#ခေတ်သစ်ဗုဒ္ဓနှင့်
စကားစမြည်ပြောဆိုခြင်း
သတိပေးတားမြစ်ချက်
ဤ စတေးတပ်စ်ပါ စာသားဇာတ်လမ်းအဆောက်အအုံကို ဖတ်ရှုရန် မသင့်တော်သူများ စာရင်း
၁။ ဗုဒ္ဓဆိုသော စကားလုံးကို မြင်သည်နှင့် ဗုဒ္ဓဘာသာရေးနောက်ခံနယ်ပယ်မှ ဂေါတမဗုဒ္ဓကို ဆိုလိုသည်ဟု တရားသေစွဲမှတ်နားလည်သိမြင်ထားသူများ
၂။ ဘာသာရေး ယုံကြည်သဒ္ဓါစိတ် ထက်သန်ပြင်းထန်ပြီး ဝံသာနုရက္ခိတတရား နိုးကြားတက်ကြွလွန်းသူများ
၃။ ဘာသာရေးအစွန်းရောက်များ
၎။ ဘာသာရေးဆိုင်ရာ ဒသနနှင့် ဘာသာရေးကိုးကွယ်ယုံကြည်မှုကို ခွဲခြားနားလည်မှု မရှိသူများ
၅။ ကျွန်တော် မည်သည့် အပြုအမူ အပြောအဆို အကျင့်အကြံများ ပြုမူသည်ဖြစ်စေ ခြွင်းချက်မရှိ မြင်ပြင်းကတ်မုန်းတီးနေသူများ
မှတ်ချက်- ၁ /ဤစတေးတပ်စ်သည် ဒသနအခြေခံ ဇာတ်လမ်းဆင် စိတ်ကူးဖန်တီးရေးသားထားသော စာသားအဆောက်အအုံတစ်ခုမျှသာဖြစ်သည်။
မှတ်ချက်-၂/ ဘာသာရေးထိခိုက်စော်ကားမှုပြုလုပ်ရန် လုံးဝ လုံးဝ မရည်ရွယ်ပါ။
မှတ်ချက်-၃ / ဤ ဇာတ်လမ်းအဆောက်အအုံပါ ဇာတ်ကောင်များ၏ အယူအဆများ ဇာတ်လမ်းအဆောက်အအအုံအတွင်း ပြောဆိုသုံးစွဲထားသော စကားအသုံးအနှုန်းများကို ဘာသာရေးရှုထောင့်မှ ချဉ်းကပ်စဉ်းစားမှု မပြုဘဲ ဒသနရှုထောင့်နှင့် ရသအနုပညာရှုထောင့်မှသာ ချဉ်းကပ်ဆင်ခြင် ခံစားမှု ပြုကြပါရန် မေတ္တာရပ်ခံပါသည်။
#ခေတ်သစ်ဗုဒ္ဓနှင့်ပက်ပင်းတွေ့ဆုံစကားစမြည်ပြောဆိုခြင်း
( ၁ )
လူသားကမ္ဘာက လူတစ်ယောက် ဗုဒ္ဓကို လိုက်ရှာမယ် စိတ်ကူးနဲ့ လူသားကမ္ဘာကို စွန့်ခွာပြီး ဗုဒ္ဓရှာဖွေရေး ခရီးတစ်ခု ထွက်ခဲ့တယ်။
( ၂ )
လူသားကမ္ဘာကနေ အလွန်
ငရဲပြည်တံခါးဝအရောက်မှာ
ဆိုင်းဘုတ်တစ်ခုရေးထားတာ တွေ့တယ်။
- ဤနေရာတွင် ငါ မရှိ။ ဤနေရာလည်း အမှန်တကယ် မရှိ။ ဤနေရာသည် အန္ဓပုထုဇဉ်များ အကုသိုလ်အမှုများမှ ကြောက်လန့်ရှောင်ကြဉ်စေရန် ရည်ရွယ်၍ ငါ စိတ်ကူးဖန်တီး တည်ဆောက်ထားခဲ့သော နေရာသာဖြစ်သည်။ ငါ့ကို တွေ့လိုလျှင် နိဗ္ဗာန်သို့ လိုက်ခဲ့ပါ။
သင်၏
ချစ်လှစွာသော
ဗုဒ္ဓ
အဲဒီစာသားတွေ
ကို ဖတ်ပြီးသွားတော့ လူဟာ ငရဲပြည်တံခါးဝကနေ အထဲကို ခဏချောင်းကြည့်လိုက်တယ်။
ဟုတ်တယ်။ ငရဲပြည်အတွင်းပိုင်းမှာ ဗုဒ္ဓ စိတ်ကူးဖန်တီးတည်ဆောက်ထားတဲ့ စာသားဇာတ်ကောင်တွေနဲ့ စာသားဇာတ်လမ်းအဆောက်အအုံကြီးကိုပဲ တွေ့ရတယ်။ အဲဒါက လွဲပြီး တခြား ဘာမှ မရှိဘူး။
