန်မရဲ့ ထက်မြတဲ့ ပညာရပ်ဟာ
အတုပြုံးခြင်းပဲ
ဒီကိုယ်ပိုင်လက်နက်နဲ့
ကိုယ့်ကိုကိုယ် သက်သေရတာအကြိမ်ကြိမ်
ခေတ်မှီနိုင်ငံတော်ကြီးဆီသို့က
ချီးလူး နေတုန်းပါပဲ
အခြေခံဘ၀တွေမှာ တော့
ရံရွှေတော်ငရဲနဲ့ အသော့နှင်ရင်း
ချွတ်ခြုံကျအောင်ခေတ်မှီနေပေါ့
အာလူးစကားတွေ ကျွမ်းကျင်သူဟာ
သောက်သုံးမကျတဲ့ ခေါင်းဆောင်းကောင်းမို့
အဆင်မပြေမှု့ကို ကြိုးချည် ထားလိုက်ပေါ့
ဒါမှမဟုတ်
ကြိုးရှည်ရှည်လှန့်ထားလိုက်....
KTV နဲ့ မာဆတ်ဟာ ပန်းကလေးတွေနဲ့
ဝေေ၀ဆာဆာ ဖူးပွင့်လို့ လှနေတယ်။
1.3.2015
Comments
Post a Comment