ကောင်းကင်အဖုံးဖွင့်မယ့်လက်များများ
______________________________
ငြိမ်းချမ်းရေးကို သတိမရကြဘူးလား
ငြိမ်းချမ်းရေးရှိတယ်ဆိုတာ မယုံကြည်တော့ဘူးလား
လာပါ လာကြပါ
ငါတို့အားလုံးရဲ့အား
ငါတို့အားလုံးရဲ့ ယုံကြည်တဲ့ အနာဂတ်လမ်းဟာ
အခု ပစ္စုန်ပ္ပန် တည့်တည့်ကြီးမှာ
မေ့လျော့လို့မရတဲ့ အရာထဲမှာ
ငြိမ်းချမ်းရေးဟာ နံပါတ် ၁ ပါလေ။
တကယ့်ကို သတိရတယ်ဆိုရင်
လာခဲ့စမ်းပါ
အိမ်းဝေးငှက်တွေရေ
လောကကို ရိုက်ခွဲဖို့
လက်ချင်းချိတ်
လှမ်းခဲ့ကြစမ်းပါ
အိပ်တန်းပျောက်ငှက်တို့ရေ
ဒုက္ခကို ရိုက်ခွဲဖို့
လက်ချင်ချိတ်
ပညတ်တွေကို ကြောက်စရာမလိုပါဘူး ဟေ့
ငါတို့ဟာ သိန်းစွန်ငှက်တွေ။
ငရဲဆိုတာ အာဏာရှင်တွေလို့
အဓိပ္ပါယ် အတိအကျဖွင့်မယ်ဟေ့
ဧရာဝတီ သူတို့လက်ထဲမှာ
ချင်းတွင်း သူတို့လက်ထဲမှာ
ဥပဒေ သူတို့လက်ထဲမှာ
မင်းမဲ့စရိုက်တွေ သူတို့လက်ထဲမှာ
လိမ်ဆင်ဉာဏ်ရောင်စုံတွေသူတို့လက်ထဲမှာ
သူတို့လက်ထဲမှာ အောက်ဆီဂျင်ပြတ်လပ်နေ့တဲ့
ရေနည်းငါးတွေ ရှိနေတာ။
ငါတို့လက်ထဲမှာဘာတွေရှိသလဲ
ဆိုမယ် ရဲရဲနီ ဆိုကြမယ်
အသံပြိုင်းပြိုင်းကျသည်အထိ ဆက်ဆိုမယ်
မေတ္တာတရားတွေရှိတယ်ဆိုတဲ့အကြောင်း
အနိုင်ကျင့်မခံချင်တဲ့စိတ်တွေရှိတယ်ဆိုတဲ့အကြောင်း
ငြိမ်းချမ်းရေးကို မက်မောတဲ့
ခံစားချက်တွေ ရှိတယ်ဆိုတဲ့အကြောင်း
လူ့အဖွဲ့အစည်းထဲ
မိသားစုတိုင်းသာယာပျော်ရွှင်စေဖို့
အာသီသတွေရှိတယ်ဆိုတဲ့အကြောင်း
တန်းတူ ညီမျှခြင်းစိတ်တွေရှိတယ်ဆိုတဲ့အကြောင်း
ငရဲတွင်းထဲကနေ ငါတို့တွေ ဒီလို ရှိနေတယ်ဆိုတဲ့အကြောင်း
အော်ဟစ်သီဆိုနေတဲ့ မမေ့မလျော့အကြောင်းတွေ။
လွတ်မချလိုက်နဲ့ တွဲလက်တွေ
ဘယ်နှစ်ခါ လွတ်ကျ လွတ်ကျ လွတ်မချလိုက်ကြနဲ့
တရားသဖြင့်စကားတွေ ပျော်ရွှင်ဖို့
နံနက်ခင်းတွေပျော်ရွှင်ဖို့
ညအိပ်ယာဝင်ပျော်ရွှင်ဖို့
ကျီးလန့်စာစားဘဝတွေပျော်ရွှင်စေဖို့
၂၀၁၅ပြဇာတ်ဟာ နာရေးကြော်ငြာမဖြစ်စေဖို့
ဆုံးရှုံးထားတဲ့မျိုးဆက်တွေတမလွန်မှာပျော်ရွှင်ဖို့
ကွပ်မြက်ခံကျောင်းသားတွေပျော်ရွှင်ဖို့
ဒီမိုကရေစီ ရမှ ဆွမ်းသွပ်ခိုင်းခဲ့သူပျော်ရွှင်ဖို့
တံတာဖြူကို အဖြူရောင်ပြန်ခြယ်ဖို့
မီးလျံကြားမှာ ငါတို့လက်တွေခိုင်ခိုင်တွဲကြဖို့
အရေးတကာထက် ဝမ်းရေးထက် လွမ်းရေးထက် အရာရာထက်ပိုအရေးပေးဖို့
ကျွံကျနေတဲ့ညနေခင်းတွေ အတွက်
တိတ်တဆိတ်လည်စင်းပေးခဲ့ရတဲ့အာဇာနည်တွေအတွက်
ယုံကြည်မှုဆိုတဲ့ငါတို့စိတ်ထဲက
ကျဆုံးနေဆဲလမ်းကလေးကို ပြန်ခင်းကြပါစို့။
လင်းဆက်ပိုင်(ပျဉ်းမနား)
12.5.2015
Comments
Post a Comment