အဲဒါနဲ့ လူဟာ ဗုဒ္ဓနဲ့ တွေ့နိုင်ဖို့ ဗုဒ္ဓလမ်းညွှန်တဲ့အတိုင်း နိဗ္ဗာန်ကို ဆက်လိုက်သွားတယ်။
( ၃ )
နိဗ္ဗာန်တံခါးဝအရောက်မှာ
ဆိုင်းဘုတ်တစ်ခု ထပ်တွေ့တယ်။
-ဤနေရာတွင် ငါ မရှိ။ ဤနေရာလည်း အမှန်တကယ် မရှိ။ ဤနေရာသည် ကလျာဏပုထုဇဉ်များ ကုသိုလ်ကောင်းမှုများ သဒ္ဓါထက်သန်ယုံကြည်စွာ အားထုတ်ပြုမူကြစေရန် ရည်ရွယ်၍ ငါ စိတ်ကူးဖန်တီးတည်ဆောက်ခဲ့သော နေရာသာ ဖြစ်သည်။ ငါ့ကို တွေ့လိုလျှင် သင်၏ အတွင်းအဇ္ဈတ္တထဲသို့ အနက်ရှိုင်းဆုံးရောက်သည်အထိ ပြန်ဝင်ပါ။
သင်၏
ချစ်လှစွာသော
ဗုဒ္ဓ
စာသားတွေကိုဖတ်ပြီးသွားတော့ လူဟာ နိဗ္ဗာန်တံခါးဝကနေ အထဲကို ခဏချောင်းကြည့်လိုက်တယ်။
ဟုတ်တယ်။ နိဗ္ဗာန်အတွင်းပိုင်းမှာ ဗုဒ္ဓ စိတ်ကူးဖန်တီးတည်ဆောက်ပြထားတဲ့/ စာသားတွေနဲ့ပြန်လည်ဖော်ပြထားတဲ့ နိဗ္ဗာန်ဂုဏ်ရည်သဘော ၄၀ ပါးက လွဲပြီး ဘာမှ မရှိဘူး။ နိဗ္ဗာန်မှာ ဗုဒ္ဓလည်း မရှိ တခြား ဘယ်သူမှလည်း ရှိမနေဘူး။
အဲဒါနဲ့ လူဟာ ဗုဒ္ဓနဲ့ တွေ့နိုင်ဖို့ ဗုဒ္ဓလမ်းညွှန်ချက်အတိုင်း သူ့ အတွင်းအဇ္ဈတ္တထဲကို နက်နက်ရှိုင်းရှိုင်း ပြန်ဝင်လိုက်တယ်။
အဲဒီလို ပြန်ဝင်လိုက်ရပေမဲ့ ငရဲပြည်ကနေ နိဗ္ဗာန်အသွားမှာ လမ်းညွှန်ဆိုင်းဘုတ်တွေကိုပဲ တွေ့ရသလို အဇ္ဈတ္တရဲ့အတွင်းပိုင်းမှာ ဗုဒ္ဓကို မတွေ့ဘဲ လမ်းညွှန်ဆိုင်းဘုတ်အသစ်တစ်ခုပဲ ထပ်တွေ့ရလိမ့်ဦးမယ်လို့ တွေးမိတယ်။
( ၄ )
ဒါပေမဲ့ အဇ္ဈတ္တရဲ့ အနက်ရှိုင်းဆုံး နေရာကို ရောက်သွားတော့
အသင့်ထိုင်စောင့် ကြိုဆိုနေတဲ့ ဗုဒ္ဓကို မျှော်လင့်ထင်မှတ်မထားဘဲ ဘွားခနဲ တွေ့လိုက်ရတယ်။
လူတစ်ယောက်ရဲ့အတွင်းအဇ္ဈတ္တထဲမှာ အဲဒီလူနဲ့ ဗုဒ္ဓဟာ မျက်နှာချင်းဆိုင် ပက်ပင်းကြုံတွေ့နေရတဲ့ အနေအထား။
အသင့်စောင့်ဆိုင်းနေသူရဲ့နဖူးမှာ ခေတ်သစ်ဗုဒ္ဓ ဆိုတဲ့ ထင်ရှားတဲ့ အမှတ်တံဆိပ်တစ်ခုနဲ့။
#ဗုဒ္ဓရှာဖွေသူ- ကျွန်တော် ခင်ဗျားကို လိုက်ရှာနေတာ။ လူသားကမ္ဘာ ငရဲ နိဗ္ဗာန် နေရာအစုံပဲ။ ခင်ဗျားရေးထားတဲ့ လမ်းညွှန်ဆိုင်းဘုတ်နှစ်ခုလည်းတွေ့ခဲ့တယ်။ အဲဒီ ဆိုင်းဘုတ်တွေက ညွှန်ထားတဲ့နေရာမှာ ခင်ဗျားကို မတွေ့ခဲ့ရဘူး။ အခုမှပဲ တွေ့ရတော့တယ်။
#ခေတ်သစ်ဗုဒ္ဓ- အမှန်တရား ရှာဖွေရေးကိစ္စမှာ သူကိုယ်တိုင်ပြောတဲ့ စကားကိုတောင် မျက်လုံးစုံမှိတ် မယုံနဲ့။ ကိုယ်တိုင် ဆင်ခြင်ဥာဏ်နဲ့ ဆန်းစစ်ဆင်ခြင်ပြီးမှ လက်ခံသင့်မှ လက်ခံလို့ ဗုဒ္ဓပြောခဲ့ဖူးတယ် မဟုတ်လား။
