အဖေ့စကားများနဲ့ကျွန်တော်
အဖေ မူးပြီး ဆုံးမတဲ့ စကားလေးပဲ တန်ဖိုးထားမိတယ်
ဒီအသက်အရွယ်တဲ့အထိပဲ
ငါ့သားတဲ့ လူလို့ကျင့်ကြံပါတဲ့
ငါ့သား လူလိုတွေးပါတဲ့
တိရစ္ဆာန်ထက်သာတာ လူရဲ့ ကျင့်ကြံနေထိုင်ပုံပဲတဲ့
ပြောပြီး အေးဆေး အရက်ဆက်သောက်တော့တာပဲ
ခပ်လေးလေး အဝေးကို ငေးရီးတယ်
ပြီးမှ သက်ပြင်းခိုးချသံ သဲ့သဲ့နဲ့ စကားဆက်တယ်
ဆေးလိပ်သောက်လို့ရတယ်
အရက်သောက်လို့ရတယ်တဲ့
ပြောပြီး ဆေးလိပ်ဖွားတယ် အရက်တငုံ ငုံတယ်
ဒီမယ်ငါ့သားတဲ့
သူ့တပါးရဲ့ ကိုယ်ကျင့်တရားကို မသောက်နဲ့တဲ့
သူတပါးသိက္ခာကို မသောက်နဲ့တဲ့
အရက်သောက်တာ သွေးပဲဆိုးတက်တာတဲ့
သူတပါးရဲ့ သိက္ခာတွေ ကိုယ်ကျင့်တရားတွေသောက်ရင်တဲ့
မင်းဘဝကြီး ဆိုးနေလိမ့်မယ် ငါ့သားတဲ့
လောကရဲ့ အပယ်ခံဖြစ်တက်တယ် ဆိုပြီး
လက်ကျန်ခွက်ကိုမော့ပြီး အိပ်ယာဝင်သွားတယ်
ဒါဟာ ကျွန်တော့်ရဲ့ ငယ်စဉ်က ညတိုင်းနားထောင်ရတဲ့ ဓာတ်ပြားတစ်ချပ်ပါပဲ။
လင်းဆက်ဝေ(ပျဉ်းမနား)
21.6.2015
တနင်္ဂနွေ
11:38am
Comments
Post a Comment