#အမှတ်စဉ်၂၈ပုဒ်မြောက်ကဗျာဆောင်းပါး
#ကဗျာနွေဦးတော်လှန်ရေး_ခေတ်ပြိုင်ကဗျာနိဒါန်း (လွန်းဆက်နိုးမြတ်)
နှစ်သစ်တစ်နှစ် ကူးပြောင်းလာပြန်ပြီပေါ့။ ကျန်ခဲ့တဲ့ တစ်နှစ်တာ ကာလအတွင်းမှာ
ကဗျာရေစီးကြောင်း အပြောင်းအလဲတွေကို များစွာ ကြုံလာ ရပြန်ပြီပေါ့။
ဘယ်ပုံဘယ်နည်း ပြောင်းလဲမှုတွေ ကြုံလာရသလဲ ဆန်းစစ် ကြည့်မိရပြန်ပြီပေါ့။
ကုန်လွန်ခဲ့တဲ့ နှစ်ကာလများမှာ ကဗျာ ရွက်ဟောင်းတွေ ကြွေပြီးနောက်
ရောက်လာမယ့် နှစ်သစ်တွေမှာ ကဗျာရွက်သစ်တွေ ဝေပြန်ပြီပေါ့။ ဝေရ ဦးမှာပေါ့။
မနှစ်က ကုန်လွန်ခဲ့တဲ့ မဂ္ဂဇင်း စာမျက်နှာများ ပေါ်မှာ ထုံးစံအတိုင်း ပင်မရေစီး
ခေတ်ပေါ် ကဗျာတွေကိုပဲ အတွေ့ များခဲ့ပါတယ်။ နိုင်ငံရေး အပြောင်းအလဲ
ပေါ်မူတည်ပြီး ခေတ်ပေါ်ကဗျာဟာ ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းဆန့်ကျင်ရေးလို
ယုံကြည်ချက် အကျဉ်းသား လွတ်မြောက် ရေးလို ၀ါဒရေးရာ ဦးစားပေးမှုတွေ အောက်မှာ
အရောင်ပိုမှိန် သွားခဲ့ရတယ်။ အခြေအနေ အချိန်အခါအရ ဒေါ်အောင်ဆန်းစုကြည်လို
ကိုမင်းကို နိုင်လို ပြည်သူချစ် နိုင်ငံရေးသမားတွေ ကိုယ်တိုင် ကဗျာတွေ ရေးသားပြီး
ပြည်သူကို အမျိုးသားရေး စိတ်ဓာတ် အရှိန် မြှင့်တင် ပေးတာကို တွေ့ခဲ့ ရတယ်။
ဒီလို ပြည်သူချစ် နိုင်ငံရေး သမားတွေ အနေနဲ့ ၀ါဒရေးရာ ကဗျာတွေ ရေးတာဟာ
လုပ်သင့် လုပ်ထိုက်တဲ့ ကိစ္စ။ ကြိုဆိုရမယ့် ကိစ္စ။ အားပေးရမယ်။
ကဗျာလောက အတွက်လည်း ဂုဏ်ယူရမှာ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီနိုင်ငံရေး သမားတွေလိုလည်း နိုင်ငံရေးကို ဟုတ်ဟုတ် ငြားငြားလုပ်ခဲ့တာမျိုးမရှိ၊ ကဗျာဆိုင်ရာဖန်တီးမှုမှာလည်း ထွန်းထွန်း ပေါက်ပေါက် မဟုတ်တဲ့ လူအတော် များများဟာ
ဝါဒရေးရာကဗျာတွေ နင်းကန်ရေးပြီး မဂ္ဂဇင်း စာမျက်နှာတွေကို ဖြုန်းတီး ပစ်ခဲ့ကြပါတယ်။ ၀ါဒရေးရာ ကဗျာတွေကို ရေးသားတဲ့ ကဗျာဆရာ/မတွေထဲမှာ
စစ်မှန်တဲ့ ယုံကြည်ချက်နဲ့ ရေးသားသူတွေ ရှိသလို မဂ္ဂဇင်း စာမျက်နှာပေါ်မှာ ပါရဖို့အတွက် အဓိကထား ရေးသူတွေလည်း ရှိနေတယ်။
ခေတ်ပေါ်ကဗျာမှာ နေရာမရခဲ့တဲ့ သူတစ်ချို့ဟာ ၀ါဒရေးရာ ကဗျာတွေမှာတော့
ဟုတ်လှပြီ အထင်နဲ့ လှိမ့် ရေးကြပါတော့တယ်။ ဒါပေမယ့်လည်း ကဗျာဆိုင်ရာ
အရည်အသွေးလည်း မပြည့်မှီ၊ အမျိုးသားရေး စိတ်ဓာတ်လည်း မနိုးကြားတဲ့
ကဗျာတွေပဲ ဖြစ်လာ ပါတော့တယ်။ မဂ္ဂဇင်းတချို့ကလည်း ၀ါဒရေးရာ ကဗျာတွေကို
အမျိုးသားရေးလှုပ်ရှားမှု လှိုင်းတစ်ခုလို သဘောထားပြီး စိစစ်မှုမရှိဘဲ ဗုန်းပေါလအော
ဖော်ပြ ပေးနေတာကြောင့်လည်း ပါပါတယ်။ လက်ရှိ နိုင်ငံရေး ဂယက်တွေကြောင့်
ဝါဒရေးရာ ကဗျာတွေ အားကောင်း လာတာဟာ ဖြစ်သင့် ဖြစ်ထိုက်တာ မှန်ပေမယ့်
အနုပညာဟာ နိုင်ငံရေး လက်အောက်ခံ မဟုတ်ကြောင်းကိုတော့ ကွဲပြားစေလိုပါတယ်။
ဝါဒရေးရာ ဦးစားပေး မဟုတ်တဲ့ အခြား မဂ္ဂဇင်း စာမျက်နှာ တွေပေါ်က ကဗျာတွေဖက်
ဦးလှည့် လိုက်ပြန် တော့လည်း ဆိုခဲ့ပြီးသလို အများစုဟာ ပင်မရေစီးခေတ်ပေါ် ကဗျာတွေပဲ ဖြစ်နေပြန်ပါတယ်။ ပြောရရင် ဒီကာလတွေမှာ ဖတ်ရှုခဲ့ရတဲ့