#ဗုဒ္ဓရှာဖွေသူ- ခင်ဗျားက ဗုဒ္ဓလား။
#ခေတ်သစ်ဗုဒ္ဓ- နိုးးးး ငါက ခေတ်သစ်ဗုဒ္ဓ။ ဒါပေမဲ့ ခေတ်ဟောင်းဗုဒ္ဓရဲ့ လက္ခဏာတချို့လည်း ရောနှောနေတယ်။
#ဗုဒ္ဓရှာဖွေသူ- ခေတ်ဟောင်းဗုဒ္ဓဆိုတာ ရှိသေးလို့လား။
#ခေတ်သစ်ဗုဒ္ဓ- ခေတ်ဟောင်းဗုဒ္ဓက သေသွားတာ ကြာပြီ။ သူ သေသွားပြီဆိုပေမဲ့ သူ ဟောခဲ့တဲ့ တရားဓမ္မတွေတော့ ကျန်ခဲ့တယ်။ လူတွေက အဲဒီ တရားဓမ္မတွေကို နှလုံးမသွင်းကြဘူး။ မင်းတို့ ခေတ်လူငယ်တွေ အထာနဲ့ ပြောရရင်တော့ လူတွေက ခေတ်ဟောင်းဗုဒ္ဓ ပြောခဲ့တဲ့ တရားဓမ္မတွေကို ပါးစပ်ဖျားကနေပဲ သာလိကာလို နှုတ်တိုက် ရွတ်ပြနေကြတာ။ ဒါပေမဲ့ တရားဓမ္မတွေကို တကယ်နှလုံးသွင်းကြသလားဆိုတော့ စောက်ဂရုကို မစိုက်ကြဘူးပေါ့။
#ဗုဒ္ဓရှာဖွေသူ- ဝိုးးးးးခင်ဗျားလေသံက လန်းလှချည်လား။ စောက်ရမ်းလန်းတယ် မိုက်စ်။
#ခေတ်သစ်ဗုဒ္ဓ- ခေတ်ဟောင်းဗုဒ္ဓဟောခဲ့တဲ့ တရားဓမ္မတွေကို အမှန်တကယ် နှလုံးမသွင်း ဂရုမစိုက်ကြပေမဲ့ လူတွေရဲ့ အသိဥာဏ်စနစ်ထဲမှာတော့ ခေတ်ဟောင်းဗုဒ္ဓရဲ့နာမည်ကို အစွဲအလမ်းတစ်ခုလို စွဲလမ်းဆုပ်ကိုင်ထားကြတယ်။ အဲဒီ စကားလုံးဝေါဟာရက သူတို့ အသိစိတ်ထဲမှာ ကင်ဆာအမြစ်တွေလို စွဲနေတယ်။ လူတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ဗုဒ္ဓစကားလုံးအစွဲအလမ်း ရောဂါရနေကြတာ အခုထိပဲ။
#ဗုဒ္ဓရှာဖွေသူ- ကျွန်တော်မေးနေတာကို အရူးကွက်နင်းပြီး ဝေ့လည်ကြောင်ပတ် လုပ်ဖို့ ဥာဏ်များမနေပါနဲ့။ ခေတ်ဟောင်းဗုဒ္ဓလို့ ခင်ဗျား ဘာလို့ ခေါ်တာလဲ။
#ခေတ်သစ်ဗုဒ္ဓ- ခေတ်ဟောင်းဗုဒ္ဓက သေသွားတာ ကြာပြီ။ မင်း တွေ့ခဲ့တဲ့အတိုင်း နိဗ္ဗာန်မှာလည်း သူ မရှိတော့ဘူး။ ခေတ်ဟောင်းဗုဒ္ဓဘာသာရေးအယူအဆအရ ပြောရရင် ခေတ်ဟောင်းဗုဒ္ဓရဲ့ ရုပ်နာမ်ခန္ဓာငါးပါးစလုံး ဒီ သံသရာမှာ မရှိတော့ဘူး။ ဒါပေမဲ့ သူ့ နာမည်က လူတွေရဲ့ အသိဥာဏ်စနစ်ထဲမှာ ဘဝတန်ဖိုးစံနှုန်းတစ်ခုလို နှစ်ရှည်လများ စွဲလမ်းထင်ကျန်နေသေးတယ်။ တကယ်ဆို ခေတ်ဟောင်းဗုဒ္ဓဆိုတဲ့ စကားလုံးထက် ဂန္ထဝင်ဗုဒ္ဓဆိုတဲ့ စကားလုံးသုံးစွဲရင် ပိုတောင် သင့်တော်သေးတယ်။ ငါကတော့ ပို့စ်- ပို့စ်မော်ဒန်ဗုဒ္ဓပေါ့။
#ဗုဒ္ဓရှာဖွေသူ-ကျွန်တော်က ဘာသာရေးကိုးကွယ်ဆည်းကပ်မှု စွန့်လွှတ်ထားတဲ့
