မလင်းပြာဖတ်ဖို့ အလွမ်းစာ ၁၈
.......လင်းဆက်ပိုင်.......
မလင်းပြာရေ...
ဘယ်တော့မှ ကံမကောင်းခဲ့ခြင်းအတွက်
မကျေနပ်ဘူးလို့ ငါ ဘယ်တော့ အော်မှာမဟုတ်ဘူး
ဒီလို...
သေရာအမှတ်လေးပေါ့ ....
အလွမ်းကို ပြီးပြည့်စုံအောင် ငါမဖွဲ့တက်သေးဘူး
မလင်းပြာရေ....။
ကိုယ့်အလင်းမှိန်ဖျော့လေးနဲ့
လူပီသဖို့ကြိုးစားရင်း
မုသားဝါဒီနဲ့ ကိုယ့်ဘာသာ ယဉ်ကျေးလိုက်တော့တယ် (မလွမ်းပါဘူး လို့)
ပြင်းပြစွာသည်းထန်တဲ့ ရူးသွပ်မှု့
ဟင်အင်း
ခံစားမှု့ ပန်းခင်း
လွတ်လပ်စွာ လန်းဆန်းခွင့်မရတာပါ
မလင်းပြာရေ....
ကိုယ်တို့လေးမြတ်ခြင်းတွေ
ကိုယ်တို့ပျိုးခဲ့တဲ့ အရောင်တွေ
ကိုယ်တို့ရဲ့ခံယူချက်တွေ
ရီဝေစိုထိုင်းစေအောင် ကံကြမ္မာဖန်တယ်
ဒီလိုပါပဲ လင်းပြာရေ....
အကွာအဝေးတွေကြားမှာ
ဟင်းလင်းပြင်ထဲ လေလွှင့်ရ
ကိုယ့်စိတ်ကို တွယ်စီးရတာ ပိုမောတယ်..
ဒီလို ရွေ့လျားခဲ့ နေ့များ ညများ
မွန်းကြပ်မှု့တွေ စူးရှ...
ကန္တာရ တွေ ကိုယ်တို့ကြားမှာ
အေးရိပ် နွေးရိပ် တွေက
ခုတော့ ဆွေးရိပ်တွေဖြစ်ရ
..
..
..
ဒါဟာ
ကိုယ့်တို့
အပြန်အလှန် ထိတွေ့ခွင့်မရတဲ့
တိတ်ဆိတ်သော စကားလုံးတွေပါပဲ
မျှော်လင့်သော အိပ်မက်ကို
သူစိမ်းဆန်လိုက်ယုံနဲ့ ဝေဒနာတွေ
သက်သာခဲ့မယ်ဆိုရင်လေ...
ဥုံ ဖွ လို့ မန်းမှုတ်လိုက်ပါမယ်
မလင်းပြာရေ...
ငါ့ကိုယ်ငါပြန်မမှတ်မိအောင်ကို လွမ်းတယ်
10.2.2015
Comments
Post a Comment