ကဗျာတွေဟာ တစ်ဖက်မှာ ၀ါဒရေးရာဇောင်းပေးထားတဲ့ ကဗျာတွေ၊
နောက်တစ်ဖက် ကျတော့ နှစ်၄၀ ကျော်ကြာ တွေ့မြင်ပြီး ဖြစ်တဲ့
ပင်မရေစီး ခေတ်ပေါ် ကဗျာတွေ ဆိုပြီး အကြမ်းဖျဉ်း နှစ်မျိုး တွေ့ရတယ်
လို့တောင် ပြောရမလိုပါပဲ။ ဒီအထဲမှာမှ ရှားရှားပါးပါး မဂ္ဂဇင်း စာမျက်နှာပေါ်
ရောက်ရှိလာပြီး ခေတ်ပြိုင် ကဗျာ ဖြစ်နေတဲ့ ကဗျာ တစ်ချို့ ဖတ်ရှုခွင့်ရခဲ့ပေမယ့်
အချိုးအစား အရတော့ အလွန်ပဲ နည်းပါး နေသေးပါတယ်။
ဒါပေမယ့် ခေတ်ပြိုင် ကဗျာ(ဟန်) အတွေ့များတဲ့ အွန်လိုင်းပေါ်က
ကဗျာတွေကတော့ အရှိန်အဟုန် ပြင်းပြင်း လွတ်လွတ်လပ်လပ်
စီးမျောနေခဲ့တာဟာ ကဗျာ လောကသား တွေ အတွက် ကံကောင်း
ထောက်မမှု တစ်ခုလို့ ဆိုချင် ဆိုနိုင်ပါတယ်။အွန်လိုင်း ကဗျာလို့ ဆိုရာမှာ
အင်တာနက် မီဒီယာရဲ့ လွတ်လပ်ခွင့်ကို အပြည့်အ၀ အသုံးချပြီး
ဖန်တီး ရေးဖွဲ့ ထုတ်လုပ်ထားတဲ့ အစဉ်အလာနဲ့ ခေတ်ပေါ် ရေးဟန်ကနေ
ခွဲထွက်လာတဲ့ ဘယ်ကဗျာ အမျိုးအစား မဆို အကျုံးဝင်ပါတယ်။
တစ်နည်းအားဖြင့် ဒီကဗျာ တွေကို ခေတ်ပြိုင် ကဗျာတွေ လို့လည်း
ခေါ်ဆိုနိုင်မယ် ထင်ပါတယ်။
(အွန်လိုင်းပေါ်မှာ ရေးမှ ခေတ်ပြိုင်ကဗျာ ဖြစ်တာမျိုးကို ဆိုလိုခြင်း မဟုတ်ပါ။
အွန်လိုင်းပေါ်မှာ ရေးနေတဲ့ အစဉ်အလာ၊ ခေတ်ပေါ် ကဗျာတွေကို ခေတ်ပြိုင်ဟု မသတ်မှတ်ပါ။ အစဉ်အလာ၊ ခေတ်ပေါ် ရေးဟန်များနဲ့ ကွဲပြားတဲ့ ခေတ်ပြိုင်ကဗျာ အရေးအသားတွေ အားကောင်း ဖြစ်ထွန်းနေတဲ့ အွန်လိုင်း မီဒီယာကို
ယေဘုယျ ဥပမာ ပေး တင်ပြခြင်း မျှသာ ဖြစ်ပါတယ်။)
ဒီနေရာမှာ ခေတ်ပြိုင် ကဗျာရဲ့ အဓိပ္ပါယ်နဲ့ ပတ်သက် ပြီး ပြောစရာ ရှိလာပါတယ်။
တကယ်တော့ Contemporary Poetry ရဲ့ အဓိပ္ပါယ်ဟာ ခေတ်ပြိုင် ကဗျာဆိုတဲ့
အသုံးအနှုန်းနဲ့တောင် မလုံလောက်နိုင်ပါ။ ခေတ်ပြိုင် ကဗျာဆိုတဲ့ စကားစုထက်လည်း
အများကြီး ကျယ်ဝန်း နက်ရှိုင်းပါတယ်။ ဖမ်းဆုပ်ရလည်း အင်မတန် ခက်ခဲပြီး တရားသေ ပြောဖို့ရန် မလွယ်ကူလှပါ။ ဒါပေမယ့်လည်း ဒီဆောင်းပါး မှာတော့
ခေတ်ပြိုင် ကဗျာကို ဂန္တ၀င်၊ ခေတ်စမ်း၊ စာပေ သစ်၊ မိုးဝေ၊ ခေတ်ပေါ်စတဲ့
ခေတ်အဆက်ဆက် ကဗျာဗေဒများနဲ့ အလုံးစုံ ခြားနားတဲ့ မတူညီတဲ့
အခြား မည့်သည့် ကဗျာဗေဒကို မဆို ခေတ်ပြိုင်လို့ သတ်မှတ်တယ် ဆိုတဲ့
အမြင်နဲ့ ချဉ်းကပ်မှာ ဖြစ်ပါတယ်။ ဒီအမြင်ကို ဆရာသစ္စာနီရဲ့
“မျက်မှောက်ခေတ် မြန်မာကဗျာ ရေစီးသစ်”၊ “ကျွန်တော့်ကို မထင်မှတ်ဘဲ
ရှော့ခ် ဖြစ်သွား စေသော” (စရဏ၊ နိုဝင်ဘာ၊၂၀၁၁)နဲ့ ဆရာ ဇေယျာလင်းရဲ့ “ခေတ်ပြိုင်ကဗျာရဲ့ ပုံသဏ္ဍာန် ” (ကဗျာ ဘ၀ရှာတော်ပုံ)၊“`ကဗျာဆိုတာဘာ …´ နဲ့
ဆက်လက် စဉ်းစားစရာများ”(K0NT3MP03TRY)နဲ့ အခြား ကဗျာ ဗေဒတွေကနေ
အခြေပြု ဆောက်တည် ယူပါတယ်။ စိတ်ကူးချိုချိုက ထုတ်တဲ့ ဆရာငြိဏ်းဝေရဲ့ ကွန်ဆက်ချူရယ် ကဗျာဗေဒနဲ့ ခေတ်ပြိုင် ကဗျာဆရာ စာအုပ်ငယ်လေး မှာလည်း
ခေတ်ပြိုင်ကဗျာဗေဒ အကြောင်းကို အတော် ကျယ်ကျယ်ပြန့်ပြန့် ရေးသားထားတာ
