တံခါးနဲ့နံရံကြားက အကွာအဝေး
_____________________________
ဒီပြူတင်းပေါက်ကနေ ငါအော်ခေါ်ကြည့်တယ်
သူမရဲ့လက်အစုံနွေးထွေးတာသတိရရင်း
နေ့ရက်တွေလက်ဆတ်စေဖို့
နာရီကို ဓာတ်ခဲအသစ်လဲခဲ့တာ
စက္ကန့်တံပေါ်ကသူမရဲ့ လက်ဗွေရာလေးတွေ အထင်းသားနေရာယူထားတုန်းပဲ
ဒါဟာပဲ ငါ့ကို သွေးပူ သွေဆူးစေခဲ့ပြီး
ပြူတင်ပေါက်ဟာမှောင်နေရတာပဲပေါ့
ဒီလို ကာလတလျှောက်လုံးငါ့အရိပ်တွေဟာ အလင်းကို ကွေ့ပတ်ရှောင်ရင်း အားငယ်မှုတွေနဲ့ အမှောင်တွင်းထဲမှာ
ငါ့အမှန်တရားဟာ သိမ်ငယ်
စသဖြင့် စသည်ဖြင့် ငါ့ရဲ့ ဝါကျတွေ သဒ္ဒါကျနစွာ ဗြောင်းဆန်နေတော့တာ
ဒါဟာ သာယာခြင်းတိမ်ကောသွားတဲ့
ကိုယ်တို့ရဲ့ ယဉ်ကျေးမှုလား
ညစ်ထေပေရေနေတဲ့ စိတ်တွေနဲ့
ဘယ်လို ရနံ့တွေ ထကြွအုံထလာလေဦးမလဲ
ချစ်ခြင်းဟာ မသေချာမှုရဲ့
ကော်ဖီခွက်ပေါ်မှာ နားခိုချင်တဲ့နှင်းဆီပွင့်
သဏ္ဍာန်ချောကလက်စလေးလို
အချစ်ဆိုတဲ့ စကားလုံးရဲ့တွေးမှုမှာ
ငါဟာပျောက်ဆုံးခြင်းတွေနဲ့
ရွက်ဝါတွေ ခြောက်ခြားစွာလေထဲမှာလွင့်နေတဲ့ဂီတသံလို
ကိုယ်အတွေးဟာ ကမ္ဘာမှာ ဖူးပွင့်ဖို့
လောင်ကျွမ်းမှုတွေ သူမ ရိုက်သွင်းခဲ့ပြီး
တနေ့မှာ ရာသီဥတု သာယာစွာ အမှန်တရားဆိုက်ရောက်လာမယ်
ဆိုပြီး
စိတ်အလှတရားဟာ နှုတ်ဖျားကစကားနဲ့
ပြောင်းပြန် ကန့်လန့်ကျစွာ အချိုးညီနေခဲ့
သူမ ဘာသာစကားခပ်မြင့်မြင့်မှာ
ငါ့ တီးတိုးစကားတွေ ကျရှုံးပြီး
လမင်းကိုငေးမောရင်း ဆူပွတ်ခဲ့တဲ့
ငါ့ရဲ့ငြိမ်းချမ်းခြင်းဟာ သူ့မစနစ်ရဲ့သားကောင် ဒါဟာ ဘဝရဲ့အဓိပ္ပါယ် ပျော်ရွှင်မှုလို့ ကြိုးကွင်းစွပ်ခဲ့တဲ့
ငါမြင်နေရတဲ့ ပြူတင်းပေါက်က စကားလုံးတွေ
ခပ်တည်တည် ငါကြည့်ခဲ့တဲ့ပြဇာတ်တွေလို
ဓားအိမ်ထဲကကိုယ့်ရဲ့ဓားဟာ ရယ်မော
အသက်ရှူသံကို တအိအိအမွှန်းခံရင်း
နတ်ဆိုးအရဲ့ အမြီးကို ငါ တက်နင်းခဲ့တဲ့ ငါ့ရဲ့ နေဝင်ဆည်းဆားတစ်ခုပေါ့။
လင်းဆက်ပိုင်
10.5.2018
Comments
Post a Comment