ကိုယ့်ဥယျဉ်ဟာလောဂျစ်တွေပွင့်တယ်
_____________________________
ကိုယ့်ရဲ့မျက်နှာဟာ လစ်တမတ်စက္ကူလို တိမ်းတွေလို
အရောင်မပြောင်းတက်ဘူး
ကိုယ့်စကားလုံးတိုင်းဟာ အချစ်အလွမ်းထဲကရုန်းမထွက်နိုင်တော့
ထိကရုန်းလေးလိုတဖွဲဖွဲညှိုးနွမ်းတယ်
တိမ်သီချင်းတွေဟာ နားထောင်သူကို ရွှဲရွှဲစိုစေတယ်
အိပ်မက်လို တကယ်လို သေဆုံးခြင်းလို မြူးကြွခြင်းလိုလိုပုံပမာသဏ္ဍာန်တိုင်း အတည်ငြိမ်ဆုံးအပြုံး/အနမ်းတွေ နှုတ်ခမ်းပေါ်မှနှလုံးအိမ်အထိသွေးမစွန်းချင်းစေဘူး.....
ခံစားမှုရဲ့ချိန်းကြိုးလေးတွေ ခဏခဏပြတ် ယာယီရပ်ဆိုင်းခြင်းနဲ့
ခရီးဟာမတွင်တော့ဘူး
တိမ်တွေကို ဖမ်းဆီးတက်တဲ့ သူမ မျက်ဝန်းထဲ
ကိုယ်ဟာတစက်ချင်း တစက်ချင်း ရွာချနေရတဲ့ရာသီတွေနဲ့
ကိုယ်တို့အဟာရတွေစိုပြည်စိမ်းလန်းနေရတယ်
လော့မချထားတဲ့ဒိုင်ယာရီထဲ လာဗန်ဒါပန်းတွေမရှိခဲ့
အဝါသမ်းတဲ့လိမ္မော်ရောင်တွေ အစီအရီ
စိုးထိတ် အားငယ်မှုတွေမရှိပေမယ့်
မှုန်ရီဝေဝါးသောမျှော်လင့်ချက်လေး တစ်စုံတလေ
တိုးတိုးလေးငြီးတွားသံတို့ လှိုင်းတိုမီတာတွေလှုပ်ခတ်ပြီး
တစ်စ တစ်စချင်းလန့်နေရ.....
ကိုယ့်ရဲ့ ကြင်ကြင်နာနာရန်လိုမှုတွေ ကဗျာတွေထဲထည့်ခဲ့တယ်
ဒါဟာဈေးကြီးသလိုဟန်လုပ်ရင်း
ဒါဟာရူးပေါသလိုလိုလုပ်ရင်း
ခပ်ပြင်းပြင်း ဖြစ်ဖြစ်ခပ်ပျော့ပျော့ဖြစ်ဖြစ် အမှန်တရားပေါ် ကိုယ့်ရဲ့ငြီးငွေ့မှုသာဖြစ်လိမ့်မယ်
ဒီလိုနဲ့ပဲ ကိုယ် ဖျားတယ် နာတယ်
သတိရစိတ်နဲ့
ရဲဆေးတွေတလိပ်ပြီးတလိပ်သောက်တယ်
မကောင်းဘူး အဓိပ္ပါယ်တွေမကောင်းတော့ဘူး အတွင်းလှိုက်လှိုင်သံတွေရော ပါးစပ်ကအသံထွက်တွေပါခါးလာတယ်
ကိုယ်တွေ တဆစ်ဆစ်ပူတယ်
အလွမ်းတွေလောင်တယ်
သူမအပြုံးရဲ့အလင်းနဲ့ဖန်ဆင်းကြည့်တယ်
ကိုယ့်ဘာသာစကားတွေဖယောင်လို အရည်ပျော်တယ်
ကိုယ့်ဒဏ်ရာတွေဟာ ကောင်းကင်ဘုံကိုမယုံကြည်တော့ဘူး
ကိုယ်တို့ရဲ့စာပေးစာယူကိစ္စဟာဂျီဟာဒ်လား
မြင့်မြတ်ခြင်းရဲ့အဓိပ္ပါယ်တို့ အိုမင်းသွားပေါ့
ဘာမှန်မသိသောအမှန်တရားများ
နောက်ဆုံးတီးလုံးကြိုးစင်တင်ဖို့
တူဖော်ခြင်းတွေလိုအပ်သလား
တွဲလက်တွေ လမ်းချော်ခဲ့ရင် ဝမ်းနည်းခြင်းတွေ သင်ယူရဦးတော့မယ်။
လင်းဆက်ဝေ(ပျဉ်းမနား)
17.7.2015
Comments
Post a Comment