တွေ့နိုင်ပါတယ်။
( ဒီဆောင်းပါး လက်စ သတ်နေစဉ် အတွင်းမှာပဲ အသစ်စက်စက်
ထွက်ရှိလာတဲ့ ဆရာ ဇေယျာလင်းရဲ့
“ဖြစ်နိုင်ချေရှိသော ခေတ်ပြိုင် မြန်မာကဗျာ အလားအလာများ”စာအုပ်မှာလည်း
ခေတ်ပြိုင် ကဗျာဗေဒ အကြောင်းကို တစ်ဝကြီး လေ့လာ နိုင်ပါသေးတယ်)
ခေတ်ပြိုင်နဲ့ ခေတ်ပေါ်ကို မကွဲပြားဘဲ အဓိပ္ပါယ် အတူတူ လို့ သတ်မှတ်ထား
ကြတဲ့ ကဗျာရေးသူ တချို့လည်း ရှိပါတယ်။
ခေတ်ပေါ် ကဗျာတွေ အားကောင်း နေစဉ်ကတည်းက ရေပန်းစားတဲ့
ခေတ်ပေါ် အာရုံ ခံစားမှုကို တချို့က ခေတ်ပြိုင် အာရုံခံစားမှုနဲ့ အဓိပ္ပါယ်တူတယ်လို့
ယူဆ ကြရာကနေ နားလည်မှု စလွဲတယ်လို့ မြင်ပါတယ်။
အမှန်တော့ ဒီကိစ္စကို ဆရာသစ္စာနီက ၁၉၉၅၊ အောက်တိုဘာလ၊ ရနံ့သစ် မဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ “မော်ဒန်ရှင်းတမ်း” ဆောင်းပါးမှာ ကတည်းက
ခွဲခြားပြပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ခေတ်ပေါ် အာရုံခံစားမှုနဲ့
ပတ်သက်ပြီး ဆရာဇေယျာလင်း ကလည်း “ခေတ်ပေါ် အာရုံခံစားမှု”
(ကဗျာဘ၀ ရှာတော်ပုံ)နဲ့ ကဗျာနဲ့ နိုင်ငံရေး (၂၀၁၂၊ ဖေဖော်ဝါရီ၊ လှိုင်းသစ်)
တို့မှာ ဆန်းစစ်ထားတာ တွေ ရှိပါတယ်။
ခေတ်ပြိုင် မြန်မာကဗျာ ဖြစ်ထွန်း ပေါ်ပေါက်လာပုံကို ဆက်လက် ဆွေးနွေး ကြည့်လိုပါတယ်။ နှစ်ကာလ သက်တမ်း ရှည်ကြာနေတဲ့ ခေတ်ပေါ် ကဗျာရဲ့
အရေးအဖွဲ့တွေ အပေါ် အီအိုင်လာ/မေးခွန်း ထုတ်လာတဲ့ ကဗျာရေးသူ တချို့ဟာ
ခေတ်ပေါ် ကဗျာအစား အခြားကဗျာတွေကို လွတ်လပ်စွာ စမ်းသပ်ရေးသား
လာကြတာ အားလုံး အသိပဲ ဖြစ်မှာပါ။
ခေတ်ပြိုင် ကဗျာနိဒါန်း စတင်ပြီလို့ ဆိုကြပါစို့။
၂၁ရာစု မြန်မာခေတ်ပြိုင် ကဗျာလောကဟာ အထင်ကရ ခေတ်ပေါ်ကဗျာဆရာ မောင်ချောနွယ် ကွယ်လွန်ခြင်းနဲ့ စခဲ့ပါတယ်။
အထက်ပါ စာကြောင်းဟာ ကဗျာဆရာ မိုးဝေးရဲ့ သူပဲအကြမ်း သူပဲအချော ကဗျာစာအုပ်မှာ ပါရှိတဲ့ ဆရာ ဇေယျာလင်းရဲ့ အမှာစာ ဖွင့်ဖွင့်ချင်း စာကြောင်းဖြစ်ပါတယ်။ ဒါဟာ မြန်မာပြည်ရဲ့ ခေတ်ပြိုင် ကဗျာလောကစတင်ခြင်း တရားဝင်မှတ်တမ်းများ ဖြစ်မလားမသိပါ။ မဟုတ်ရင်လည်း တရားမ၀င်တဲ့
တရားဝင်မှတ်တမ်း အနေနဲ့ရော သတ်မှတ်နိုင်မလား မသိပါ။
အဆိုပါ စာကြောင်းအရ ခေတ်ပေါ်ကဗျာဆရာ မောင်ချောနွယ်
ကွယ်လွန်ခြင်းနဲ့ စခဲ့တယ် ဆိုတော့ မောင်ချောနွယ် ကွယ်လွန်ခဲ့တဲ့
၂၀၀၂ခုနှစ်ကနေ ခေတ်ပြိုင်ကဗျာဟာ စတင်တယ်လို့
ဆရာဇေယျာလင်းက သတ်မှတ်လိုပုံပါတယ်။ ဒီအဆိုကြောင့် ဂန္တ၀င်၊
ခေတ်စမ်း၊ စာပေသစ်၊ မိုးဝေ(၀ါ) အစဉ်အလာနဲ့ ခေတ်ပေါ် ရေးဟန်ကနေ
ခွဲထွက် လာတဲ့ ခေတ်ပြိုင် ကဗျာ အရေးအသားတွေဟာ
မြန်မာကဗျာလောကထဲကို ခေတ်ပေါ် ကဗျာဆရာမောင်ချောနွယ် ကွယ်လွန်တဲ့ ၂၀၀၂ခုနှစ်မှာ ရောက်ရှိနေပြီလား ဆိုတာကို ပြန်ဆန်းစစ် ကြည့်မိပြန်ပါတယ်။
၂၀၀၂ခုနှစ်နဲ့ မရှေး မနှောင်း ၂၀၀၄-၅ခုနှစ်တွေမှာ
အစပြုခဲ့တဲ့ (ဒီ့ထက်လည်း စောနိုင် ပါသေးတယ်) ဆရာဇေယျာလင်း ဦးဆောင်တဲ့
LP ဆိုင်ရာ ကဗျာဗေဒ လှုပ်ရှားမှုတွေနဲ့ ဆရာငြိဏ်းဝေရဲ့
