အသက် ၄၂ အရွယ်ဆိုတော့
လူကြီးအထာ/ဆရာဂျီးအထာ ဖမ်းတယ် ထင်မှာစိုးလို့ အဲလိုသဘောမျိုးနဲ့ မဟုတ်ဘူးလို့ နိဒါန်းပျိုးပြီးမှ စတေးတပ်စ်အဆင့် ပြောချင်တာလေး တစ်ခု ရှိပါတယ်။
ကဗျာ/ စာဖတ်သူတစ်ယောက်အနေနဲ့
ကဗျာ/စကားပြေ အနုပညာလက်ရာတစ်ခုကို
ကြိုက် မကြိုက် ဖတ်မဖတ်ကိစ္စမျိုးမှာ ဘယ်သူမဆို ကိုယ့်အမြင်ကိုယ်
လွတ်လွတ်လပ်လပ် ပြောခွင့်ရှိပါတယ်။
ကိုယ့်အမြင်က
လမ်းဘေးလက်ဖက်ရည်ဆိုင်/ အရက်ဆိုင်မှာ
မျက်နှာရှုံ့မဲ့ပြီး
စကားဝိုင်းဖွဲ့ မကျေမနပ်ပြောနေတဲ့ အဆင့်မျိုး ဖြစ်နေလည်း ကိစ္စမရှိပါဘူး။
ပြောသူမှာ ကိုယ်ပိုင်သဘောထားအမြင်ထုတ်ဖော်ပြောဖို့
လွတ်လပ်ခွင့် အပြည့်အဝရှိတာကို
နားလည်ပေးနိုင်ပါတယ်။
အဲဒီ နားလည်မှုနဲ့အပြိုင်
ကဗျာ/စာပေ အနုပညာလက်ရာဖန်တီးသူကလည်း
အဲဒီလူရဲ့ အမြင်ကို
စောက်ဂရုစိုက်နေမှာ မဟုတ်ဘူးဆိုတာကိုလည်း
အပြန်အလှန်
တွေးသိနားလည်ထားဖို့ လိုပါတယ်။
အဲဒီလို ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ ပြောရေးဆိုခွင့်ရှိတဲ့နေရာမှာတောင် ကဗျာ/စာဖတ်သူရဲ့ ကျဉ်းမြောင်းလှတဲ့ တစ်ကိုယ်ရေ ပုဂ္ဂလိကအာရုံခံစားမှုနဲ့ သိမှုအပေါ်
၁။ ကဗျာ/စာပေ ဖတ်သူ ရွေးချယ်ဖတ်ရှုလေ့ရှိတဲ့ ကဗျာ/စာပေ လက်ရာ အမျိုးအစား
၂။ သူ ဘာသာစကားကတစ်ဆင့် အမြဲထိတွေ့ အာရုံခံစားနေကျ ကဗျာ/စာပေ အနုပညာရှင်
၃။ သူ တန်ဖိုးထား စွဲလမ်းနှစ်သက်လေ့ရှိတဲ့ ရသအကြိုက်ပုံစံ ရသတန်ဖိုးစံနှုန်းနဲ့ ရသခံစားမှု အလေ့အကျင့်
၎။ ကဗျာ/စာပေ အနုပညာဆိုတာ ဘယ်လို/ဘာညာ စသဖြင့် သူ ကြိုတင်ခံယူထားတဲ့ အသိအမြင် အကျဉ်းအကျယ်
စတဲ့ နောက်ကွယ် အချက်အလက်တွေရဲ့
သြဇာလွှမ်းမိုးသက်ရောက်မှု ရှိနေတယ်ဆိုတာ
သိမြင်နားလည်ထားဖို့ လိုအပ်ပါတယ်။
အဲ
ကဗျာ/စာပေ အနုပညာလက်ရာတစ်ရပ်
ကောင်း မကောင်း အနုပညာမြောက် မမြောက် အဆင့်အတန်း ရှိမရှိ ပြောမယ်ဆိုရင်တော့
အပေါ်မှာ ပြောခဲ့တဲ့ အချက်အလက်တွေလောက်နဲ့
မလုံလောက်တော့ပါဘူး။
အဲဒီလို
တန်ဖိုးစံနှုန်း အကဲဖြတ်တဲ့ ဝေဖန်ရေးအဆင့်အထိ ပြောမယ်ဆိုရင်တော့
အောက်ပါ အချက်အလက်တွေလောက်တော့
ကိုယ့်ဆီမှာ ဝမ်းစာဖြည့်တင်းထားဖို့
လိုလိမ့်မယ်လို့ ထင်ပါတယ်။
၁။ ကိုယ် ဝေဖန်မယ့် ကဗျာ/စာပေ အနုပညာ လက်ရာ အမျိုးအစား
၂။ နိမိတ်ပုံ သင်္ကေတ အစရှိတဲ့ Figurative Language များ
၃။ အဲဒီ အနုပညာလက်ရာရဲ့နောက်ကွယ်က အနုပညာဆိုင်ရာ အတတ်ပညာဆိုင်ရာ အခြေခံအယူအဆအဆောက်အအုံများ