Atheist& Freethinker တစ်ယောက်နော်။ ခင်ဗျားဘာသာ ပို့စ်ပို့စ်မော်ဒန်မကလို့ ပို့စ်ကွန်ဆက်ခြူရယ်ဗုဒ္ဓပဲဖြစ်ဖြစ် ကျွန်တော် ပုဂ္ဂိုလ်ရေးကိုးကွယ်ဆည်းကပ်မှု မလုပ်နိုင်ဘူး။
#ခေတ်သစ်ဗုဒ္ဓ- နိုးးးးငါ့ကို မင်း ပုဂ္ဂိုလ်ရေးကိုးကွယ်စရာ မလိုပါဘူး။ မင်းကိုယ်မင်းပဲ ကိုးကွယ်ပါ။ ငါက ခေတ်သစ်ဗုဒ္ဓဆိုပေမဲ့ ခေတ်ဟောင်းဗုဒ္ဓရဲ့လက္ခဏာတွေ ရောနှောနေတယ်လို့ မင်းကို ပြောခဲ့ဖူးပါတယ်။ အဲဒီ အယူအဆကို ခေတ်ဟောင်းဗုဒ္ဓလည်း ပြောခဲ့ဖူးတာပဲ။ ဒါကို ဗုဒ္ဓအဆက်ဆက် ပြောခဲ့ကြတယ်။ ကိုယ့်ကိုယ်ကိုယ်သာ ကိုးကွယ်ပါ။ မင်းကိုယ်တိုင် ခေတ်သစ်ဗုဒ္ဓဖြစ်လို့ရတယ်။
#ဗုဒ္ဓရှာဖွေသူ-ဟေ့လူ ဘဲဂျီး။ ခင်ဗျား ကျွန်တော့်ကို ဆေးမထိုးနဲ့။ ကျွန်တော့်ကိုယ် ကျွန်တော် ဗုဒ္ဓလို့ပြောရင် ခင်ဗျားပြောတဲ့ ခေတ်ဟောင်းဗုဒ္ဓရဲ့လူတွေ ကျွန်တော့်ကို ဝိုင်းဖဲ့ ဝိုင်းဖြဲ ဝိုင်းဆဲကြလိမ့်မယ်။ ကံမကောင်းရင် ဗုဒ္ဓသာသနာကို ထိခိုက်စော်ကားမှု ဗုဒ္ဓသာသနာကို ညှိုးနွမ်းအောင်ပြုမူပြောဆိုမှုတွေနဲ့ တရားအစွဲတောင် ခံရကိန်း ရှိတယ်။
#ခေတ်သစ်ဗုဒ္ဓ- ခေတ်ဟောင်းဗုဒ္ဓဟောခဲ့တဲ့ တရားဓမ္မတွေကို စိတ်နှလုံးသားထဲ အလေးအနက် မဆင်ခြင် နှလုံးမသွင်းဘဲ ဗုဒ္ဓဆိုတဲ့ ပညတ်ချက်ကို အသိဥာဏ်စနစ်ထဲမှာပဲ တသသစွဲလမ်းဆုပ်ကိုင် စကားလုံးစွဲလမ်းရူးသွပ်မှုရောဂါဖြစ်နေတဲ့ လူတွေကတော့ အဲဒီလို ပြုမူတုံ့ပြန်ကြမှာပဲ။ တကယ်တော့ ဗုဒ္ဓဆိုတာ သူတို့ထင်မြင်ယူဆထားကြသလို ဘုရားလို့ အဓိပ္ပာယ်မထွက်ဘူး။ ဗုဒ္ဓဆိုတာ လူသားစစ်စစ်တစ်ယောက်ရဲ့ အဆင့်အမြင့်နိုင်ဆုံး အသိဥာဏ်အဆင့်အတန်းတစ်ခုကို ပညတ်သဘော ကိုယ်စားပြု ရည်ညွှန်းသတ်မှတ်ခေါ်ဝေါ်ထားတဲ့ စကားလုံးဝေါဟာရတစ်ခုသက်သက်ပဲ။ ဗုဒ္ဓဆိုတာ သဗ္ဗညုတဥာဏ်အဆင့် ရောက်ရှိသွား(သူ) ဗုဒ္ဓဆိုတာ သစ္စာလေးပါးကို ဥာဏ်ပညာနဲ့ထိုးထွင်းသိမြင်(သူ) ဗုဒ္ဓဆိုတာ လောကသုံးပါးစလုံးကို ဥာဏ်ပညာနဲ့ ထိုးထွင်းသိမြင်နိုင်(သူ) ဗုဒ္ဓဆိုတာ အာသဝေါတရားမှန်သမျှနဲ့ ကိလေသာအညစ်အကြေးမှန်သမျှကင်းစင်(သူ) ဗုဒ္ဓဆိုတာ သံသရာကနေ လွတ်ရာလွတ်ကြောင်းလမ်းစကို ကိုယ်တိုင်လည်း ရှာဖွေတွေ့ရှိ ကျင့်ကြံအားထုတ်သွားနိုင်(သူ) တခြားသူတွေကိုလည်း သံသရာက လွတ်ရာလွတ်ကြောင်း လမ်းညွှန်ပြသွားနိုင်(သူ)။ ဗုဒ္ဓဆိုတာ ဘုရားမဟုတ်ဘူး။ ဗုဒ္ဓဆိုတာ အဲဒီလို လူသားစစ်စစ်တစ်ယောက်ရဲ့ အဆင့်အမြင့်နိုင်ဆုံး