ညီမ​လေးသို့

ညီမလေးသို့......
_______________

ယနေ့ည မှ စ၍ သာယာအေးချမ်းပါစေ ညီမလေး။
အပူဆိုတာ ကိုယ့်ရဲ့ ကိုယ်တွင်းထဲမှာ ခိုအောင်းတက်တာမို့
စိတ်တွေကို သန့်စင်ပါ ညီမလေး။

အိပ်ပြန်ချိန်လား ငါ့မှာမရှိဘူး ညီမလေးရာ

လောကဟင်းလင်းပြင်ဟာ ကိုယ်ရဲ့

မက်မောဖွယ် ပျော်ရွှင်မှု့ပေါ့။

ညီမလေးရေ ငါက အရူးတစ်ယောက်တဲ့လား
ဘယ်သူထက်ပိုပြီးထူးနေလဲကွာ။

စိတ်ရဲ့ ပြတ်ရွေ့ကြောထဲမှာ ညီမလေးရှိတယ်
စိတ်ရဲ့ ပိတ်ထားတဲ့ ပြူတင်ပေါက်မှာ ညီမလေး ရှိတယ်။

ကိုယ့်ရဲ့ အရာအားလုံးထဲမှာ ညီမလေးရှိနေတော့တာ
ခက်အောင်လွမ်းစရာကွယ့်။

မီးခိုးငွေ့ကြားမှာ ညီမလေးလာပြုံးပြ
ငါ ဆေးလိပ်ကို ရဲရဲနီ ဖွာရှိုက်ခဲ့
နှလုံးသားမှာ မှိုင်စွဲစေခဲ့ပြီလေ။

ညီမလေးရေ လွမ်းရဲတာကိုက သတ္တိရှိခြင်းပဲမို့လား

ရဲရင့်ခြင်းတွေကို အလွှာခြားထားတဲ့အခါ

ငိုအားထက် ရယ်အားသန် သာ ဖြစ်စေခဲ့တယ်။

ကိုယ့်ရဲ့ လိုအပ်ခြင်းဟာ ညီမလေးပါ

ညီမလေးရဲ့ ဥက္ခောကိုလည်း ချစ်မိတာပါပဲ။

ကိုယ့်ရဲ့မေတ္တာမှာ အဖွင့် အပိတ် မပါဘူး ညီမလေး။
အချစ်ချင်းတူရင်
တစ်မူးပိုရှူပါရစေ ညီမလေး။

ချစ်သူဖြစ်တာနဲ့ ထာဝရပိုင်ခွင့်ရမယ်ဆိုတဲ့
ဘောင်သွင်းခံအသိဉာဏ်တွေ
ကိုယ်ဘယ်တော့မှမတွေးဘူး ညီမလေး
အချစ်ဟာ လက်ထပ်ခြင်းဆိုတဲ့အယူအဆ
သိပ်ကို အမြင်ကျဉ်းလွန်းပါတယ် ။

ကိုယ်အတွက်တော့
ဘဝမှာ ဘာမှမလိုအပ်တော့ဘူး

ညီမလေးရဲ့ ရှင်သန်ခြင်းတွေ
ပြီးပြည့်စုံတယ်ဆိုရင်......

အောင်မြင်ခြင်း
ကျဆုံးခြင်း
အရာအားလုံးဟာ
ဗလာနယ်ထဲမှာပါ ညီမလေး။

ကိုယ် ကြိုးစားနေ ဆဲပါ ညီမလေး
အိမ်ရှေ့ ရေမြောင်းထဲက လ ကို ဆယ်ယူဖို့လေ
ကိုယ်ပဲ ပုပ်စော်နံသွားပြီး
လမင်းကို ဆယ်မရခဲ့ဘူး
အစွဲတစ်ခု ရူးသွပ်စွာပေါ့ ။

သေအောင်လွမ်းတယ်ဆိုတာ
ကိုယ် ညာတာပါ ညီမလေး
အခု ရှင်သန်နေတုန်းလေ။

အဖော်မဲ့ ဆိုတာ လွတ်လပ်ခြင်းပေလား
အထီးကျန်ခြင်းလား
တကယ်ဆို ဒီအတွေးထဲ လမ်းမလျှောက်သင့်ဘူးမို့လား ညီမလေးရာ။

အိပ်မက်တယ် စိတ်ကူးယဉ်ဖို့ သက်သက်ပါပဲ

ပုံသဏ္ဍာန်မဲ့ ခြောက်လန့်ခြင်းတွေပေါ့ ညီမလေးရာ။

ဘာပဲပြောပြော ဘာပဲရေးရေး ဒါဟာ
ကိုယ့်ရဲ့
ကမ္ဘာကြီးကို ငြီးငွေ့မှု့တွေ ပါ
ညီမလေးရေ။

လင်းဆက်ပိုင်
22.2015
......................
ညီမ​လေးသို့ .၂.