Conceptual ကဗျာအရေးအသား တွေကို ကြည့်မယ်ဆိုရင်
ခေတ်ပြိုင် ကဗျာဟာ ခေတ်ပေါ် ကဗျာဆရာ မောင်ချောနွယ် ကွယ်လွန်ခြင်းနဲ့ စတင်ခဲ့တယ်လို့ ဆိုရမှာပါပဲ။ ဆိုနိုင် တာပါပဲ။
LP ကဗျာဗေဒဟာ အစဉ်အလာနဲ့ ခေတ်ပေါ် ကဗျာဗေဒ တွေနဲ့ သိသိသာသာ ကွဲပြားခဲ့ပါတယ်။ အလားတူပဲ ဆရာငြိဏ်းဝေ စိုက်လိုက်မတ်တပ် လုပ်ဆောင်နေတဲ့
Conceptual ကဗျာဗေဒ တွေဟာလည်း အစဉ်အလာနဲ့ ခေတ်ပေါ် ကဗျာဗေဒ တွေနဲ့
ခြားနားပါတယ်။ တစ်နည်းအားဖြင့် ဒါတွေဟာ ခေတ်ပြိုင်ကဗျာအရေးအသား တွေပါပဲ။
LP နဲ့ Conceptual ကဗျာဗေဒတွေတင်မကဘဲ အစဉ်အလာနဲ့ ခေတ်ပေါ် ကဗျာဗေဒတွေနဲ့ ကွဲပြားခြားနားတဲ့ မြောက်မြားလှစွာတဲ့ အခြားကဗျာဗေဒတွေ
အခြားကဗျာ အရေးအသားတွေ ကိုလည်း ခေတ်ပြိုင် လို့ ယူဆရမှာ ဖြစ်ပါတယ်။
Experimental Poetry၊ LANGUAGE Poetry ၊ Post LANGUAGE Poetry၊ Conceptual Poetry၊ Flarf Poetry၊ Cyber Poetry၊ Visual Poetry၊
Talk Poetry၊ Hybrid Poetry၊ Identity Poetry၊
Anti-Poetry၊ Digital Poetry စသဖြင့် အစဉ် အလာနဲ့ ခေတ်ပေါ် ကဗျာဗေဒတွေနဲ့ သိသာ ကွဲလွဲနေတဲ့ ခေတ်ပြိုင် ကဗျာအရေးအသားတွေ အားလုံး အကျုံးဝင်ပါတယ်။
အစပိုင်းမှာတော့ ခေတ်ပြိုင်ကဗျာ ရေးသားသူတွေဟာ တစ်ယောက်စ
နှစ်ယောက်စ မျှလောက်ပါပဲ။ နောက်တော့ တစ်ဖွဲ့စ နှစ်ဖွဲ့စ ဖြစ်လာတယ်။
အွန်လိုင်းမီဒီယာကို အသုံးချ သွားနိုင်တဲ့ နောက်ပိုင်းမှာကျတော့
ခေတ်ပြိုင်ကဗျာ ရေးသားသူတွေဟာ အုံနဲ့ကျင်းနဲ့ ထွက်ပေါ် လာကြပါတယ်။
ဘ၀င်မကျ ဖြစ်မယ်ဆိုရင် ဖြစ်စရာ ကောင်းတာတစ်ခုက အွန်လိုင်းပေါ်မှာ
ခေတ်ပြိုင်ကဗျာတွေ အားကောင်း နေပေမယ့် မဂ္ဂဇင်းစာမျက်နှာပေါ်မှာကျတော့
ခေတ်ပြိုင် ကဗျာဟာ အင်မတန်အားနည်း နေသေးတဲ့ ကိစ္စပါပဲ။
၁၉၇၀ကနေ စတင် ရေတွက် ကြည့်မယ်ဆိုရင် နှစ် ၄၀ကျော်သက်တမ်းနဲ့
ရပ်တည်ခဲ့တဲ့ ပင်မရေစီးခေတ်ပေါ်ကဗျာဟာ ဂုဏ်ယူတတ်မယ်ဆိုရင် ဂုဏ်တောင်ယူရဦးမှာပါ။ ခေတ်ပေါ်ကဗျာဟာ အဲသလို သက်တမ်းရှည်သလောက်
ခေတ်ပြိုင်ကဗျာကတော့ ခေတ်ပေါ်ရဲ့ သုံးပုံတစ်ပုံလောက်တောင်
မဂ္ဂဇင်းစာမျက်နှာပေါ်မှာ နေရာမရဖြစ်နေတာ ကို တွေ့ရပါတယ်။
ဘာကြောင့်ပါလဲ။ ဒီလိုမေးလိုက်လို့ ခေတ်ပြိုင်ဟာ ခေတ်ပေါ်ရဲ့ နေရာကို
လုယူတွန်းဖယ်ရန် ရည်ရွယ်ရင်းမဟုတ်ပါ။
တကယ်တမ်း မဂ္ဂဇင်းစာမျက်နှာပေါ် ခေတ်ပြိုင်ကဗျာများ ရောက်ရှိခြင်း မရောက်ရှိခြင်းဟာ အရေးမှ မကြီးတာပဲ။ ခေတ်ပြိုင်ကဗျာကို နေရာမပေးလည်း
ခေတ်ပြိုင်ကဗျာကတော့ သူ့တန်ဖိုးအတိုင်း နေရာတစ်ခုမှာ
ဆက်လက်ရပ်တည်နေမှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း
ခေတ်ပေါ်ကဗျာရဲ့ ကဗျာဖြစ်မှုကို အသိအမှတ် ပြုသလို
ခေတ်ပြိုင်ကဗျာရဲ့ ကဗျာ ဖြစ်မှုကိုလည်း အသိအမှတ် ပြုသင့်တယ်လို့ မြင်မိပါတယ်။
ဒီနေရာမှာ မဂ္ဂဇင်း အယ်ဒီတာတွေရဲ့ အခန်းကဏ္ဍကို မထည့်မဖြစ် ထည့်ပြောလိုပါတယ်။ ခေတ်ပြိုင်ကဗျာတွေဘာကြောင့် မဂ္ဂဇင်းစာမျက်နှာတွေပေါ်
မရောက်ရှိ နိုင်သလဲဆိုတဲ့ အဓိက အကြောင်းရင်း အတော်များများဟာ
