ငါ့တွေးခေါ်မှုဟာ ငါ့စိတ္တဇပဋိပက္ခပဲ
________________________________
တစ်ယောက်တနေရာစီရောက်သည်အထိ ငါတို့တွေ နီးခဲ့ကြပြီးပြီပဲ
ဘာမှဆက်ဖြစ်နိုင်စရာလည်းမလိုတော့ဘူးပေါ့
ငါ့သံသယဟာ ငါ့ပဋိပက္ခပဲဖြစ်လိမ့်မယ်
ချုပ်နှောင်မှုမေတ္တာတရားတွေ မသန့်စင်နိုင်သ၍....
ချစ်ခြင်းမေတ္တာရဲ့အဝေးမှာ ငါတို့ရှုံးနိမ့်ရမှာပဲ
စိတ်ရဲ့ ပခုံးပေါ်က ထမ်းပိုးထားသောဒဏ်ရာများ
ဤပုံသဏ္ဍာန်စိတ္တဇနာမ်များရဲ့လေးပင်မှု
အိပ်ရေးမဝသေးတဲ့ပစ္စုပ္ပန် မျက်ကွင်းညိုညို
နံနက်ဖြန်ကို တူးဆွဖို့ အားယူနေသောသွေးခြေဥလက်တစ်စုံ
ဘုရားသွားတယ် ငရဲသွားတယ် ဝတ်ပြုတယ်
ဆုတောင်ဖို့တော့ တမင်မေ့တယ်
ငါ့ကိုယ်ငါပစ်ချလိုက်ပြီဆိုရင်ပေါ်လာတက်တဲ့
ပဲ့တင်ထပ်သံတိုးတိုးလေး
ဒီတောအုပ်ရဲ့အလွန်မှာရှိနေ
သူ့ရဲ့နွေးထွေးတည်ငြိမ်တဲ့ လက်အစုံကိုမနှစ်မျိုဘူး
သူမလက်အစုံဟာ ငါ့စိတ်ထဲမှာ သားသတ်သမားရဲ့ရနံ့မျိုး ငါ့စိတ်အာရုံမှာ မှောက်မှားမှုငါကိုယ်တိုင်ကျူးလွန်းနေမိတာလား
ဆက်သွယ်မှုပြတ်တောက်နေတဲ့ကြားကာလမှာ
ခြားနားတဲ့ ပုံပြင်တွေဟာ ပြန်စေ့စပ်နှီးနွယ်ဖို့ လုံလောက်ရဲ့လား
မနက်ဖြန်ဟာ မသေချာတော့ဘူးဆိုတဲ့စိတ်နဲ့ ငါအိပ်စက်ခဲ့တဲ့လွမ်းမောမှုတွေ
တကယ်တမ်းတော့ စိတ်ကူးယဉ်ခဲ့သမျှဟာ
လက်တွေ့မှာ သူစိမ်းဆန်မှုနဲ့သာ ငါကျေနပ်နှစ်သိမ့်ခဲ့ရတယ်
တကယ်ဆို မျက်နှာချင်းဆိုင်တွေ့ပြီး
ငါတို့ရဲ့အသဲနှလုံးကို ဓားကိုယ်စီနဲ့ထိုးပြီး
ချစ်ခြင်းမေတ္တာရဲ့လေးမြတ်မှုကို
ဂုဏ်မပြုသင့်ဘူးလား။
လင်းဆက်ပိုင်(ပျဉ်းမနား)
13.6.2015
စနေ
3:58pm
Comments
Post a Comment