၎။ မြန်မာကဗျာ/စာပေ သမိုင်းမှာ အနုပညာဆိုင်ရာ အိုင်ဒီယိုလိုဂျီနဲ့ ရေးဟန်အပြောင်းအလဲအသစ်တွေ အဆင့်ဆင့် ပြောင်းလဲဖြစ်ပေါ်လာပုံ အကျဉ်း
၅။ ကဗျာ/စာပေ ဝေဖန်ရေး အခြေခံ အယူအဆများ( New Criticism/Reader Response Theory/ Structuralism & Post-structuralism စသဖြင့်)
၆။ Genre/ Interpretation/ Structure/ Representation/ Indeterminacy/ Value&Evaluation / Experience/ Performative & Figurative Language စတဲ့ စာပေလေ့လာမှု အယူအဆများ
၇။ မြန်မာစာပေလောကအတွင်း လက်ရှိပြောင်းလဲ ဖြစ်ပေါ်နေတဲ့ ခေတ်ပြိုင် ကဗျာ/စာပေဆိုင်ရာ အယူအဆများ
၈။ ရသတန်ဖိုးစံနှုန်း အဟောင်းနဲ့ အသစ် အားပြိုင်မှုများ
၉။ ကဗျာ/စာဖတ်သူ ဘယ်သူမဆိုရဲ့သိမှုယန္တရားစနစ်အတွင်း ယဉ်ကျေးမှု ဘာသာရေး လူမှုရေး လူမျိုးရေး လိင် အနုပညာ စတဲ့ အိုင်ဒီယိုလိုဂျီတွေ ပါဝါလွှမ်းမိုးခြယ်လှယ်နေပုံ သဘော
ဒီလို အချက်အလက်တွေလောက်မှ ဖတ်မှတ်လေ့လာမထားဘူးဆိုရင်
ဒီလို ကဗျာ/စာပေနဲ့ဆိုင်တဲ့
ကိုယ့် သိမှုနယ်ပယ်ကို ကျယ်ပြန့်အောင် လုပ်မထားရသေးဘူး ဆိုရင်တော့
ကဗျာ/စာပေ အနုပညာလက်ရာတစ်ရပ်
(က) ကောင်း/ မကောင်း
(ခ) အနုပညာ မြောက်/မမြောက်
(ဂ) အဆင့်အတန်း ရှိ/ မရှိ
ဘာမှ ဝေဖန်ပြောဆို (စောက်ဖောင်းထု)တာမျိုး မလုပ်ဘဲ
အသာလေး ငြိမ်သက်နေတာပဲ ပိုကောင်းမယ်
ကဗျာအနုပညာချစ်စိတ်နဲ့
စာတွေ ကဗျာတွေ
ကိုယ့်ဘာသာကိုယ်ဖတ်မှတ်လေ့လာ
ဝမ်းစာဖြည့်ဆည်းနေတာပဲ
ပိုကောင်းမယ်
ပို သင့်တော်မယ် လို့ ထင်ပါတယ်။
ကဗျာဝေဖန်ရေးဆိုတာ ပညာရှင်တွေရဲ့ အလုပ်ပါ။
(ကျွန်တော်လည်း
ပညာရှင်အဆင့် မဟုတ်ပါ။ စူးစမ်းလေ့လာ ဝမ်းစာဖြည့်ဆည်းဆဲ သာမန်ကဗျာရေးသူ/ ဖတ်သူတစ်ယောက်သာ။)
ကဗျာဟာ
ကျယ်ပြန့်နက်နဲ သိမ်မွေ့တဲ့
အဆင့်မြင့် အနုပညာ ပုံစံတစ်မျိုးပါ။
ကဗျာတစ်ပုဒ်ရဲ့ အဆင့်အတန်းကို
ကိုယ့်ရဲ့ကျဉ်းမြောင်းလှတဲ့ ပုဂ္ဂလိက အကြိုက်ပုံစံနဲ့
တန်ဖိုးဖြတ်လို့ မရနိုင်ပါဘူး။
ကဗျာ/စာပေ တန်ဖိုးစံနှုန်းအကဲဖြတ်ဝေဖန်ရေးကို
လမ်းဘေးအရက်ဆိုင်မှာ အတင်းအဖျင်းပြောတဲ့အဆင့်
ပုဂ္ဂိုလ်ရေးအမြင်မကြည်လင်တဲ့ အဆင့်
ဂိုဏ်းဂဏ အုပ်စုဖွဲ့တဲ့အဆင့်လောက်နဲ့
လုပ်လို့ မရနိုင်ဘူး ဆိုတာပဲ
ပြောချင်ပါတယ်။
You, Zaw Zaw Htun and 89 others like this.
Comments
Post a Comment