အယ်ဒီတာတွေနဲ့ တိုက်ရိုက် သက်ဆိုင်နေတာ ကြောင့်ပါ။
မဂ္ဂဇင်းအယ်ဒီတာ အများစုမှာ ဖြစ်ပေါ်နေတဲ့ ခေတ်ပေါ် ကဗျာ အစွဲအလန်းများ၊
ကဗျာဆိုင်ရာ အကဲဖြတ်နိုင်စွမ်း ချိန်ခွင်လျှာ မညီမျှမှုများ၊ ဆရာသမားအပေါင်းအသင်း
ပုဂ္ဂိုလ်စွဲ မကင်းရှင်းမှုများ၊ ခေတ်ပေါ်ကလွဲလို့ အခြား ကဗျာဗေဒများကို
လွယ်လင့်တကူ လက်မခံနိုင်မှုများ။ အနုပညာကို နိုင်ငံရေးလက်အောက်ခံ ပြုလိုမှုများ၊
ကဗျာနဲ့ မသက်ဆိုင်တဲ့ အယ်ဒီတာများရဲ့ ဖြတ်ထုံးများ စတဲ့ အချက်တွေက
ခေတ်ပြိုင်ကဗျာကို မဂ္ဂဇင်း စာမျက်နှာပေါ်တက်ဖို့ ခက်ခဲစေခဲ့တယ် ထင်ပါတယ်။
ဒါ့အပြင် ခေတ်ပြိုင် ကဗျာရေးသားသူ များဘက်မှာ တွေ့မြင် နေရတဲ့
အချက်တွေကိုလည်း တစ်ဆက်တည်း တင်ပြလိုပါတယ်။
အဲဒါတွေကတော့ ခေတ်ပြိုင်ကဗျာ ရေးသားနေသူများ ကိုယ်တိုင် မဂ္ဂဇင်းစာမျက်နှာများထက်မှာ ဖော်ပြခံလိုစိတ် မရှိခြင်း၊
ခေတ်ပြိုင် ကဗျာရေးသားသူတချို့ရဲ့ ကဗျာတွေဟာ ခေတ်ပြိုင်ဖြစ်ခြင်းကလွဲရင်
အနုပညာ အားနည်းနေလွန်းသေးခြင်း၊ ကဗျာရေးသက် နုလွန်းနေခြင်း၊
အပျော်တမ်း ဆန်လွန်းနေခြင်းနဲ့ တရားလွန် လွတ်လပ်မှုရှိခြင်း တို့ကြောင့်လို့ မြင်ပါတယ်။ အဲသလိုအချက်တွေကြောင့် ခေတ်ပြိုင်ကဗျာဟာ
မဂ္ဂဇင်းစာမျက်နှာတွေပေါ် အုံနဲ့ကျင်းနဲ့ မရောက်ရှိ နိုင်သေးတာလို့
ယူဆရမှာ ဖြစ်ပြီး နောက်ဆုံး တစ်ချက် အနေနဲ့ကတော့ စာပေ စိစစ်ရေးကြောင့်လို့ ပြောရမှာပါပဲ။
ဘယ် အနုပညာရပ် အမျိုးအစားမဆို ရွေ့လျား ပြောင်းလဲတတ်တဲ့ သဘာဝရှိပါတယ်။
လက်တလော အနေအထားမှာ ခေတ်ပြိုင် ကဗျာအနေနဲ့ မဂ္ဂဇင်း စာမျက်နှာတွေပေါ် အုံကျင်းဖွဲ့ မရောက်နိုင် သေးသော်ငြားလည်း တစ်ချိန်ချိန်မှာတော့
ရောက်လာ နိုင်တော့မယ်လို့ မြင်ပါတယ်။
အဲဒီ့ တစ်ချိန်ချိန် ဆိုတာလည်း သိပ်မကြာတော့ဘူးလို့ သုံးသပ် ချင်ပါတယ်။ အကြောင်းကတော့ ကုန်လွန်ခဲ့တဲ့ တစ်နှစ်တာ အတောအတွင်း နွယ်နီ၊
စံပယ်ဖြူ၊ Idea၊ Beauty၊ Mandalay Icon နဲ့ Look မဂ္ဂဇင်းတွေမှာ
ခေတ်ပြိုင် ကဗျာတစ်ချို့ကို ထည့်သွင်း ဖော်ပြခဲ့တာ တွေ့ရှိရလို့ပဲ ဖြစ်ပါ တယ်။
သိပ်မကြာခင်မှာလည်း ဆရာကောက်နွယ်(ကနောင်)ရဲ့ ရယ်စရာမဂ္ဂဇင်းမှာ ခေတ်ပြိုင်ကဗျာတွေကို တွေ့မြင်ရဖို့ ရှိနေပါတယ်။
ခေတ်ပြိုင်ကဗျာနဲ့ ပတ်သက်ပြီး အဆိုပါ မဂ္ဂဇင်းတွေကို
ထည့်သွင်းချပြလိုက်ရတာဟာ ၀ါဒဖြန့်ချုပ်လုံးသွင်းနေခြင်း မဟုတ်ရပါ။
တစ်နှစ်တာ အတောအတွင်း အစဉ်အလာနဲ့ ခေတ်ပေါ် ကဗျာမဟုတ်တဲ့
အခြားကဗျာတွေကို အဆိုပါ မဂ္ဂဇင်းတွေမှာ ဖတ်ရှုခွင့်ရခဲ့ပြီး ချန်လှပ်မထားအပ်လို့ ကျေးဇူး မှတ်တမ်းတင်လိုက်ခြင်းသာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း အဆိုပါ မဂ္ဂဇင်းတွေမှာတောင်
ခေတ်ပြိုင်ကဗျာရဲ့လမ်းကြောင်းဟာ ပီပြင်မှုရှိဖို့ ရာမှာတော့ လိုအပ်ချက်တွေ