အသိဥာဏ်အဆင့်အတန်းနဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို ကိုယ်စားပြုရည်ညွှန်းနေတဲ့ ပညတ်စကားလုံးတစ်လုံးသက်သက်ပဲ။ ဗုဒ္ဓဆိုတာ စက္ကန့်မလပ် အသိသတိတရားနဲ့ နှလုံးသွင်းနေထိုင်သူလည်း ဖြစ်တယ်။ အဲဒီလို ဗုဒ္ဓဆိုတဲ့ စကားလုံးက ရည်ညွှန်းနေတဲ့ သဘော သဘာဝကို နားလည်ထားကြသူတွေနဲ့ ဗုဒ္ဓရဲ့တခြားသဘော သဘာဝကို စိတ်နှလုံးသားရဲ့အနက်ရှိုင်းဆုံးအတွင်းအဇ္ဈတ္တထဲကိုယ့်ဘာသာ ပြန်လည်ရှာဖွေတွေ့ရှိထားသူတွေကတော့ မင်းကို ဘာမှ အန္တရာယ်ပေးကြမှာ မဟုတ်ဘူး။ တကယ်တော့ ဗုဒ္ဓဘာသာဝင်လို့ ကိုယ့်ကိုယ်ကိုယ် ခံယူထားပြီး ခေတ်ဟောင်းဗုဒ္ဓဟောခဲ့တဲ့တရားဓမ္မတွေကို စိတ်နှလုံးမသွင်းတဲ့သူမှန်သမျှဟာ ဗုဒ္ဓစကားလုံးစွဲလမ်းမှု ရောဂါဖြစ်နေတဲ့ အမည်ခံဘာသာရေးသမားသက်သက်တွေပဲ။ အဲဒီလို တရားဓမ္မနှလုံးသွင်းမှုမလုပ်ကြတဲ့အတွက်ကြောင့် သူတို့ကို ဗုဒ္ဓဘာသာ သာသနာရဲ့ပြင်ပက လူတွေလို့တောင် ပြောလို့ ရနိုင်တယ်။တကယ်တမ်း ဗုဒ္ဓဘာသာသာသနာရေးရဲ့ဂုဏ်သိက္ခာနဲ့ တန်ဖိုးတွေကို ထိခိုက်ပျက်စီး
ညှိုးနွမ်းအောင် ပြုမူပြောဆိုတုံ့ပြန်နေကြတာ သူတို့ကိုယ်တိုင်ပဲ။ဗုဒ္ဓဘာသာသာသနာဆိုတဲ့ စကားလုံးရဲ့အဓိပ္ပာယ်က ခေတ်ဟောင်းဗုဒ္ဓဟောပြောခဲ့တဲ့ စကားတွေ သူ့ရဲ့အယူအဆတွေ သူ့ရဲ့အဆုံးအမတွေလို့ အနက်ထွက်တယ်ဆိုတာကိုလည်း သူတို့ မသိကြဘူး။ သူတို့ သိတာက ငါတို့ ကိုးကွယ်ယုံကြည်တဲ့ ဗုဒ္ဓဆိုတဲ့စကားလုံးကို လာမထိနဲ့ မီးပွင့်သွားမယ်။ ငါတို့ ဘာသာသာသနာကို လာမထိခိုက်မစော်ကားနဲ့ မီးဟုန်းဟုန်းတောက်သွားစေရမယ်ဆိုတဲ့ သဒ္ဓါယုံကြည်မှု အစွန်းရောက် စိတ်တွေပဲ။ တကယ်ဆို ခေတ်ဟောင်းဗုဒ္ဓရဲ့တရားဓမ္မတွေ အဆုံးအမတွေကို တခြားဘယ်ဘာသာဝင် တခြား ဘယ်လိုပုဂ္ဂိုလ်မျိုးကမှ ထိခိုက်နစ်နာညှိုးနွမ်းအောင် ထိခိုက်စော်ကားလို့ မရနိုင်ဘူးဆိုတာလည်း သူတို့ မသိကြဘူး။ မင်း အသေအချာ စဉ်းစားကြည့် ကောင်လေး။ တခြားဘာသာဝင်နဲ့ တခြားပုဂ္ဂိုလ် ဘယ်သူတစ်ဦးတစ်ယောက်ကမှ ခေတ်ဟောင်းဗုဒ္ဓဟောပြောခဲ့တဲ့ တရားဓမ္မတွေ အဆုံးအမစကားတွေကို ထိခိုက်နာကျင်ညှိုးနွမ်းအောင် လုပ်လို့ မရနိုင်ပါဘူး။ ငါ ဆိုလိုတာက ဘာသာ သာသနာတစ်ခုကို ထိခိုက်စော်ကားမှု ညှိုးနွမ်းပျက်စီးစေမှုဆိုတဲ့ စကားအသုံးအနှုန်းတွေကိုယ်တိုင်ကိုက ဘာ အဓိပ္ပာယ် အနှစ်သာရမှ မရှိတဲ့ အသုံးအနှုန်းတွေ ဖြစ်နေတယ်ဆိုတာပဲ။ တကယ်တော့ ပြင်ပပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့ ဘာသာရေး ဒသနဆိုင်ရာ ဝေဖန်သုံးသပ်ပြောဆိုမှုတွေဟာ နဂိုမူလဘာသာသာသနာကို လုံးဝမထိခိုက်မနစ်နာစေဘဲ အမည်ခံဘာသာရေးသမားတွေရဲ့ ခိုင်မာမှုမရှိတဲ့ စိတ်ကိုသာ ထိခိုက်နာကျင်သွားစေတာ ဖြစ်တယ်။