လ္ဖက်ရည်တစ်ခွက် ဖက်ကြမ်းဆေးပေါ့လိပ်ရယ်
ညီမလေးကို သတိရတဲ့ အတွေးရယ်
နောက်
သွယ်​တန်းမိတဲ့ အာသီသ
ညီမလေးကျန်းမာရွှင်လန်းရဲ့လား
ဒါလိုအပ်​ခြင်းရဲ့ ဖွဲ့သီမှု့အတွင်းသား
ကိုယ့်ရဲ့ နံနက်ခင်း တေးသံသာပါပဲ ။

၁၂၃၄...
တိုက်ဆိုင်တဲ့ဂဏန်းလေးဆို မှတ်မှတ်ရရ သတိရတက်တယ်မို့လား ညီမလေး
ဒီလိုပါပဲ
ရင်ဘတ်ခြင်းတိုက်ဆိုင်ခဲ့တဲ့    ၁၈ရက်ကို သိရနေတုန်းလေ။

အလွမ်းလေပြည်တွေနဲ့ မဆုံးနိုင်တဲ့ နံနက်ဖြန်တွေမှာ
ပျော်ရွှင်ကြောင်း ကိုယ့်ရဲ့ သိမှု့တွေကို ညာမိတယ် ညီမ​လေး။

ကိုယ့်ရဲ့ နေ့စဉ်သုံး အသံတွေထဲမှာ
ညီမလေးကို ချစ်တဲ့အကြောင်း
လွမ်းနေရတဲ့အကြောင်း
ငိုသံပါအောင် ပျော်နေပြီ ။

ညီမလေးရေ
အရမ်းပျော်ဖို့ကောင်းတယ်ဆိုတာ
ဘာကိုပြောတာလိမ့်
အိပ်မက်ထဲမှာ ဆွေးနွေးဖို့
ဒီည အိပ်ဆေးသောက်လိုက်မယ်။

လင်းဆက်ပိုင်
25.4.2015
............................
ညီမ​လေး....၃

ညီမ​လေး​ရေ
မနာကျင်​ဘူး မဆာ​လောင်​ဘူး
မ​သေဆုံးဘူး......
ပန်း​တွေပွင့်​တယ်
ကြယ်​​တွေပွင့်​တယ်​ အိပ်​မက်​​တွေပွင့်​တယ်
စိတ်​နဲ့မျှားလို့မရ​တော့တဲ့ စပျစ်​သီ​လေး
ပိုချိုတယ်

ချစ်ခြင်းကို ဝတ်ဆင်ဖို့
ဘာတံဆိပ်ကပ်စရာ ဘာလိုသလဲ ညီမလေး
စကားလုံးအရွေ့တိုင်း
ဘာသာစကားတွေ သစ်လွင်သွားပြီလား
ဆင်ရဲခြင်းဟာ ကိုယ်လုံးတည်း နဲ့
မေတ္တာတရားဟာ
ဘယ်တော့မှ ကြေကွဲရိပ်မသန်းစေဘူးကွယ့်

အချစ်ဆိုတာ အတည်အကျ အဓိပ္ပါယ် မရှိတဲ့
အရမ်းကျယ်ပြန့်တဲ့ စကားလုံးအဆောက်အအုံဖြစ်ပြီး
အရမ်းကျစ်လစ်တဲ့ သင်္ကေတ
စိတ်အာရုံကို အလုပ် အရှုပ်ဆုံး နိမိတ်ပုံပဲလေ။

ညီမလေးရင်ဘတ်ထဲက
သေတ္တာလေးကိုဖွင့်လိုက်ရင်
ချစ်ခြင်းရနံ့သင်းတဲ့ ဘာသာဗေဒတွေ
ခြင်္သေ့တစ်ကောင်ခုန်ထွက်လာမလား
ရင်တုန်ပန်းတုန်း ဒီအတွေးနဲ့ မူးရစ်ရီဝေတယ်။

လင်းဆက်ပိုင်
26.4.2015


Comments