တွေ့မြင် နေရတုန်းပါပဲ။ အဆိုပါမဂ္ဂဇင်းများက ခေတ်ပြိုင်ကဗျာဆိုင်ရာ လှုပ်ရှားမှုတွေအပြင် သီးသန့်ထွက်ရှိထားတဲ့ ကဗျာစာအုပ်များ၊ အွန်လိုင်းကဗျာများအရ ခေတ်ပေါ်ကဗျာမဟုတ်တဲ့ ခေတ်ပြိုင် မြန်မာကဗျာရဲ့ အဖြစ်နိုင်ဆုံး မျိုးဆက်တွေကို ဆက်လက်တင်ပြလိုပါတယ်။ အဖြစ်နိုင်ဆုံးလို့ ပြောရခြင်းကတော့ ဒီလို မျိုးဆက်တွေ ခွဲခြားပြတဲ့နေရာမှာ
ကွဲလွဲနိုင်/ငြင်းပယ်နိုင်တဲ့ နောက်ဆက်တွဲ အကြောင်း တရားတွေကို မြင်နေရလို့ပဲ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဒါဟာ နောက်ဆက်တွဲ နောက်ကိစ္စသာပါပဲ။
တတ်နိုင်သမျှ မေးမြန်း ညှိနှိုင်းပြီး မျိုးဆက်တွေကို ချိတ်ဆက်ပြဖို့ ရည်ရွယ်ရင်း ဖြစ်ပါတယ်။ အတိမ်း အစောင်း အနည်းငယ် မလွဲမသွေ ရှိနိုင်ပေမယ့်
ခေတ်ပြိုင်မြန်မာကဗျာရဲ့ မျိုးဆက်ကို အကြမ်းဖျဉ်းလောက်ဖြစ်ဖြစ် လက်လှမ်း မှီသလောက်ထိစမ်း မှတ်တမ်းပြုလိုတဲ့ သဘောမျှသာပါပဲ။
ခေတ်ပြိုင်ကဗျာပထမ မျိုးဆက်အနေနဲ့ ဇေယျာလင်း၊ ငြိဏ်းဝေ၊ မိုးဝေး၊ ၀င်းမြင့်၊ ခင်အောင်အေး၊ လူဆန်း၊ မောင်ယုပိုင်၊ ငုအိမ် ထက်မြက်၊ သည်မော်နိုင်၊ မောင်ဒေး၊
အောင်ပြည့်စုံနဲ့အခြား ကဗျာဆရာ အနည်းငယ်တွေ့ရပြီး ကာလအပိုင်းအခြားအနေနဲ့
၂၀၀၅ခုနှစ်လောက်ကနေ လက်ရှိ အချိန်ထိဖြစ်ပါတယ်။ ဒီခေတ်ပြိုင်ကဗျာ ပထမမျိုးဆက်ဟာ မြန်မာနိုင်ငံရဲ့ ခေတ်ပြိုင်ကဗျာလောကကို
သြဇာသက်ရောက်စွာ ဦးဆောင်ထား/နေတဲ့ ကဗျာရေးသူ အုပ်စုလည်းဖြစ်သလို မူလခေတ်ပေါ် ကဗျာမှာကတည်းက အရည်အသွေးကိုယ်စီရှိတဲ့
ကဗျာဆရာအုပ်စုလည်း ဖြစ်နေပါတယ်။ ဒီပထမ မျိုးဆက်ထဲက ကဗျာဆရာအများစု
(ငြိဏ်းဝေ၊ သည်မော်နိုင်၊ ငုအိမ် ထက်မြက်နဲ့ အချို့က လွဲရင်) ဟာ ခေတ်ပြိုင်ကဗျာ အစကနဦးကာလမှာ LP ကဗျာဆရာတွေလို့ သတ်မှတ်ခံခဲ့ကြရပြီး
နောက်ပိုင်းမှာတော့ LPကဗျာ ဗဟိုပြုရေးထက် ကဗျာဆိုင်ရာသိမှုသယံဇာတတွေကို
လွတ်လပ်စွာဖော်ထုတ်လာရေးဆီ ဦးတည်လာတာ တွေ့ခဲ့ရပါတယ်။
ဒီမျိုးဆက်ထဲက တချို့ဟာတစ်ကိုယ်တော်ကဗျာစာအုပ်များနဲ့
တွဲဖက်ရေးသားတဲ့ ကဗျာစာအုပ်များကို ထုတ်ဝေခဲ့ကြပါတယ်။ ထူးခြားချက်အနေနဲ့ကတော့ သူတို့ရဲ့ ခေတ်ပြိုင်ကဗျာတွေဟာ
မြန်မာစာပေလောကမှာ ဝေဖန်မှုအများဆုံးခံခဲ့ရပြီး သူတို့ထဲက အများစုရဲ့
ခေတ်ပြိုင်ကဗျာလက်ရာတွေဟာလည်း မဂ္ဂဇင်း စာမျက်နှာများထက်မှာ
ယန့အထိ ဖော်ပြခံရမှုအရှိဆုံး ဖြစ်ခဲ့/ဖြစ်နေဆဲ ဆိုတာပါပဲ။
ခေတ်ပြိုင်ကဗျာ ဒုတိယ မျိုးဆက်ကိုတော့ Group နှစ်ခုခွဲပြီး တင်ပြရမှာပါ။ ဘာဖြစ်လို့လည်းဆိုတော့ ဒုတိယမျိုးဆက်ရဲ့ A Groupမှာ ပါဝင်တဲ့
ကဗျာရေးသူတွေဟာ ပထမမျိုးဆက်နဲ့လည်း ကာလအပိုင်းအခြားအားဖြင့်
နည်းနည်း အလှမ်းကွာနေပြီး B Groupမှာ ပါဝင်လာမယ့်
ကဗျာရေးသူတွေနဲ့လည်း အခိုက်အတန့် အဆက် ပြတ်နေတဲ့
သဘောကိုတွေ့ရှိရလို့ပါပဲ။ ခေတ်ပြိုင်ကဗျာ ဒုတိယမျိုးဆက်
( A Group )မှာ PEMSKOOL .ORG၊ ကမ်းယံ၊ KZကေ၊ လွန်းဆက်နိုးမြတ်၊
မောင်ဖုန်းမြင့်၊ မြေမှုန်လွင်၊ Zephyr၊ တောကျောင်းဆရာ၊ ဆူးခက်မင်း၊
သုဏော် စိုင်း၊ ဏီအဲဝိုင်၊ XY နဲ့အခြားကဗျာဆရာ အနည်းငယ်ပါဝင်ကြပြီး