#ဗုဒ္ဓရှာဖွေသူ- အိုခေ ခင်ဗျားပြောတာ ကျွန်တော်နားလည်ပါတယ်။ ဒါပေမဲ့ ကျွန်တော်က ခင်ဗျားပြောတဲ့ ဗုဒ္ဓမျိုးမဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် ဗုဒ္ဓလို့ ပြောမယ်ဆိုရင် အဲဒီ အမည်ခံဘာသာရေးသမားတွေ ဘာသာရေး အစွန်းရောက်တွေက ကျွန်တော့်ကို ခေတ်သစ်ဗုဒ္ဓအယူအဆတွေ တင်သွင်းလာတဲ့ နဂိုမူလ ဗုဒ္ဓဘာသာရေးကို အချိုးပျက်ယွင်းအောင် လုပ်ဖို့ကြိုးစားနေတဲ့ ခေတ်သစ်ဓမ္မန္တရာယ်လို့
တံဆိပ်ကပ် စွပ်စွဲကြမှာ သေချာနေတယ်။ အဲဒီလို အဖြစ်အပျက်နဲ့ ပြသနာမျိုးတွေလည်း ရှေ့မှာ နမူနာ ဖြစ်ပျက်ခဲ့ဖူးတယ်လေ။
#ခေတ်သစ်ဗုဒ္ဓ- ဒသနရှုထောင့်ကကြည့်ရင် ဒါ အတော်ဆိုးဝါးတဲ့ ကိစ္စပဲ။ ဘာသာရေးခေါင်းဆောင်တွေက သူတို့လက်ခံကိုင်စွဲထားတဲ့ အယူအဆတွေကိုသာ အမှန်တရားလို့ တရားသေဆုပ်ကိုင်စွဲလမ်းထားကြတာ များတယ်။ တခြား ကွဲပြားခြားနားနေတဲ့ အယူအဆ အသိအမြင်ရှိသူတွေကို မိစ္ဆာဒိဋ္ဌိလို့ သမိုင်းအဆက်ဆက် စွပ်စွဲပြောဆိုခဲ့ကြတယ်။ ဒါ နူးညံ့သိမ်မွေ့တဲ့ သိမှုဆိုင်ရာ မတော်မတရားပြုကျင့်မှုပုံစံတစ်မျိုးပဲ။ အဲဒီလို ကိုယ်သာအမှန် တခြားသူအမှား အယူအဆက ဘာသာရေးခေါင်းဆောင်တွေရဲ့ ပုံသွင်းပို့ချမှုကြောင့် စဉ်းစားဆင်ခြင်ဥာဏ်ကင်းမဲ့တဲ့ အမည်ခံဘာသာရေးသမားတွေရဲ့အသိဥာဏ်စနစ်ထဲ အခိုင်အမာ အမြစ်တွယ် ပျံ့နှံ့ပြီး သူတို့ရဲ့ တွေးတောဆင်ခြင်ပုံတွေကိုပါ လွှမ်းမိုးချယ်လှယ်နေတယ်။
#ဗုဒ္ဓရှာဖွေသူ- ခင်ဗျားဆိုလိုတဲ့ ခေတ်သစ်ဗုဒ္ဓရဲ့သဘောက ဘာလဲ။
#ခေတ်သစ်ဗုဒ္ဓ- ဒီနေ့လို ခေတ်သစ်ကမ္ဘာကြီးထဲမှာ ပညတ်သင်္ကေတ ဘာသာစကားအဆောက်အအုံထဲက စကားလုံးတစ်လုံးရဲ့အဓိပ္ပာယ်နဲ့ ဆိုလိုရင်းတွေက အဲဒီစကားလုံးကို သုံးစွဲသူရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေအပေါ် မူတည်နေတယ်ဆိုတာ မင်းလည်း သိမှာပါ ကောင်လေး။ စကားလုံးတစ်လုံးရဲ့အနက်အဓိပ္ပာယ်ဟာ ခေတ်ကာလအချိန်တွေ ပြောင်းလဲရွေ့လျားသွားတာနဲ့အမျှ အနက်အဓိပ္ပာယ်အသစ်တွေ ထပ်ဆင့်ထွက်ပေါ်လာနိုင်တဲ့ သဘောမျိုးလည်း ရှိတယ်။ ငါဆိုလိုတဲ့ ခေတ်သစ်ဗုဒ္ဓဆိုတာက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်က စတင် ပြောဆိုသုံးစွဲခဲ့တဲ့ ခေတ်ဟောင်းဗုဒ္ဓစကားလုံးရဲ့အနက်အဓိပ္ပာယ်မျိုး မဟုတ်ဘူး။ ဗုဒ္ဓဘာသာရေးနယ်ပယ်ထဲက လူများစု သိမြင်ထားတဲ့ သဗ္ဗညုတဥာဏ်ရပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုသွားတယ်ဆိုတဲ့ ဗုဒ္ဓမျိုး မဟုတ်ဘူး။ ငါဆိုလိုတဲ့ ခေတ်သစ်ဗုဒ္ဓ စကားလုံးက အနက်အဓိပ္ပာယ်အသစ်တွေနဲ့။
#ဗုဒ္ဓရှာဖွေသူ- ခင်ဗျားပြောတဲ့ ခေတ်သစ်ဗုဒ္ဓဖြစ်ဖို့ ဘယ်လို အသိဥာဏ်အဆင့်အတန်းနဲ့ စိတ်အခြေအနေမျိုးတွေ လိုအပ်မလဲ။
#ခေတ်သစ်ဗုဒ္ဓ- ခေတ်သစ်ဗုဒ္ဓဖြစ်ဖို့ လူတစ်ယောက်ဟာ ပညတ်အစွဲအလမ်းတွေ ကင်းစင်နေရမယ်။ သစ္စာ၎ပါးတွေ လောကသုံးပါးတွေကို ထိုးထွင်းသိမြင်ဖို့ မဆိုလိုဘူးနော်။ ဒါပေမဲ့ ကိုယ့်အတွင်းအဇ္ဈတ္တရဲ့အနက်ရှိုင်းဆုံးမှာ ဘာရှိနေလဲဆိုတာတော့ ပြန်လည်ထိုးထွင်းသိမြင်နိုင်ရမယ်။ ကိုယ့်အဇ္ဈတ္တရဲ့ အကောင်းအဆိုး သဘောသဘာဝမှန်သမျှကို အပေါ်ယံမဟုတ်ဘဲ နက်နက်ရှိုင်းရှိုင်း သိမြင်နားလည်ပြီး မကောင်းမှုလို့ ကိုယ့်အတွင်းက သတ်မှတ်ယူဆမိတာမှန်သမျှ ကိုယ့်အသိစိတ်နဲ့ကိုယ် ဆင်ခြင်ရှောင်ကြဉ်နိုင်တဲ့ အသိဥာဏ်မျိုး ရှိရမယ်။ ပြင်ပကမ္ဘာက သင်ကြားပို့ချထားတဲ့ ယဉ်ကျေးမှုနဲ့ ရှေးရိုးစွဲ ထုံးတမ်းစဉ်လာတွေ လူမှုကျင့်ဝတ်တွေ ဘာသာရေးစည်းမျဉ်းစည်းကမ်းတွေကို အဆင်ခြင်မဲ့ မျက်လုံးစုံမှိတ် လိုက်နာတာမျိုးမဟုတ်ဘဲ လူတစ်ယောက်ရဲ့အတွင်းအဇ္ဈတ္တထဲက ထွက်လာတဲ့ ကိုယ်ပိုင်အတွင်းတန်ဖိုးတွေကို ကိုယ်တိုင်စောင့်စည်းလိုက်နာတတ်တဲ့ စိတ်နေစရိုက်သဘာဝမျိုး ရှိဖို့တော့ လိုအပ်တယ်။
#ဗုဒ္ဓရှာဖွေသူ- ခင်ဗျားအယူအဆက မဆိုးပါဘူး။ ခေတ်ဟောင်းဗုဒ္ဓရဲ့အယူအဆတွေလို သာမန်ပုထုဇဉ်လူသားတွေရဲ့ စိတ်နေစရိုက်သဘာဝ ဗီဇစိတ်အမူအကျင့်တွေနဲ့ အရမ်းကွာဟမနေဘူး။ သာမန်ပုထုဇဉ်လူသားတွေ လက်လှမ်းမီနိုင်တဲ့ အသိဥာဏ်အခြေအနေမျိုးပဲ။