ကာလအပိုင်း အခြားအားဖြင့် ၂၀၀၈ခုနှစ် အစောပိုင်းကနေ လက်ရှိအချိန်ထိ ဖြစ်ပါတယ်။ ဒီခေတ်ပြိုင်ကဗျာ ဒုတိယမျိုးဆက်
(A Group) ဟာ ခေတ်ပြိုင်ကဗျာ ပထမမျိုးဆက်လောက် မြန်မာစာပေလောကမှာ
ဝေဖန်မှုသိပ်မခံရတော့ပေမယ့် သူတို့ရဲ့အွန်လိုင်း ကဗျာစာပေလှုပ်ရှားမှုတွေ၊ သူတို့ရဲ့တရားဝင်ပုံနှိပ် ထုတ်ဝေခဲ့တဲ့ တစ်ကိုယ်တော် ကဗျာစာအုပ်များနဲ့ စုပေါင်း ကဗျာစာအုပ်တွေကတော့ မြန်မာကဗျာလောကကို အထိုက်အလျောက် လှုပ်ခတ်စေခဲ့ပါတယ်။
ပထမမျိုးဆက်လောက် မဂ္ဂဇင်းစာမျက်နှာများပေါ် မရောက်ရှိခဲ့ပေမယ့် သူတို့ရဲ့ အရေးအသားတွေဟာ ခေတ်ပြိုင်ကဗျာမျိုးဆက်သစ်တွေအတွက်
ပြင်းထန်တဲ့ နှပ်ကြောင်းပေးမှုကိုတော့ ပြုနိုင်ခဲ့တယ်ဆိုရမှာပါပဲ။
ဒုတိယမျိုးဆက် (B Group) နဲ့ နှောင်းမျိုးဆက်တွေရဲ့ ခေတ်ပြိုင်ကဗျာ
တရားလွန်ဖွံ့ဖြိုးမှုကို ကြည့်လိုက်ရင် ဒီအချက်ဟာ အင်မတန်မှကို သိသာထင်ရှားလှပါတယ်။ ဒါဟာ ဒုတိယမျိုးဆက်( A Group) ရဲ့
အရေးကြီးတဲ့ ထူးခြားချက်လို့ မြင်ပါ တယ်။
ခေတ်ပြိုင်ကဗျာ ဒုတိယ မျိုးဆက်ရဲ့ (B Group) မှာတော့ ဟံလင်း၊ ဇာတိ(အန္တိမ)၊ မောင်နေမြဲ၊ မောနွေ၊ ပန်းချီ၊ သကောင့်သား၊
ဖိုးခွား၊ NeLynn၊ ပန်ဒိုရာ၊ မယ်ယွေး၊ ချိုပိန်းနောင်၊ သောတ၊ လောက၊
ညီဇံလှ၊ ရင်ခွင်ရှိန်း၊ အေးချမ်း၊ စိမ်းခက်စိုး၊ ဇာတိ(ဖျာပုံ)၊
သူရဿဝါ၊ ဇောင်းလူ ၊ မောင်ရင်ညိုနဲ့ အခြား ကဗျာဆရာတချို့ကို မြင်ပါတယ်။ ကာလအားဖြင့် ၂၀၁၀ အစောပိုင်း ၀န်းကျင်ကနေ
လက်ရှိအချိန်ထိ ဖြစ်ပါတယ်။ ခေတ်ပြိုင်ကဗျာ ဒုတိယမျိုးဆက်
(B Group)ရဲ့ နောက်ပိုင်းမှာ ခေတ်ပြိုင်ကဗျာရေးသားသူတွေဟာ
အပြတ်အလပ်မရှိတော့ဘဲ တစ်စပ်ဆက်တည်း စီးဆင်းလာတဲ့ သဘောကိုတွေ့ရပါတယ်။
Xanthos၊ လင်းဇင်ယော်၊ တေးခက်၊ ဇက်ကကြိုး၊ မောင်မြတ်သူ၊
နေအေဒီ၊ မွန်းသူအိမ်၊ နေပိုင် စတဲ့ စတဲ့ မရေမတွက်နိုင်တဲ့
ခေတ်ပြိုင်ကဗျာ(ဟန်)ရေးသား သူတွေကို အားရစရာ ကောင်းလောက်အောင်
တွေ့လာရပါတယ်။ အချိန် ကာလအနေနဲ့ ၂၀၁၁-၂၀၁၂ ကနေ လက်ရှိ အချိန်ထိဖြစ်မယ်ထင်ပါတယ်။ သူတို့ထဲက တချို့ရဲ့ ခေတ်ပြိုင်ကဗျာရေးသက်ဟာ
ဒုတိယမျိုးဆက် (A Group)နဲ့ သိပ်မကွာ ခြားပေမယ့်လည်း သိသာထင်ရှားတဲ့ ကဗျာလမ်းကြောင်းပေါ်ကို ရောက်ရှိချိန်အရ ဒုတိယမျိုးဆက် (B Group) ထဲ
ရောက်ရှိသွားတာ ဖြစ်ပါတယ်။ (ဥပမာ-ဇာတိ(အန္တိမ)၊ မောနွေ၊ ပန်းချီ၊ စသဖြင့်…)။
သူတို့ထဲက တချို့ကတော့ ခေတ်ပြိုင်ကဗျာ(ဟန်) ရေးသက် သိပ်မရှိသေးပေမယ့်လည်း
အပြတ်အလပ်မရှိ တစ်စပ်ဆက်တည်း စီးဆင်းလာတဲ့ သဘောအရ ခေတ်ပြိုင်ကဗျာ ဒုတိယမျိုးဆက်(B Group) ထဲ ရောက်ရှိလာသူတွေ ဖြစ်နေပါတယ်။
(ဥပမာ- နေမြဲ၊ ချိုပိန်းနောင်၊ စသဖြင့်…)။ ခေတ်ပြိုင်ကဗျာ ဒုတိယမျိုးဆက်
(B Group) ရဲ့ နောက်ပိုင်း အတော်ကြာမှာ ရေးသားနေတဲ့ ရေးသားလာမယ့်
ခေတ်ပြိုင်ကဗျာ ရေးသားသူတွေကိုတော့ မျိုးဆက်အရ ခွဲခြားပြဖို့ အတော်ရှုပ်ထွေးနိုင်ပါတယ်။
ဒါကြောင့် ခေတ်ပြိုင်ကဗျာ နှောင်းမျိုးဆက်လို့ပဲ အလွယ်တေးထား လိုက်ချင်ပါတယ်။