#ခေတ်သစ်ဗုဒ္ဓ- လူတစ်ယောက်မှာ အမှားအမှန် အကြောင်းအကျိုး အကောင်းအဆိုး ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ အသိတရားနဲ့အပြိုင် ဥာဏ်ပညာနဲ့ယှဉ်တဲ့ သတိတရား အမြဲရှိနေရင် ကိုယ့် အတွင်းအဇ္ဈတ္တထဲက ခေတ်သစ်ဗုဒ္ဓကို ပြန်လည်တွေ့မြင်နိုင်တယ်။ ကိုယ့် အဇ္ဈတ္တထဲက ခေတ်သစ်ဗုဒ္ဓကို ပြန်ရှာတွေ့ပြီဆိုရင် ဒါမှမဟုတ် ကိုယ့်အဇ္ဈတ္တထဲမှာ ခေတ်သစ်ဗုဒ္ဓရဲ့သဘာဝလက္ခဏာတွေ ရောက်ရှိနေအောင် နှလုံးသွင်းနိုင်ပြီဆိုရင် တခြားဘယ်လို လူပုဂ္ဂိုလ်ကိုမှ ပုဂ္ဂိုလ်ရေးကိုးကွယ်ဆည်းကပ်မှု လုပ်စရာမလိုတော့ဘူး။ အဲဒီလူဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှုအပြည့်နဲ့ ကိုးကွယ်ရာအဖြစ် ပြန်လည်ကြည်ညိုဆည်းကပ်နိုင်ပြီ။ အဲဒီလို လူတိုင်း ဘယ်သူမဆို ခေတ်သစ်ဗုဒ္ဓဖြစ်နိုင်တယ်။ မင်းလည်း ခေတ်သစ်ဗုဒ္ဓဖြစ်နိုင်တယ်။
#ဗုဒ္ဓရှာဖွေသူ- ဝိုးးးးးပျော်ရွှင်ကျေနပ်စရာပဲ။ လူ့အဖြစ်မှာ ကိုယ့်ကိုယ်ကိုယ် ခေတ်သစ်ဗုဒ္ဓအဖြစ် ကိုးကွယ်ဆည်းကပ်နိုင်မယ့် အဖြစ်က ဘယ်လောက် ပျော်ရွှင်ကျေနပ်စရာကောင်းလိုက်သလဲ။ ကျွန်တော် ခင်ဗျားကို ရှာဖွေတွေ့ရှိခဲ့တာ တကယ့်ကို ပျော်ရွှင်ကျေနပ်မိပါတယ်။ ကျေးဇူးပါ။ ကျွန်တော် ခင်ဗျားကို ကျေးဇူးတင်ပါတယ်။
#ခေတ်သစ်ဗုဒ္ဓ- ကျေးဇူးတင်ဖို့ မလိုပါဘူး ကောင်လေး။ မင်းရဲ့အတွင်းအဇ္ဈတ္တထဲမှာ ငါ ရှိနေမှာပါ။ ဒါပေမဲ့ ဒီ အတွင်းအဇ္ဈတ္တထဲကနေ ပြန်မထွက်ခင် အရေးအကြီးဆုံးတစ်ခု မင်း မှတ်သွားဖို့က ဒီနေရာမှာ ငါ အမြဲရှိနေမှာ မဟုတ်ဘူး ဆိုတာပဲ။ ခေတ်သစ်ဗုဒ္ဓအခြေအနေကို နှလုံးသွင်းနိုင်တဲ့ အသိဥာဏ်နဲ့ စိတ်နေစရိုက်သဘာဝ မရှိတော့တဲ့ အခိုက်အတန့်တိုင်းမှာ ငါ မင်းရဲ့အဇ္ဈတ္တထဲကနေ ပြန်လည် ပျောက်ဆုံးနေလိမ့်မယ်။
(၅ )
ဗုဒ္ဓရှာဖွေသူ လူသားဟာ ခေတ်သစ်ဗုဒ္ဓနဲ့ စကားစမြည်ပြောဆိုပြီးတဲ့နောက် သူ့ အတွင်းအဇ္ဈတ္တထဲကနေ ပြင်ပလက်တွေ့ကမ္ဘာဆီ ပြန်ထွက်လာခဲ့တယ်။
ပြင်ပလက်တွေ့ကမ္ဘာထဲ ပြန်ရောက်တော့ လူမှုဝန်းကျင်က လူသားတွေကို သူ အကဲခတ် စူးစမ်းကြည့်လိုက်တယ်။
လူသားကမ္ဘာထဲက လူအများစုရဲ့နဖူးပြင်မှာ ဘာသာရေးတစ်ခုခုရဲ့အမှတ်အသားသင်္ကေတတွေ အထင်အရှားနဲ့။
သူတို့ရဲ့ နှုတ်ဖျားကနေ ဘာသာရေးက သင်ကြားပို့ချပေးထားတဲ့ တရားဓမ္မ စကားလုံးတွေကို နှုတ်တိုက်ရွတ်ဆိုလို့။
သူတို့ရဲ့ အသိဥာဏ်စနစ်ထဲမှာ ဘာသာရေးနဲ့ဆိုင်တဲ့ အယူအဆတွေ ပညတ်စကားလုံးတွေ ပြည့်သိပ်ကျပ်ညပ်လို့။
သူတို့ရဲ့စိတ်နှလုံးသားထဲမှာတော့ တရားဓမ္မရဲ့ အရိပ်အရောင်မျှ မမြင်ရ။
သူတို့ရဲ့ စိတ်နှလုံးသားတွေဟာ ဟာလာဟင်းလင်းဖြစ်လို့။
#အောင်ရင်ငြိမ်း
၃၁ ဧပြီ ၂၀၁၅
Comments
Post a Comment