(ဥပမာ-တေးခက်၊ ဇက်ကကြိုး၊ မောင်မြတ်သူ၊ စသဖြင့်)။ ဒီလိုသိမ်မွေ့ ရှုပ်ထွေးလွန်းတဲ့ အပြိုင်မျိုးဆက်တွေ တရစပ်စုပြုံထွန်းကားလာတာဟာ ခေတ်ပြိုင်ကဗျာ ဒုတိယမျိုးဆက်
(B Group) နဲ့ နှောင်းမျိုးဆက်တွေရဲ့ ထူးခြားချက်အဖြစ် မှတ်ယူရမယ် ထင်ပါတယ်။
သုံးသပ်လိုတာက သူတို့အများစုရဲ့ ခေတ်ပြိုင်ကဗျာ (ဟန်) အရေးအသားတွေဟာ ဖေ့စ်ဘွတ် စာမျက်နှာကိုသာ အဓိကထားနေရတဲ့အတွက်
လုံလောက်တဲ့ အခြေခိုင်မာမှု ရရှိဖို့တော့ လိုအပ်နေသေးတယ်လို့ ယူဆမိတာပါပဲ။
နောက်ဆုံး တင်ပြချင်တာက မဂ္ဂဇင်းစာမျက်နှာများပေါ်မှာ ခေတ်ပေါ်ကဗျာခေါင်းစဉ်
အောက်ကနေ ရေးသားနေပေမယ့်လည်း ခေတ်ပြိုင်ကဗျာဆီ ခြေလှမ်းစနေတဲ့
ကဗျာရေးသူတချို့ရဲ့ အလားအလာ ဖြစ်ပါတယ်။ နာမည်တွေထုတ်နှုတ်ဖော်ပြလိုပေမယ့်လည်း ခေတ်ပြိုင်ကဗျာ ကိစ္စမှာမလိုအပ်ဘဲ
ရှုပ်ထွေးသွား/အငြင်းပွား သွားဖို့ပဲရှိတာကြောင့် မတင်ပြတော့ပါ။
အဲဒီ့အစား ရယ်စရာကောင်းတဲ့ အခေါ်အဝေါ်တစ်ခု တွေးမိပါတယ်။
တံဆိပ်ကပ်ခြင်း မဟုတ်ပါ။ ရယ်စရာလို့ပဲ သဘောထား ပေးစေချင်ပါတယ်။
မော်ဒန်ကဗျာမှာ အစဉ်အလာလည်းမကင်း မော်ဒန်လည်းမဖြစ်တဲ့ကဗျာတွေကို
Semi-Modren သုံးနှုန်းခဲ့ ကြသလို တစ်ဝက်ခေတ်ပြိုင်ဆိုတဲ့ အခေါ်အဝေါ်ကို
သုံးစွဲရမလို ဖြစ်နေပါတယ်။ ခေတ်ပေါ် အစွဲလည်းမကျွတ် ခေတ်ပြိုင်ဆီလည်း မရောက်တဲ့ အရေးအဖွဲ့မျိုးတွေပါ။
ဘိုလိုတော့ Semi -Contemporary ခေါ်ရင် ရနိုင် မလားမသိပါ။
ပြောချင်တာက လက်ရှိမဂ္ဂဇင်းစာမျက်နှာများပေါ်မှာ (အဲသလို ကဗျာတွေ)ကို
အတွေ့ရများလာလို့ပဲ ဖြစ်ပါတယ်။ ဒီကြားထဲ နီယို-မော်ဒန် ကလည်း ရှိနေ သေးပြန်ပါတယ်။
နီယို-မော်ဒန်ဟာ မူလ မော်ဒန်ကဗျာ(၀ါ)ခေတ်ပေါ်ကဗျာရဲ့နောက်ဆက်တွဲလား။ အခြားခေတ်ပြိုင်ကဗျာဗေဒတစ်ခုလားဆိုတာလည်း ငြင်းခုန်စရာ
ဖြစ်လာမယ်လို့ မြင်ပါတယ်။ ပြန်ကောက်ရရင် လက်ရှိမဂ္ဂဇင်းစာမျက်နှာထက်မှာ
ရေးသားနေကြတဲ့ ခေတ်ပေါ်ကဗျာရေးသူတွေအနေနဲ့ ခေတ်ပြိုင်ကို
ဘယ်သူတွေစိတ်ဝင်စားပြီး ဘယ်အချိန်မှာ လုံးလုံးလျားလျား ကူးပြောင်းရေးသားလာကြမလဲဆိုတာ အထူးတလည် စောင့်ကြည့်ရမယ့်
သဘောဖြစ်နေပါတယ်။ သေချာတာက (အဲသလို ကဗျာတွေ) ရေးနေသူတွေဟာ
ခေတ်ပေါ်ကဗျာရဲ့ ရေးသက်အတွေ့အကြုံနဲ့ ပေါင်းစပ်ပြီး ခေတ်ပြိုင်ကဗျာတွေကို
အနှေးနဲ့အမြန် လက်တွေ့ရေးသားနိုင်လာမယ်လို့ ယူဆရပါကြောင်း။
လွန်းဆက်နိုးမြတ်
31.3.12
12:00နာရီ
(ဒီဆောင်းပါးအတွက် လိုအပ်တဲ့ အချက်အလက်တွေကို အပြုသဘော လမ်းညွှန်ပြသပေးကြတဲ့ ကဗျာဆရာဇေယျာလင်း၊
ကဗျာဆရာ ခင်အောင်အေး၊ ကဗျာဆရာ ငြိဏ်းဝေ၊ ကဗျာဆရာ လင်းရမ္မာနဲ့ ကဗျာဆရာ မောနွေတို့ကို ကျေးဇူး မှတ်တမ်း ပြုပါတယ်။
အထူးအားဖြင့် ခေတ်ပြိုင်ကဗျာ ဒုတိယမျိုးဆက်(A Group)နဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို တာဝန်ယူစုဆောင်းပေးတဲ့
ကဗျာဆရာ လင်းရမ္မာကို အထူး အထူး ကျေးဇူးတင်ရပါတယ်။)
(၂၀၁၂၊မတ်၂၁မှာ ကျရောက်တဲ့ ကမ္ဘာ့ကဗျာနေ့ကို ရည်ရွယ်ရေးသားပါတယ်)
Comments
Post a Comment